LYA ရဲ့ ဝေဖန်ချက်နောက်တစ်ခုကို ဆက်ပြီးချေပပါ့မယ်။ စုစုပေါင်းရင် နည်းနည်းတော့ ရှည်ပါ့မယ်။ သည်းခံပြီး ဒေသနာတရားကို နာကြားကြပါ။ LYA က ဒီလိုဆက်ပြီး ဝေဖန်ပါတယ်။

LYA မှဝေဖန်ချက်
Liberal Youths Association မှဝေဖန်ချက် 

   “ဥပမာ- အရင်းရှင်စနစ်၏ အဓိက ပဋိပက္ခ အဖြစ် အလုပ်သမားနှင့် အရင်းရှင် တို့အကြားရှိ ပဋိပက္ခကိုသာ ရွေးထုတ်ပြသည်။ ပစ္စည်းမဲ့အလုပ်သမား လူတန်းစားသည်သာလျှင် ခေတ်ပြောင်း တော်လှန်ရေးကို ရှေ့ဆောင်ရမည်ဟု ယတိပြတ် ပြောသည်။ လက်တွေ့တွင် ယနေ့ ဖွံ့ဖြိုးပြီးနိုင်ငံအားလုံးလောက်တွင် မာ့က်စ်တို့ပြောသော ပစ္စည်းမဲ့အလုပ်သမားလူတန်းစားမှာ အရေအတွက်အရ တဖြေးဖြေး နည်းလာ၍ လူလတ်တန်းစားများသာ များလာလေသည်။ငြိမ်းချမ်းရေးရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း စီးပွားရေးအရှိန်အဟုန်ကောင်းကောင်းနှင့် လူလတ်တန်းစားကို အားကောင်းအောင် မောင်းနှင်နေပြီဖြစ်သည်။ အနုပဋိလောမ က ပဋိပက္ခပေါင်းမြောက်များစွာရှိသည်အထဲမှ အလွှမ်းမိုးနိုင်ဆုံး ပဋိပက္ခကိုသာ အာရုံပြုသည်။တကယ့်လက်တွေ့တွင် တစ်ချိန်ချိန်၌ အဓိက ပဋိပက္ခဟု ယူဆရသည်များ ကိုယ်တိုင်က တစ်ချိန်တွင် သာမန်အဆင့်သို့ လျှောကျနိုင်ပြီး သာမညဟု ယူဆရသည်များက အဓိကနေရာသို့ ရောက်လာသည်များရှိတတ်သည်။ အနုပဋိလောမ၏ ပဋိပက္ခ သဘော တရားက ဤသည်ကို မငြင်းသော်လည်း လက်တွေ့တွင် ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်း ( Flexibility ) မရှိသည်ကများသည်။ မာ့က်စ်တို့ ထည့်သွင်းမစဉ်းစားခဲ့သော၊ လူတန်းစားအမြင်ဖြင့်သာ ရန်/ငါ ခွဲခြားခံရသော တတိယ လူမှုအင်အားစုဖြစ်သည့် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ပညာသည် အလုပ်သမားများ၊ တက်နိုခရက်များ၊ ပညာဖန်တီးသူများကသာ လက်တွေ့တွင် ရှေ့တန်း အရောက်ဆုံးလူမှုအင်အားစုများ ဖြစ်လာသည်။”

   ဒီအချက်ဟာ မာ့က်စ်ဝါဒရဲ့ သမိုင်းဆိုင်ရာအမြင်နဲ့ အနုပဋိလောမရုပ်ဝါဒအရ ပြန်ပြီးချေပပါ့မယ်။ မာ့က်စ်ဟာ အရင်းရှင်စနစ်ကိုပဲ ဒီလိုဆိုခဲ့တာ မဟုတ်ပါဘူး။ ကျွန်ပိုင်ရှင်စနစ်ကအစ အရင်းရှင်စနစ်အထိ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံတွေအပေါ် တစ်နည်းအားဖြင့် ဓနရှင်နဲ့ ပစ္စည်းမဲ့ကြားက ပြဿနာ အတွင်းပဋိပက္ခကို ဆိုလိုတာပါ။ ကျွန်ပိုင်ရှင်စနစ်မှာဆိုရင် ဓနရှင်ဖြစ်တဲ့ ကျွန်ပိုင်ရှင်တွေနဲ့ ပစ္စည်းမဲ့ဖြစ်တဲ့ ကျွန်တွေကြား၊ မြေရှင်ပဒေသရာဇ်စနစ်မှာဆိုရင် မြေရှင်ပဒေသရာဇ်ဓနရှင်တွေနဲ့ မြေယာလုပ်သား ပစ္စည်းမဲ့တွေကြား၊ အရှင်းရှင်စနစ်မှာ ဓနရှင်အရှင်းရှင်တွေနဲ့ ပစ္စည်းမဲ့အလုပ်သမားတွေကြားက လူတန်းစားပဋိပက္ခကို ဖော်ထုတ်ပြခဲ့တာပါ။ ဒီနေရာမှာ ဓနရှင်နဲ့ ပစ္စည်းမဲ့ရဲ့အဓိပ္ပာယ်ကို ပြောဖို့လိုပါလိမ့်မယ်။

   ဓနရှင်ဆိုတာဟာ ကုန်ထုတ်ကိရိယာတွေကို ပုဂ္ဂလိကပိုင်အဖြစ် လက်ဝယ်ထားပြီး ဓနငွေကြေးရရှိရေးအတွက် ပစ္စည်းမဲ့လူတန်းစားကို အသုံးချတဲ့ လူတန်းစားတစ်ရပ်ပါ။ ပစ္စည်းမဲ့ဆိုတာက ကုန်ထုတ်ကိရိယာတွေ မပိုင်ဆိုင်တဲ့အတွက် ဓနရှင်လူတန်းစားရဲ့ ဖိနှိပ်မှုအောက်မှာ အခကြေးငွေအတွက် လုပ်အားကိုရောင်းချနေရတဲ့ လူတန်းစားကို ဆိုလိုတာပါ။ ကျွန်ပိုင်ရှင်စနစ်မှာဆိုရင် ကျွန်ပိုင်ရှင်တွေဟာ ဓနရှင်တွေဖြစ်ပြီး သူတို့ရဲ့ ကုန်ထုတ်လုပ်မှုအတွက် ကျွန်တွေကို အသုံးချပြီး ကြန်ထုတ်ဆက်ဆံရေးတည်ဆောက်ကာ စီးပွားရှာပါတယ်။ ကျွန်တွေကတော့ သူတို့ဘဝရပ်တည်ရေးအတွက် ကျွန်ပိုင်ရှင်တွေဆီမှာ လုပ်အားကို အခကြေးငွေနဲ့ ရောင်းချပြီးတော့ ဘဝကျောင်းရသူတွေပါ။ ကျွန်ပိုင်ရှင်တွေဟာ သူတို့ကုန်ထုတ်လုပ်ရေးအတွက် ကျွန်တွေနဲ့ ကုန်လုပ်ဆက်ဆံရေးတည်ဆောက်တဲ့နေရာမှာ ဖိနှိပ်မှုကို အသုံးချပါတယ်။ ကုန်ထုတ်လုပ်မှုကို ဆက်ကြည့်ကြရအောင်။

   ကုန်ထုပ်လုပ်မှုကို အပိုင်းနှစ်ပိုင်းခွဲခြားကြည့်နိုင်ပါတယ်။ တစ်ခုက ရုပ်ပိုင်းဖြစ်ပြီး တစ်ခုက စိတ်ပိုင်းပါ။ ရုပ်ပိုင်းမှာ ကုန်လုပ်အင်အားစုဖြစ်တဲ့ ကုန်ကြမ်း၊ ကုန်လုပ်ကိရိယာ၊ ကုန်လုပ်ကျွမ်းကျင်မှု၊ လုပ်အားတို့ပါပြီး စိတ်ပိုင်းဆိုင်ရာကတော့ ကုန်လုပ်ဆက်ဆံရေးပါ။ ဆက်ကြည့်ရအောင်။ ကုန်လုပ်အင်အားစုမှာ ကုန်ကြမ်းနဲ့ ကုန်လုပ်ကိရိယာတွေကို ဓနရှင်လူတန်းစားက လက်ဝါးကြီးအုပ်ထားပါတယ်။ ပစ္စည်းမဲ့တွေမှာတော့ ကုန်လုပ်ကျွမ်းကျင်မှုနဲ့ လုပ်အားရှိနေပါတယ်။ အဲ့ဒီကုန်လုပ်ကျွမ်းကျင်မှုနဲ့ လုပ်အားကို ဓနရှင်တွေက ငွေကြေးနဲ့ လဲလှယ်ဝယ်ယူခင်းနဲ့ ကုန်လုပ်အင်အားစုကို လက်ဝါးကြီးအုပ်လိုက်ပါတယ်။ အဲ့ဒီလို ကုန်လုပ်စွမ်းအားစုဟာ သူတို့လက်ထဲကျရောက်သွားတာနဲ့ ကုန်လုပ်ဆက်ဆံရေးမှာပါ သူတို့ချယ်လှယ်နိုင်ပါတယ်။ အဲဒီမှာ ဓနရှင်က ပစ္စည်းမဲ့ကို ဖိနှိပ်ပါတော့တယ်။ အဲ့ဒီလိုဖိနှိပ်တဲ့အခါ ပြန်လည်တွန်းကန်တဲ့ သဘောပေါ်လာမှာဖြစ်ပြီး ဓနရှင်နဲ့ ပစ္စည်းမဲ့ကြားမှာ လူတန်းစားပဋိပက္ခပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။

   လူတန်းစားတိုက်ပွဲဖြစ်ပေါ်တိုးတက်မှု သဘောတရားအရ စနစ်တစ်ခုကနေ စနစ်တစ်ခုကို ကူးပြောင်းခဲ့တာမှန်ပေမယ့် စနစ်တိုင်းမှာ ကုန်ထုတ်အင်အားစုကို လက်ဝါးကြီးအုပ်တဲ့အသွင်က ရှိနေသေးတဲ့အတွက် လူတန်းစားပဋိပက္ခကရှိနေပါတယ်။ သူတို့ဝေဖန်ချက်ကို ပြန်ချေပပါမယ်။

   LYA ဟာ လက်ရှိမှာ ပစ္စည်းမဲ့အလုပ်သမားတွေ နည်းလာပြီး လူလတ်တန်းစားတွေ များလာတယ်လို့ ဆိုပါတယ်။ အဲ့ဒီလူလတ်တန်းစားဆိုတာ ဘာတွေလဲ။ သူတို့အလိုအရဆိုရင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပညာသည်အလုပ်သမားတွေ၊ တက်နိုခရက်တွေ၊ ပညာဖန်တီးသူတွေလို့ ဆိုပါတယ်။ ကျွန်တော် ချေပပါမယ်။

   ပညာသည်အလုပ်သမားတွေလို့ ဆိုတဲ့နေရာမှာ သေချာတာက ပညာသည်အလုပ်သမားတွေဟာ ကုန်လုပ်ကိရိယာကို ပိုင်ဆိုင်မထားပါဘူး။ သူတို့ဟာ ကုန်လုပ်ကျွမ်းကျင်မှုရှိတဲ့ လုပ်သားတွေသာဖြစ်ပါတယ်။ ဒါဟာ ငြင်းလို့မရတဲ့အချက်ဖြစ်ပါတယ်။ ဆိုတော့ သူတို့ဟာ ငွေကြေးအတွက် သူတို့ရဲ့ ကုန်လုပ်ကျွမ်းကျင်မှုနဲ့ လုပ်အားကို ဓနရှင်တွေဆီမှာ ရောင်းချရမှာပါပဲ။ တက်နိုခရက်တွေကလည်း ဓနရှင်တွေရဲ့ ကုန်ထုတ်လုပ်မှုမှာ လည်ပတ်အသုံးတော်ခံနေရတာပါ။

   တကယ်တမ်းဆက်ခြင်ကြည့်မယ်ဆိုရင် ဓနရှင်များဟာ လူတန်းစားပဋိပက္ခကနေ သူတို့ရဲ့ ကုန်ထုတ်လုပ်မှုစနစ်ကို ထိုးဖောက်ပြီး စနစ်သစ်တစ်ရပ်ဖော်ဆောင်မှာ မလိုလားကြပါဘူး။ ဒါ့ကြောင့် လူတန်းစားပဋိပက္ခကို ဆေးမြီးတိုနဲ့ ထိမ်းဖို့ ကြိုးစားကြပါတယ်။ အခြေခံလုပ်ခလစာ၊ အလုပ်ချိန် စတာတွေကို သတ်မှတ်ပြီး သူတို့ရဲ့ ကုန်ထုတ်လုပ်မှုစနစ်ကို ဆွဲဆန့်ဖို့ ကြိုးစားကြတာပဲဖြစ်ပါတယ်။

   အနုပဋိလောမရုပ်ဝါဒမှာ လူတန်းစားပဋိပက္ခကို အဓိကအလေးထားပါတယ်။ တကယ်လို့ ပဓာနကျလို့ဖြစ်ပြီးတော့ ကျန်တဲ့အင်အားစုတွေ၊ အပိုင်းကဏ္ဍတွေက အားကြီးသောအထောက်အပံ့ (ဥပနိဿယပစ္စယော) မဖြစ်ပါဘူး။ သာဓကဆိုရရင် လူဦးရေးပြဿနာကို ပြဆိုလို့ရပါတယ်။ လူဦးရေပြဿနာဟာ လူ့လောကတိုးတက်ပြောင်းလဲရေးအတွက် မပါမပြီးတဲ့ အခြေအနေဖြစ်ပေမယ့် အဓိကတော့ မကျလှပါဘူး။ လူဦးရေ အနည်းအများဟာ လူ့လောက ဖြစ်ပေါ်ပြောင်းလဲရေးအတွက် စေ့ဆော်ရေးအင်အားစုတစ်ရပ်သာ ဖြစ်ပါတယ်။ ‌ကျွန်ပိုင်ရှင်စနစ်ကနေ မြေရှင်ပဒေသရာဇ်စနစ်ကို ပြောင်းလဲရာမှာသော်လည်းကောင်း၊ မြေရှင်ပဒေသရာဇ်ကနေ အရင်းရှင်စနစ်ကို ပြောင်းလဲရာမှာလည်းကောင်း လူဦးရေအနည်းအများကြောင့် ပြောင်းလဲတာမဟုတ်ဘဲ အဲဒီစနစ်ရဲ့ အတွင်းပဋိပက္ခဖြစ်တဲ့ လူတန်းစားတိုက်ပွဲတွေကြောင့်သာဖြစ်ပါတယ်။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။