LYA ကို လစ်ဘရယ်ချေချွတ်ခန်းဒေသနာ ဟောကြားခဲ့တာ (၄) ပိုင်းမြောက်ခဲ့ပြီး အဆုံးသတ်ဖို့အချိန်ကျပါပြီ။ အဲ့တော့ LYA ရဲ့ နောက်ဆုံးဝေဖန်ချက်ကို ကြည့်ကြစို့။

“တစ်ဖန် အနုပဋိလောမ ရုပ်ဝါဒ ပေါ်ပေါက်ကခဲ့သော ၁၉ ရာစု ရှိ နယူတန်သိပ္ပံ (တစ်နည်း – exact Science ) တွင် ဆန်ကျင်ဘက် သဘောတရားများအား ပဋိပက္ခ နည်းဖြင့် ရှင်းပြနိုင်ခဲ့သော်လည်း သိပ္ပံခေတ် တတိယ အလှည့်အပြောင်းဖြစ်သော ( မက်ပလန့်နှင့် အိုင်းစတိုင်း ခေတ် ) တွင် မတိကျမသေချာမှု ( uncertainty ) ကိုယ်၌ကိုက သဘာဝသိပ္ပံပညာ ဖြစ်လာလေသည်။ ပလန့်၏ ကွမ်တန်သီအိုရီ က ” အလင်းသည် လှိုင်းသဘောရော၊ အမှုန်သဘောပါ ဆောင်သည် ” ဟု ဆိုသောအခါ ပဋိပက္ခ သဘောတရား၏ “မဖြူလျှင်မည်းရမည်” ဟူသော လောဂျစ်တို့ အခြေယိုင်လာသည်။ဟိုင်ဇင်ဘက်၏ မရေရာမှု သဘောတရား ( Law Of Uncertainty) က အချိန်ကို အတိအကျ ယူလျှင် နေရာမှာ မတိကျနိုင်၊ နေရာကို အတိအကျယူလျှင်လည်း အချိန်ကို အတိအကျမယူနိုင်ဟူသော ဆန့်ကျင်ဘက်အင်အားစုများ၏ တိကျမှု ကို ပြောဖို့ခက်လာလေသည်။ နောက်ဆုံး သင်္ချာဗေဒတွင် ရှုပ်ထွေးမှုသီအိုရီ (Theory Of Complexity ) ပေါ်ပေါက်လာသောအခါ အနုပဋိလောမ၏ ပဋိပက္ခသဘောတရားနှင့် တိုင်းတာဖို့နေနေသာသာ၊ လုံးဝမဆိုင်သကဲ့သို့ပင် ဖြစ်သွားရလေသည်။ ဤသည်မှာ အနုပဋိလောမ ၏ အားနည်းချက်ကြောင့်မဟုတ်၊ ရာစုနှစ် တစ်ခုအကြာ တိုးတက်ပြောင်းလဲခဲ့သော သိပ္ပံပညာ ကြောင့်သာဖြစ်သည်။ သို့သော် ၂၁ ရာစုတွင် အနုပဋိလောမ၏ ပဋိပက္ခ သဘောတရားမှာ လက်တွေ့မကျတော့သည်မှာ ယနေ့ခေတ် နည်းပညာတိုးတက်မှုများက သက်သေပင်ဖြစ်သည်။”

မာ့က်စ်ပလန့်ဟာ သူ့ရဲ့ အလင်းဆိုင်ရာသီအိုရီမှာ အလင်းကို လှိုင်းသဘောရော၊ အမှုန်သဘောရောဆောင်တယ်လို့ ဒွိသဘာဝတင်ပြခဲ့ပါတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီး လက်ဝဲဝါဒီတွေဟာ တစ်ဖက်ဆွဲတွေ၊ မဖြူလျှင်မည်းရမယ်ဆိုတဲ့ ဝါဒကို ကိုင်ထားတဲ့သူတွေလို့ ဆိုပါတယ်။ ဒါကတော့ အရမ်းကြီးတစ်ဖက်သတ်ကျတဲ့ စိတ်စွဲချက်မှာပါ။ မာ့က်ဝါဒရဲ့ အနုပဋိလောမက ဒီလိုမြင်တာမဟုတ်ဘူးဆိုတာ အရင်ကလည်း ရှင်းခဲ့ပြီးပါပြီ။ မာ့က်စ်ဝါဒရဲ့ အဓိကဆိုလိုရင်းစစ်စစ်က တစ်ဖက်မဆွဲဖို့ဆိုတာပါပဲ။ တကယ်လို့ တစ်စုံတစ်ယောက်မှာ တစ်ဖက်တည်းပဲမြင်နေမယ် အပြန်အလှန်နှစ်ဖက်အမြင်၊ အနုလုံ ပဋိလုံမမြင်တတ်ရင် ဒါဟာ မာ့က်စ်ဝါဒီလို့ တွေးတောင်မတွေးပါနဲ့။

Uncertainty Principle နဲ့ပတ်သက်ပြီး ချေပစရာလည်း ရှိပါတယ်။ ဒါပေမယ့် ဒီလိုချေပတာဟာ အရမ်းရှည်လျားရှုပ်ထွေးပြီး သီဝရီပိုင်းတွေ ထုတ်ရမှာဖြစ်လို့ အခုချန်ထားခဲ့ပြီး တစ်ခုသော လောကအမွန်စာစဉ်မှာ ဆောင်းပါးအဖြစ် ထည့်သွင်းပေးပါ့မယ်။ Theory of Complexity ကလည်း ထိုနည်းလည်းကောင်းပါပဲ။

အဲ့တော့ အနှစ်ချုပ်ပါမယ်။ အနုပဋိလောမရုပ်ဝါဒကို သိပ္ပံနည်းကျအချက်အချို့နဲ့ သက်သေပြခဲ့ပြီးပါပြီ။ ဒါကတော့ သိပ္ပံနည်းပါ။ လက်တွေ့ လူမှုဗေဒအရ ပြန်ကြည့်မယ်ဆိုရင် အနုပဋိလောမရုပ်ဝါဒဟာ လက်တွေ့မှာ လွန်စွာအသုံးကျမှန်ကန်တယ်ဆိုတာ သိရှိပြီးသားပါပဲ။ သမိုင်းဆိုင်ရာ အဖြစ်အပျက်များကိုလည်း တိတိပပ ရုပ်ဝါဒကျကျ ရှင်းပြခဲ့နိုင်တာ သိကြပြီးသားပါပဲ။ လွန်ခဲ့နှစ်များစွာက ရုပ်ဝါဒီ သခင်စိုးဟာ “စစ်တပ်ဟာ ဖက်ဆစ်သန္ဓေပါတယ်။ တစ်ချိန်ချိန်မှာ တိုင်းပြည်ကို အကြီးအကျယ် ဒုက္ခပေးလိမ့်မယ်” လို့ ကြိုပြီးဟောကိန်းထုတ်တာတွေကြည့်ရင် သိနိုင်ပါတယ်။ အဲဒီအခါက ဘယ်လက်ျာဝါဒီကများ ဒီလိုပြတ်ပြတ်သားသား ရှုမြင်ခဲ့တာ ကြုံကြဖူးမယ်လို့ မထင်ပါဘူး။

ကဲဒီနေ့ ဟောကြားခဲ့တာ ဒေသနာကတော့ ပြီးပါပြီ။ မေတ္တာပို့သကြရအောင်။

            လုံးစုံများစွာ လက်ျာမပါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

လုံးစုံများစွာ မအလမပါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

လုံးစံများစွာ လစ်ဘရယ်ကြောင်မပါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

   ဣစ္ဆိတံ ပတ္ထိတံ တုံယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။ အလိုရှိတိုင်း တောင့်တတိုင်းနဲ့ ပြည့်စုံကြပါစေ။

 

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။