What is to be done? ဆိုတာ ရဲဘော်လီနင်ရဲ့ ဆောင်းပါးခေါင်းစဉ်ပါပဲ။ ဘာပြီးအောင်လုပ်ကြမလဲပေါ့။ ဒီခေါင်းစဉ်ရဲ့ ရဲဘော်လီနင်ဟာ ဆောင်းပါးတွေအများကြီးရေးခဲ့တယ်။ ရှေ့လျှောက်လုပ်ငန်းစဉ်တွေကို ပြည်သူ့ထံ ချပြခဲ့တယ်။ What is to be done? ဆိုတာ တကယ်အရေးပါတဲ့ အကြောင်းအရာတစ်ခုပဲ။ အနုပဋိလောမရုပ်ဝါဒအရ အရေအတွက်ပြောင်းလဲမှုကနေ အရည်အချင်းကူးပြောင်းမှုဖြစ်တာဟာ စနစ်တကျဖြစ်တာပါ။ ဒါ့ကြောင့် လက်ရှိမှာ လက်ဝဲယိမ်း တစ်သီးပုဂ္ဂလတွေရော၊ အဖွဲ့အစည်းများကပါ စနစ်တကျ အရေအတွက် ကူးပြောင်းဖို့ လိုပါတယ်။ ဒါဆိုရင် လောလောဆယ်အနေနဲ့ ကျွန်တော်တို့ရဲ့ What is to be done? ဟာ ဘာဖြစ်မလဲ။

လက်ဝဲညီညွတ်ရေးဆိုတာကို ကျွန်တော်ခဏခဏ ပြောပါတယ်။ ကျွန်တော်ပါဝင်တဲ့ လက်ဝဲအဖွဲ့အစည်းတိုင်းမှာ လက်ဝဲညီညွတ်ရေးကို အရင်လိုင်းတင်ပေးလေ့ ရှိပါတယ်။ ဘာလို့ လက်ဝဲညီညွတ်ရေးလဲ။

လက်ဝဲအင်အားစုဆိုတာ ဗမာပြည်မှာ လက်တစ်ဆုပ်စာပဲ ရှိတယ်။ ဒီလက်တစ်ဆုပ်စာအားနဲ့ အရွေ့တစ်ခုပေါ်ဖို့ တွန်းနေကြတာဖြစ်တယ်။ ဒီလက်တစ်ဆုပ်စာထဲမှာ Authorian Left ရှိတယ်။ Libran Left ရှိတယ်။ ဒီနှစ်ခုက အချင်းချင်း ချေမှုန်းနေကြတယ်။ ပြီးတဲ့အခါ လက်ဝဲအင်အားစုအတွင်စမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု မတည်ဆောက်နိုင်ကြသေးဘူး။ အဲ့ဒီမှာ အကွဲအပြဲတွေ ဖြစ်ကြတယ်။

၂၀၂၁ ဝန်းကျင်မှာ လက်ဝဲအစုအဖွဲ့တွေ များများစားစား ပေါ်လာကြတယ်ဆိုတာကို သံသယဝင်စရာ မရှိပါဘူး။ ဒါပေမယ့် ဒီအဖွဲ့တွေဟာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းရ စည်းရုံးရေးဘက်မှာ အပြည့်အဝ အားထည့်နိုင်တာမျိုး ခပ်ရှားရှားပဲ။ ပြီးတဲ့အခါ ကိုယ့်အချင်းချင်း ပြန်ပြီးစည်းရုံးမိနေတာများတယ်။ လူထုထဲကို ထိုးဖောက်နိုင်တာ တော်တော်လေး နည်းပါတယ်။ ဘာ်မှာ သိသာသလဲဆိုရင် လက်ဝဲ Page တွေရဲ့ follower မှာ ကြည့်ရင် သိရတယ်။ ကိုယ့်လူအချင်းချင်းပဲ ရှိကြတယ်။ ဒီကာလကြီးမှာတော့ စည်းရုံးရေးဘက်မှာ အင်အားနည်းပြီး စစ်အာဏာရှင်စနစ် အမြစ်တိုင်ချေမှုန်းရေးဘက်မှာ တပ်ပေါင်းစုမူအရ ရှိနေကြရမှာပဲ။ ဒီကာလကြီး လွန်သွားတဲ့အခါမှာ စည်းရုံးအဆောက်အဦးကို သေချာတည်ဆောက်ဖို့ ကောင်းပါတယ်။

ဒီနေရာမှာ လက်ဝဲလေ့လာရေးနဲ့ တင်းပြည့်ကျပ်ပြည့် လက်ဝဲဝါဒီဖြစ်လာရေးအတွက် အားစိုက်ထုတ်ဖို့က လက်ဝဲခံယူထားတဲ့သူတိုင်းရဲ့ တာဝန်ပဲလို့ ပြောရမယ်။ လက်ဝဲဝါဒကို လေ့လာတဲ့အခါမှာ ပထမဆုံး ဝါဒရေးရာအခြေခိုင်အောင် လုပ်ကြရမယ်။ ပြီးရင် လက်တွေ့နဲ့ ပေါင်းစပ်ရမယ်။ (ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်း) အဓိကက ဝါဒရေးရော လက်တွေ့ရောဟာ အညမညသဘောဖြစ်နေရမယ်။ ညီနေရမယ်။ မဟုတ်ရင် အဆင်ပြေမှာမဟုတ်ဘူး။ ပဋိပတ်သာသာနာမှာ သတိပဋ္ဌာန်လေးပါး ရှုမှတ်ဖို့ သက္ကာယဒိဋ္ဌိအရင်ဖြုတ်ရတယ်။ ဒီလိုပဲ လက်တွေ့မှာ အခြေအနေကို ရုပ်ကျကျမြင်တတ်ဖို့ ဝါဒရေးအခြေခံရအောင် လေ့လာဖို့ လိုပါတယ်။

ကျွန်တော်တို့ဟာ ပြန်လည်ပြင်ဆင်ရေးဝါဒ၊ ဆန္ဒစွဲဝါဒနဲ့ တရားသေဝါဒတွေကို ဆန့်ကျင်ကြရမယ်။ ဒါတွေဟာ လက်ဝဲအင်အားစုရဲ့ အဓိကရန်ငါပြတ်ရမယ့် ဝါဒတွေပဲ။ လက်ဝဲအချင်းချင်းကြားမှာ ပဋိပက္ခသဘောဖြစ်ရင် ရန်ငါစည်းအထိ ရောက်မသွားဖို့ အထူးလိုအပ်ပါတယ်။ ဒါမှလည်း လက်ဝဲအသိုင်းအဝိုင်းမှာ အတွင်းတိုက် မတိုက်ကြမှာဖြစ်ပါတယ်။ အထူးသဖြင့် ဝေဖန်ရေးပေးကြတဲ့အခါတွေမှာပေါ့။

အလုပ်တစ်ခုကို လုပ်ကြတဲ့အခါမှာ အလုပ်ဖြစ်ဖို့ လိုပါတယ်။ အလုပ်ဖြစ်ဖို့ဆိုရင်လည်း အလုပ်ဖြစ်မယ့် အခြေအနေတွေ ဖန်တီးဖို့ လိုပါတယ်။ လက်ဝဲအဖွဲ့အစည်းတွေ များလာတာမှန်ပေမယ့် အဲ့ဒီအဖွဲ့အစည်းတွေကို ကြည့်လိုက်မယ်ဆိုရင် လူအင်အားအရ သိပ်မရှိဘူးလို့ ခဏခဏ ကြားနေရပါတယ်။ တစ်ချို့အဖွဲ့တွေဆို သုံးလေးငါးယောက်၊ အချို့ဆိုရင် ဆယ်ယောက်ဆယ့်တစ်ယောက် ဒီလောက်ပဲရှိတယ်။ အဲ့တော့ ဝါဒဖြန့်တဲ့နေရာမှာ ဆောင်းပါးတင်တာရယ်၊ ကျန်တဲ့အသေးအမွှားလေးတွေရယ်က လွဲရင် ဘာမှမလုပ်နိုင်ကြဘူး။ ဘာလို့လဲဆိုရင် လုပ်ရမယ့်အလုပ်တွေက လူအင်အားနဲ့ မမျှနေလို့ပါပဲ။ ဒီလက်ဝဲအဖွဲ့အစည်းတွေဟာ ကလာပ်စည်းသာသာ၊ FLYA အပါအဝင် စုဖွဲ့မှုတွေဟာ ယူနစ်သာသာပဲ ရှိတယ်။

ဒီတော့ ကျွန်တော့်အနေနဲ့ တော်လှန်ရေးဖြစ်စဉ်တွေကို နောက်ပြန်လိုက်တဲ့အခါမှာ တူညီတာတစ်ခုကို တွေ့ရတယ်။ ဒါကတော့ တပ်ပေါင်းစုမူနဲ့ စည်းရုံးရေးဟန်ပါပဲ။ ဥပမာ တရုတ်မှာဆိုရင် China Socialist Youth League (တရုတ်ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ်) ဆိုတာရှိတယ်။ မော်လည်း ပါဝင်ခဲ့တာပဲ။ ကျန်တဲ့ တော်လှန်ရေးတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကျွန်တော်တို့ဟာ အရေအတွက်ပြောင်းလဲနေတဲ့ ကာလမှာ ရှိနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် အရေအတွက် မြန်မြန်ပြောင်းရေးလဲကို အာရုံထားရမှာဖြစ်သလို အရေအတွက် ပြောင်းလဲစကာလတွေမှာ အရေအတွက်အားဖြင့် နည်းနေဦးမယ်ဆိုတာကို သတိပြုဖို့ပါပဲ။ ဒါ့ကြောင့် နည်းတဲ့အရေအတွက်ကို တစ်ခုတည်းအဖြစ် စုစည်းပြီး အလုပ်လုပ်မယ်ဆိုရင် ပိုပြီး အလုပ်ဖြစ်ပါလိမ့်မယ်။ လက်ငါးချောင်းနဲ့ ထိုးတာထက် အဲ့ဒီလက်ငါးချောင်းကိုဆုပ်ပြီး လက်သီးနဲ့ထိုးတာက ပိုအားပြင်းလိမ့်မယ်လို့ ထင်ပါတယ်။

ဒီလိုစုဖွဲ့မှုက ဗမာပြည်လက်ဝဲလောကနဲ့ မစိမ်းလှပါဘူး။ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုဖွဲ့စည်းရေး အခြေခံလမ်းစဉ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲပြားလျက်ရှိသော လက်ဝဲအင်အားစုများကို တူညီသောသဘောတရားနှင့် တူညီသောလုပ်ငန်းစဉ်များအရ ညီညွတ်ရေးကို ဆောက်တည်ရန်ဆိုတာ ပါပါတယ်။ (ပြည်သူ့ဒီမိုကရေစီတ့်ပေါင်းစုကို ၁၉၄၉ ခုနှစ်၊ မတ်လမှာ ဗကပ၊ ပြည်သူ့ရဲဘော်နဲ့ တော်လှန်သော ဗမာ့တပ်မတော်တို့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။) ဒီအခြေခံလမ်းစဉ်ဟာ ညီညွတ်ရေးရဲ့ မဏ္ဍိုင်လို့ ဆိုနိုင်တယ်။ လက်ဝဲတွေထဲမှာ ဆိုရှယ်တွေရှိတယ်၊ ကွန်မြူနစ်တွေရှိတယ်၊ အနာ့ခစ်တွေရှိတယ်။ တစ်ဦးနဲ့တစ်ဦးဟာ လုပ်ဟန်တွေ မတူကြဘူး။ ဒါပေမယ့် တူညီသောသဘောတရား၊ တူညီသောလုပ်ငန်းစဉ်ဆိုတာ ရှိတယ်။ အဲ့ဒါကတော့ ဘုံဝါဒပဲ။ ပစ္စည်းမဲ့တော်လှန်ရေးပဲ။ ဘုံဝါဒကို ရောက်ဖို့၊ ပစ္စည်းမဲ့တော်လှန်ရေးဖြစ်ဖို့ အများကြီးတွန်းရဦးမယ်။ ပထမဆုံးအနေနဲ့ ဘုံဝါဒကို ပြည်သူလက်ခံလာအောင် အရင်တွန်းရမယ်။

၁၉၀၂ မှာ လီနင်က What is to be done? ဆောင်းပါးတစ်စောင်ကို ရေးခဲ့တယ်။ အဲ့ဒီဆောင်းပါးမှာ “ငါတို့ဟာ ဝါဒဖြန့်သမားတွေ၊ လှုံ့ဆော်ရေးသမားတွေ၊ သဘောတရားရေးသမားတွေ၊ စည်းရုံးရေးသမားတွေအဖြစ်နဲ့ လူတန်းစားအသီးသီးဆီကို ထိုးဝင်ကြရမယ်။ ငါတို့ရဲ့ အဓိကအလုပ်က လူတန်းစားအသီးသီးထဲဝင်ပြီး ဝါဒဖြန့်ဖို့ပဲ။” လို့ ရေးခဲ့ပါတယ်။ (လက်ရွေးစင်ကျမ်း၊ ပထမတွဲ၊ စာ-၂၉၀) လက်ရှိထိလည်း ဒါက အဓိကအလုပ်ပဲ။ အဲ့ဒီအလုပ်ကို ပိုပြီးကောင်းကောင်းလုပ်နိုင်အောင် လက်ဝဲလူငယ်တွေအားလုံးရဲ့ စုဖွဲ့မှုတစ်ရပ် လိုအပ်တယ်။

PLA ရဲ့သီချင်းမှာ စာသားတစ်ကြောင်းပါတယ်။ အဲ့ဒါက “ပြည်သူထက်ကြီးမြတ်သောအခြင်းအရာ မရှိပါ ဘယ်သောခါ” တဲ့။ မှန်တယ်၊ ခေတ်ကို ပြည်သူကပဲ အဆုံးအဖြတ်ပေးတယ်။ ဒါက ရုပ်ကျတဲ့ သမိုင်းအမြင်ပါပဲ။ ခေါင်းဆောင်က ဆုံးဖြတ်ပေးလို့ မရဘူး။ ခေါင်းဆောင်က အဓိက အကြောင်းတရား မဟုတ်ဘူး။ ခေါင်းဆောင်ဆိုတာ တော်လှန်ရေးဆိုတဲ့ ဓာတုဓာတ်ပြုမှာပါတဲ့ ဓာတ်ကူပစ္စည်း (∆) ‌တစ်ခုပါပဲ။ လက်ရှိကမ္ဘာ့လူထုက လစ်ဘရယ်ဝါဒကို လက်ခံထားကြတယ်။ ဒါ့ကြောင့် လစ်ဘရယ်ရေစီးမှာ ကမ္ဘာကြီးက မျောပါနေတယ်။ ဒီလိုဖြစ်ဖို့လည်း လစ်ဘရယ်ဝါဒီတွေက အမျိုမျိုး ဝါဒဖြန့်ကြတယ်။ ကျွန်တော်တို့က သူတို့နဲ့အပြိုင် ဝါဒဖြန့်ကြရမှာဖြစ်တယ်။

ကျွန်တော်တို့က ပြည်သူကိုအလေးထားရမယ်။ ပြည်သူကနေ ကင်းကွာလို့ မရဘူး။ ထို့အတူ ဝါဒတစ်ရပ်ရဲ့အောင်မြင်မှုကို ပြည်သူကပဲ အဆုံးအဖြတ်ပေးမှာဖြစ်တယ်။ ဘုံဝါဒကို ချီတက်မလား၊ မချီတက်ဘူးလားဆိုတာလည်း ပြည်သူက ဆုံးဖြတ်မှာပဲ။ ကျွန်တော်တို့ရဲ့အလုပ်က တွန်းပေးဖို့ပဲ။ တစ်ခါ ပစ္စည်းမဲ့တော်လှန်ရေးကို ဘယ်လိုသွားကြမလဲ။ ကွန်မြူနစ်ဝါဒအရလား၊ ဆိုရှယ်လစ်ဝါဒအရလား၊ အနာ့ခီအရလား။ ဒါလည်း ပြည်သူက ဆုံးဖြတ်ပေးမှာပဲ။ ကျွန်တော်တို့ဟာ ပြည်သူဆုံးဖြတ်နိုင်အောင် ပြပေးကြရဖို့ပဲ။ ရုရှားမှာ ဇာဘုရင်ကို ယာယီအစိုးရက ဖြုတ်ချတယ်။ ဒါကေမယ့် ပြည်သူက လီနင်ကို ထောက်ခံတယ်။ ဒါ့ကြောင့် ရုရှားတော်လှန်ရေးမှာ လီနင်အောင်တယ်။ ထို့အတူပဲ တရုတ်ပြည်မှာလည်း ပြည်သူက မော်ကိုထောက်ခံလိုက်တယ်။ ‌တရုတ်ပြည်သစ်ပေါ်လာတယ်။ တရုတ်ရော ရုရှားမှာရော ဒီဝါဒပဲရှိတာ မဟုတ်ဘူး။ ရုရှားမှာဆို နာရော့နစ်ဘာညာသာရကာဝါဒတွေ အများကြီးရှိတယ်။ ဒီထဲက လူထုလက်ခံတဲ့ လီနင်ဝါဒက တော်လှန်ရေးမှာအောင်သွားတာ။

ဒါ့ကြောင့် တော်လှန်ရေးကို ပြည်သူက ဆုံးဖြတ်ပေးလိမ့်မယ်။ ဒီလိုဆုံးဖြတ်တဲ့အခါမှာ ဘယ်ဝါဒက ဘာ်လိုဆိုတာကိုပဲ ကျွန်တော်တို့က ပြရမယ်။ ကိုယ့်ဝါဒဘက်ကို ပါလာအောင်စည်းရုံးရမယ်။ တစ်ဖက်မှာက အဓိကဝတ္တရားဟာ ဂုတ်သွေးစုပ်မှုမရှိတဲ့ ဘုံကမ္ဘာကို ရောက်သွားဖို့ပဲ။ ဘုံကမ္ဘာဟာ အဓိကမျှော်မှန်းချက်ဖြစ်တယ်။ ဘယ်လှေစီးမလဲကတော့ ပြည်သူ့အပိုင်းပေါ့။

ကျွန်တော်တို့အနေနဲ့ ပိုပြီးအလုပ်ဖြစ်အောင် နွေဦးတော်လှန်ရေးအလွန်မှာ ဗမာလက်ဝဲလူငယ်တွေအားလုံးရဲ့ စုဖွဲ့မှုအဖြစ် ဗမာပြည်လက်ဝဲလူငယ်အဖွဲ့ချုပ် (Burma Leftist Youth League) လိုမျိုး ပေါ်လာဖို့ အထူးမျှော်မှန်းတယ်။ ဘယ်သူကစမလဲဆိုရင် ကိုယ်တိုင်စကြတာကောင်းပါတယ်။ တကယ်လို့ ကနဦးဖော်ဆောင်သူဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ရှိလာရင်လည်း တစ်ညီတစ်ညွတ်တည်း လိုက်ကြဖို့လည်း တိုက်တွန်းပါတယ်။ ကျွန်တော်ကပဲစစ၊ FLYA ကပဲစစ၊ LYO ကပဲစစ၊ LYA ကပဲစစ၊ PYA ကပဲစစ စချင်တဲ့စီကစ အဓိကက ဖြစ်မြောက်ဖို့ပါပဲ။ ဒါ့ကြောင့် What is to be done? အနေနဲ့ ဗမာပြည်အတွင်းက လက်ဝဲလူငယ်တွေအားလုံး ပါဝင်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာဖို့ မျှော်မှန်းကြစေလိုပါကြောင်း။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။