LYAရဲ့ ဝေဖန်မှုကို ဆက်ချေပပါမယ်။ LYAက ဒီလိုဆက်ဆိုပါတယ်။

“အနုပဋိလောမ က ပဋိပက္ခများ၏ ပေါင်းစည်းခြင်းကို လက်ခံသည့်တိုင် ယင်းကို ယာယီသဘောမျှသာ သိမှတ်သည်။ ပဋိပက္ခများ၏ တိုက်ပွဲဆင်မှုကိုသာ အမြဲတမ်း သဘောဆောင်ပြီး ယင်းတိုက်ပွဲဆင်မှုကသာ အပြောင်းအလဲကို မွေးထုတ်လိုက်သည်ဟု ခံယူသည်။ ဤနည်းဖြင့် အခြားသော ဖြစ်နိုင်ချေ အားလုံးကို ဥပေက္ခာပြုလိုက်သလို ရှိရုံသာမက သန္ဓေပြောင်းဖြစ်စဉ်များ ( Evolution ) နှင့် ပတ်သက်လာလွှင်လည်း လုံလောက်စွာ ရှင်းမပြနိုင်ဖြစ်ရတော့သည်။ မာ့စ်ဝါဒီတို့ အလွန်ညွန်းသော လူသည် Evolution သဘောတရားမှဆင့်ကဲပြောင်းလည်းလာသည်၊ ထာဝရဘုရားရှင် မှ ဖန်ဆင်းခြင်းမဟုတ် ဟူသော ဒါဝင်၏ နိယာမ သဘောတရားသည်လည်း လက်တွေ့တွင် အနုပဋိလောမ၏ ပဋိပက္ခ သဘောတရားနှင့် ဖြောင့်ဖြောင့် ကြီး ဆန်ကျင်လျက်ရှိသည်။ Evolution သဘောတရားသည် အလွှမ်းမိုးဆုံးအုပ်စုက တခြားအုပ်စုအား ပယ်ရှားသော ပဋိပက္ခ သဘောတရား မဟုတ်။ သဘာဝအတိုင်း Natural Selection အရသာ ဆင့်ကဲပြောင်းလဲခဲ့ခြင်းဖြစ်သည်။ အလားတူစွာ သမိုင်းဖြစ်စဉ်များကို လက်တွေ့ကျကျ ပြန်ကြည်လျှင်လည်း ပဋိပက္ခကိုအခြေခံသော Revolution ဖြစ်စဉ်များသာ မဟုတ်ဘဲ သန္ဓေပြောင်းမှုကို အခြေခံသော Evolution ဖြစ်စဉ်များလည်း ရှိလေသည်။ ဤသည်ကို အနုပဋိလောမ၏ ပဋိပက္ခသဘောတရားနှင့် ကျေလည်အောင်မရှင်းပြနိုင်ချေ။ ”

သန္ဓေပြောင်းလဲမှုဖြစ်စဉ် (သို့မဟုတ်) ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို သိပ္ပံပညာရှင်များ တလိုတလား လက်ခံကြတာဟာ သူတို့ကရုပ်ဝါဒကို အခိုင်အမာ ယုံကြည်ထားတာကြောင့်လို့ ဩဇာညောင်းတဲ့ ဆင့်ကဲဝါဒီတစ်ဦးဖြစ်သူ ရစ်ချက်ဒ် လီယွန်တင်က ပွင့်လင်းစွာ ရေးသားခဲ့သည်။ သိပ္ပံပညာရှင်များစွာဟာ ဘုရားသခင် ရှိနိုင်တယ်ဆိုတာကို စဉ်းစားဖို့တောင် ငြင်းဆန်ကြတယ်။ လီယွန်တင်ရေးသည့်အတိုင်း သူတို့ဟာ “သိပ္ပံလောကထဲ ဘုရားသခင်အား ဝင်ခွင့်မပြုနိုင်လို့ပဲ ဖြစ်တယ်။

အဲဒါနဲ့ ပတ်သက်ပြီး လူမှုဗေဒပညာရှင် ရော့ဒနီ စတာ့ခ်က သိပ္ပံဆိုင်ရာ စာစောင်တစ်စောင်ဖြစ်တဲ့ Scientific American မှာ “သိပ္ပံနည်းကျကျ တွေးတတ်သူဖြစ်လိုပါက ဘာသာရေးလွှမ်းမိုးမှု မခံသင့်ပါဆိုတဲ့ အယူအဆကို အားပေးထောက်ခံခဲ့တာ နှစ်ပေါင်း ၂၀၀ ကျော်ရှိပြီ” လို့ ရေးခဲ့ပါတယ်။ သူက “သုတေသနဆိုင်ရာ တက္ကသိုလ်များမှာ ဘာသာရေးကိုင်းရှိုင်းသူတွေဟာ ဘုရားသခင်အကြောင်းနဲ့ပတ်သက်ရင် သူတို့ပါးစပ်ကို ပိတ်ထားတယ်”လို့ ရေးခဲ့ပါတယ်။ မာ့က်စ်ဝါဒီတွေရဲ့ စိတ်ဝါဒကို ချေဖျက်ရာမှာ သုံးကြတာနဲ့ပတ်သက်ပြီး LYAက ဝေဖန်တာဖြစ်ပါတယ်။ အဲ စိတ်ဝါဒကို ပြောကြတဲ့အခါ မာ့က်စ်ဝါဒီတွေဟာ စိတ်ကိုပစ်ပယ်တာ မဟုတ်ပါဘူး။ Idealismကိုသာ ပစ်ပယ်တယ်ဆိုတာကို သတိထားစေချင်ပါတယ်။ ကျွန်တော်ဟာ ဇီဝဗေဒကို လေ့လာရာမှာ အားနည်းတဲ့အတွက် သန္ဓေပြောင်းလဲမှုဖြစ်စဉ် (သို့မဟုတ်) ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မာ့က်စ်ဝါဒအပေါ် LYA ရဲ့ ဝေဖန်ချကို အများကြီး ချေပနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ထင်ရှားတဲ့တစ်ချက်နဲ့ လေ့လာမိသလောက် ချေပပါမယ်။

သန္ဓေပြောင်းဖြစ်စဉ် (သို့မဟုတ်) ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ Netural selection မှာ ဗီဇချိတ်ဆက်ခြင်း (Genetic linkage) ဟာ ခရိုမိုဇုမ်း (chromosome) မှာ ရှိတဲ့ ဗီဇဆဲလ်နှစ်ခု နီးကပ်လာတဲ့အချိန်မှာ ဖြစ်ပွားပါတယ်။ မျိုးပွားဆဲလ် (Gamete) ဖြစ်ပေါ်ချိန်မှာ မျိုးရိုးဗီဇတွေ အသစ်ပြန်လည်ဖွဲ့စည်းမှု (Recombination) ဖြစ်ပွားပါတယ်။ အဲ့လိုအသစ်ပြောင်းလဲဖွဲ့စည်းခြင်းဟာ ဗီဇဆဲလ်နှစ်ခုကြားက အကွာအဝေးအပေါ်မှာ မူတည်ပါတယ်။ ဗီဇဆဲလ်တစ်ခုရဲ့ ပျံ့နှံ့မှု တိုးလာတဲ့အခါမှာ ကျန်တဲ့အနီးနားက ဗီဇဆဲလ်ဟာ ဆဲလ်ပုံကြမ်းအဖြစ်ပြောင်းလဲတဲ့ဖြစ်စဉ် (Genetic hitchhike) ကို ဖြစ်တည်ပါတယ်။ ဒါဟာ ကပ်လျှက်ရှိတဲ့ ဗီဇဆဲလ်နှစ်ခုကြားက တစ်ခုဟာ တိုးပွားလာတဲ့အခါ ကျန်တစ်ခုဟာ အလွှမ်းမိုးခံလိုက်ရတာပါ။ ဒီသဘောကို အနုပဋိလောနည်းနဲ့ ချည်းကပ်ကြည့်ရရင် ဗီဇဆဲလ်နှစ်လုံးမှာ ပထမဆဲလ်သာ တိုးပွားနေတဲ့အတွက် သူက အဓိကကျပါတယ်။ ဒုတိယဆဲလ်ကတော့ ဆုတ်ယုတ်နေပြီး ဆဲလ်ပုံကြမ်းအသွင် ပြောင်းနေတဲ့အတွက် သူဟာ အဓိကမကျတော့ပါဘူး။

အနုပဋိလောမရုပ်ဝါဒဟာ ဆင့်ကဲပြောင်းလဲခြင်းကို ပစ်ပယ်တာလဲ မဟုတ်ပါဘူး။ အနုပဋိလောမနည်းအရ ပထမတစ်ဆင့် အရေအတွက် တိုးပွားမှု ဖြစ်ပေါ်ပါတယ်။ နောက် အရေအတွက် ပြည့်ဝရင့်မှည့်လာတဲ့ အခါမှာတော့ အရည်အချင်းကို ကူးပြောင်းတာပဲဖြစ်ပါတယ်။ အရေအတွက်တိုးပွားမှုဖြစ်စဉ်မှာတော့ ဒါ Evolution လို့ ယေဘုယျ ဆိုနိုင်ပါတယ်။ ဥပမာပြရရင် ရေနွေးအိုးတည်တဲ့အခါ ရေဟာ အခန်းတွင်းအပူချိန်ကနေ တစ်ဖြည်းဖြည်း အပူချိန်တက်လာပါတယ်။ ဒါက ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ပါပဲ။ အဲ့လို အရေအတွက်တိုးပွားလာပြီး နောက်ဆုံး (၁၀၀) ဒီဂရီဆဲလ်စီးယက်ကို ရောက်တဲ့အခါမှာ အရည်အချင်းပြောင်းလဲမှုဖြစ်ပြီး Revolution ဖြစ်ပါတယ်။ မာ့က်စ်ဝါဒရဲ့ အလိုက ဗြုန်းစားကြီး Revolution ဖြစ်တယ်လို့ မယူဆဘူးဆိုတာကို သတိချပ်ရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။