မူလကတော့ The Leftistအနေနဲ့ရော၊ ကျွန်တော့်အနေနဲ့ရော လစ်ဘရယ်ဝါဒကို ဝေဖန်ဖို့ စီစဉ်မထားခဲ့သေးပါဘူး။ ကနဦးအနေနဲ့ လက်ဝဲဝါဒ ဖြန့်ဝေဖို့ပဲ့ ပြင်ဆင်ထားခဲ့ပေမယ့် ဟိုဘက်ရပ်ကွက်က တော်တော်လေးထိုးနှက်လာတာကို တွေ့ရပါတယ်။ ဒီတော့ မန်လည်ဆရာတော်ဆိုသလို “သူ မတို့လေနဲ့၊ သူ တို့ရင်အမှန်မြည်တဲ့၊ မြို့မာန်လည်စည်ကြီးပါကွယ့်၊ တီးသမျှ ဖိမ့်ဖိမ့်တုန်” ဆိုသလို ပြန်လည်ချေပဖို့ အချိန်ကျလာပြီလို့ ယူဆမိပါတယ်။ ဒေသနာတွေ ဟောကြားဖို့ စလိုက်ပါတယ်။ တရုတ်ဆိုရိုးတစ်ခုရှိတယ်။ “စိတ်ချမ်းသာချင်ရင် အရူးနဲ့မငြင်းနဲ့” တဲ့။ ဒါပေမယ့်လည်း ကျွန်တော်စိတ်ဆင်းရဲခံလိုက်ပါတယ်။ အခုကတော့ လစ်ဘရယ်မိတ်လိုက်ပေါ့။

ဒီဒေသနာကိုလည်း ရှည်ရှည်ဝေးဝေးသွာရှာမနေပဲ အလွန်အင်မတန် ကျွမ်းကျင်လိမ္မာပညာရှိပြီး လစ်ဘရယ်ရေးရာအဖြာဖြာကို သေချာလေ့လာထားပါတယ်ဆိုတဲ့ LYA ကနေ သွားနှိုက်လာခဲ့ပါတယ်။ အဲ့ဒီအထဲက တစ်ချက်ကို ဖြတ်တောက်ကြည့်ရအောင်။

“လစ်ဘရယ်ဝါဒ၏ ကနဦးကြွေးကြော်သံမှာ Life, Liberty and Property ဖြစ်လေသည်။ လူသားတစ်ဦးချင်း တစ်ယောက်ချင်းစီတွင် ဂုဏ်သိက္ခာရှိစွာ ရှင်သန်နိုင်သော၊ စိတ်ကြိုက်ပုံဖော်နိုင်သော ပုဂ္ဂလိကဘဝ (Life) ရှိရမည်။ ထို့နည်းတူစွာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် စသော လွတ်လပ်ခွင့်များ ( Liberty ) ရှိရမည်။ မိမိ၏ ပုဂ္ဂလိက အကျိုးစီးပွားအတွက် လွပ်လပ်စွာ စီးပွားရှာပိုင်ခွင့်၊ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့် ( Property ) ရှိရမည်။

လစ်ဘရယ်ဝါဒီများသည် ပုဂ္ဂလိကလွတ်လပ်ခွင့် ကို တန်ဖိုးထား၍ ထို လွတ်လပ်ခွင့်အား ကာကွယ်ရန် အစိုးရ၊ တရားစီရင်ရေးနှင့် ရဲတပ်ဖွဲ့များကို မရှိမဖြစ်လိုအပ်သည်ဟုယုံကြည်သည်။ သို့သော် အထက်ပါ institution များသည် မကြာခဏဆိုသလို အမိန့်အာဏာကို အသုံးပြုကာ ပုဂ္ဂလိကလွတ်လပ်ခွင့် ကို ခြိမ်းခြောက်လေ့ရှိသည်။ လစ်ဘရယ်ဝါဒီများ၏ အဓိက လုပ်ငန်းစဉ်မှာ “ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ကာကွယ်ပေးနိုင်သော အာဏာရှိသည့် အစိုးရတစ်ရပ်ကို အများဆန္ဒနှင့် ရွေးချယ်တင်မြှောက်ပြီး ထိုအာဏာအား အလွဲသုံးစားမလုပ်နိုင်ရန် ထိန်းကျောင်းခြင်း” ဖြစ်သည်။”

“လူသားတစ်ဦးချင်း တစ်ယောက်ချင်းစီတွင် ဂုဏ်သိက္ခာရှိစွာ ရှင်သန်နိုင်သော၊ စိတ်ကြိုက်ပုံဖော်နိုင်သော ပုဂ္ဂလိကဘဝ (Life) ရှိရမည်။ ထို့နည်းတူစွာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် စသော လွပ်လပ်ခွင့်များ ( Liberty ) ရှိရမည်။ မိမိ၏ ပုဂ္ဂလိက အကျိုးစီးပွားအတွက် လွတ်လပ်စွာ စီးပွားရှာပိုင်ခွင့်၊ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့် ( Property ) ရှိရမည်။” ဆိုတဲ့ သုံးကြောင်းကို ကြည့်ရအောင်။ပထမဆုံးပြောချင်တာက ပုဂ္ဂလိကပါ၊ ပုဂ္ဂလိက မဟုတ်ပါဘူး။ လွတ်လပ်ပါ၊ လွပ်လပ်မဟုတ်ပါဘူး။ အတော်တဆအမှားမျိုးမဟုတ်ဘဲ ရှိသမျှကို ပုပ္ပလိက၊ လွပ်လပ်လို့ ရေးထားတယ်ဆိုတာ တွေ့ရပါတယ်။ အဲ့သုံးချက်ကို ကြည့်ပါမယ်။

Propertyဆိုတဲ့ နေရာမှာ လွတ်လပ်စွာ စီးပွားရှာပိုင်ခွင့်၊ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်လို့ဆိုပါတယ်။ ဟုတ်ပြီ၊ လွတ်လပ်စွာ စီးပွားရှာတယ်ဆိုတဲ့နေရာမှာ ပစ္စည်းမဲ့တွေအပေါ် ခေါင်းပုံဖြတ်မှုရှိမရှိနဲ့ ကျွန်တော်တို့ ပြန်သုံးသပ်ကြည့်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲ့လိုခေါင်းပုံဖြတ် အမြတ်ထုတ်မှု ရှိတယ်ဆိုလို့ရှိရင် သူတို့ပြောတဲ့ “လူသားတစ်ဦးချင်း တစ်ယောက်ချင်းစီတွင် ဂုဏ်သိက္ခာရှိစွာ ရှင်သန်နိုင်သော” ဆိုတာ ရှိနိုင်ပါဦးမလား။ Property ဆိုတဲ့နေရာမှာ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်ဆိုတာကို တွေ့ရပါတယ်။ ဆိုတော့ လစ်ဘရယ်ဝါဒဟာ ပုဂ္ဂလိကတစ်ဦးတစ်ယောက်ချင်းအနေနဲ့ ကုန်ထုတ်လုပ်မှုကိရိယာ (ဥပမာ-စက်ရုံအလုပ်ရုံ) တွေကို ပုဂ္ဂလိကပိုင်အဖြစ် လက်ခံတယ်။ စက်ရုံအလုပ်ရုံပိုင်တဲ့အတွက် အရင်းဆိုတာ သူတို့ရလာမယ်။ အခုခေတ်လိုမျိုးဆို ချေးငွေပေါ့။ အဲဒီအရင်းနဲ့ ကုန်လုပ်ကိရိယာနဲ့ ပိုင်ဆိုင်လာတဲ့အခါမှာ အလုပ်သမားလူတန်းစားကို စပြီးဖန်တီးပါတော့တယ်။

အလုပ်သမားလူတန်းစားဟာ အလုပ်ခွန်အားနဲ့ ကုန်လုပ်ကျွမ်းကျင်မှုရှိတယ်။ အဲ့ဒီနှစ်မျိုးကို ဓနရှင်က ငွေကြေးနဲ့ ဝယ်ယူပါတော့တယ်။ အဲ့ဒီအခါ ဓနရှင်မှာ ကုန်ထုတ်လုပ်မှု ရုပ်ပိုင်းဖြစ်တဲ့ ကုန်ကြမ်း၊ ကုန်လုပ်ကိရိယာ၊ ကုန်လုပ်ကျွမ်းကျင်မှု၊ လုပ်အား အကုန်လုံးကို လက်ဝယ်ရသွားတယ်။ အဲ့ဒီအခါမှာ ဓနရှင်နဲ့ ကုန်လုပ်ကျွမ်းကျင်မှုနဲ့ လုပ်အားကို ဘဝရပ်တည်ရေးအတွက် ‌ရောင်းချထားတဲ့ အလုပ်သမားကြားမှာ ကုန်လုပ်မှုစိတ်ပိုင်းဖြစ်တဲ့ ကုန်လုပ်ဆက်ဆံရေးကို တည်ထောင်မိသွားပါတယ်။ ကုန်လုပ်မှုတစ်ခုလုံးဟာ ဓနရှင်လက်ထဲကို ကျရောက်သွားပြီဖြစ်တဲ့အတွက် ဓနရှင်ဟာ အမြတ်အတွက် ဦးတည်ပြီး အလုပ်သမားလူတန်းစားကို စပြီးဖိနှိပ်ပါတယ်။ အလုပ်သမားလူတန်းစားဟာ သူ့ရဲ့ ကုန်လုပ်ကျွမ်းကျင်မှုနဲ့ လုပ်အားကို ရောင်းချလိုက်ရပြီးဖြစ်တာကြောင့် အဲ့ဒီနှစ်ခုနဲ့ ပတ်သက်ပြီး ဓနရှင်က စိတ်ကြိုက်ခြယ်လှယ်နိုင်လာတယ်။ လုပ်အားကို ညှစ်ထုတ်ဖို့ လုပ်ပါတယ်။ အဲ့တော့ ခုနကပြောတဲ့ “လူသားတစ်ဦးချင်း တစ်ယောက်ချင်းစီတွင် ဂုဏ်သိက္ခာရှိစွာ ရှင်သန်နိုင်သော” ဆိုတာက ပစ္စည်းမဲ့ထုအတွက် အဓိပ္ပာယ်မရှိတော့ပါဘူး။

ဒါ‌ပေမယ့် လစာပေးတယ်လေလို့ ဆိုကြပါတယ်။ လစာကို ပြန်ကြည့်ရအောင်။ အလုပ်သမားလူတန်းစားရဲ့ စိုက်ထုတ်မှုနဲ့ ရရှိတဲ့လစာဟာ အချိုးညီရဲ့လား။ မညီပါဘူးလို့ ဖြေရလိမ့်မယ်။ ဒီစက်ရုံကြီး လည်ပတ်နိုင်ဖို့ အလုပ်သမားရဲ့ ပါဝင်မှုရာခိုင်နှုန်းနဲ့ ဓနရှင်က သူ့ရဲ့အမြတ်ထဲက ခွဲပေးတဲ့ငွေကြေးရာခိုင်နှုန်းဟာ ဘယ်လိုမှ မညီမျှပါဘူး။ ဥပမာ Microsoft ကုမ္ပဏီကို ကြည့်ကြစို့။ Microsoft ရဲ့ သူဌေးကြီး ဘီလ်ဂိတ်ရဲ့ တစ်လစာဝင်ငွေဟာ Microsoft ကုမ္ပဏီမှာ သူ့ရဲ့ပါဝင်မှုနဲ့ အချိုးညီမယ်လို့ ထင်ပါသလား။ မညီပါဘူး။ သူဟာ အချိုးထက် ပိုပြီးယူပါတယ်။ ဒါ့ကြောင့် အချိုးထက်လျော့ပြီးရတဲ့ ဝန်ထမ်းတွေထက် အဆပေါင်းများစွာ သာလွန်ပြီး ချမ်းသာလာခဲ့တာပါပဲ။ ဒီတော့ ဖိအမြတ်ထုတ်ခံရတာဟာ ဂုဏ်သိက္ခာရှိပါသလား။ ရှင်းရှင်းလေးပဲ၊ မရှိပါဘူး။ ဒါဆိုရင် လစ်ဘရယ်ဝါဒရဲ့ (Life) ဆိုတာဟာ ပစ္စည်းမဲ့တွေအတွက် အဓိပ္ပာယ်မရှိပါဘူး။ လစ်ဘရယ်ဝါဒဟာ အနှစ်သာရအားဖြင့် ဓနရှင်ဝါဒအားမြှောက်ဝါဒတစ်ခုပဲလို့ ကျွန်တော်အတိအလင်းဆိုချင်ပါတယ်။

ဒီနေ့ဒေသနာက ဒီလောက်ပါပဲ။ နောက်နေ့မှ ဆက်ကြဦးစို့။

 

 

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။