ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ပတ်သက်ပြီး ချီးမွှန်းခန်းဖွင့်ကြတာတွေ တပုံတပင်ပါပဲ။ ပထမ၊ ဒုတိယ၊ တတိယ ဂလိုဘယ်လိုက်ဇေးရှင်းစတဲ့အတိုင်း လက်ယာပညာရှင်တွေက ခွဲခြားပြီးပြောကြ ဆိုကြတယ်။ ဂလိုဘယ်လိုက်ဇေးရှင်နဲ့ပတ်သက်ပြီး လက်ယာဝါဒီတစ်ယောက်က ကျွန်တော့်ကို မေးဖူးပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲတဲ့။ ကျွန်တော့်အနေနဲ့ ပဋိပက္ခတင်ပို့မှုလို့မြင်တယ်ဆိုတော့ သူက သိပ်ကျေနပ်ပုံတော့ မရပါဘူး။

ဂလိုဘယ်လိုက်ဇေးရှင်းဟာ ပဋိပက္ခတင်ပို့မှု အသွင်တစ်ရပ်ပါပဲ။ လက်ရှိအနေနဲ့ဆိုရင် ကမ္ဘာ့စီးပွားရေးကို နဖားကြိုးထိုးထားတဲ့အဖွဲ့က TNCs လို့ခေါ်တဲ့ နိုင်ငံတကာကော်ပိုရေးရှင်းတွေပါပဲ။ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံခွင့်၊ လွတ်လပ်စွာ အရင်းရွှေ့ပြောင်းခွင့်၊ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ဆိုတဲ့ အချက်သုံးရပ်နဲ့ပေါ့လေ။ ဒါပေမယ့် သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ စျေးကွက်ဆိုတာပါပဲ။ ဘာကိုမှ စျေးကွက်ထက် ဦးစားပေးမှာမဟုတ်ဘူး။ သူတို့ဟာ နိုင်ငံတော်လွန်အရင်းရှင်စနစ်ရဲ့ အဓိကဇာတ်ကောင်တွေပါပဲ။ ဂလိုဘယ်လိုက်ဇေးရှင်း ၁.၀ လို ၁၉ ရာစုကာလတွေမှာ အစိုးရက စီးပွားရေးကိုချုပ်ကိုင်ထားပေမယ့် ဂလိုဘယ်လိုက်ဇေးရှင်း ၃.၀ ကာလတွေမှာတော့ စီးပွားရေးလုပ်ငန်းတွေဟာ အစိုးရကို ကျော်လွန်လာတယ်။ အခုဆိုရင် အစိုးရကိုပါ ပြန်ချုပ်နိုင်နေတဲ့ အနေအထားမျိုးတောငါ ဖြစ်နေပါပြီ။လုပ်ငန်တွေအပေါ် အစိုးရက ကန့်သတ်တာ၊ စည်းမျဥ်းလျှော့ချတာတွေလုပ်ဖို့ အမြဲတောင်းဆိုကြတယ်။ အခွန်လျှော့ချရေးတို့ဘာတို့ကိုတော့ တက်တက်ကြွကြွ လက်ခံကြတာပါပဲ။ တစ်ဖက်မှာကျပြန်တော့ သူတို့ပေးနေရတဲ့အခွန်တွေကို မရှိသင့်ဘူးလို့ ဆိုကြပြန်ရော။ ထားပါ။ ပဋိပက္ခတင်ပို့မှုကို ဆက်ကြတာပေါ့။

ကော်ပိုရေးရှင်းတွေတောင်းဆိုတဲ့ လွတ်လပ်ခွင့်သုံးရပ်ဟာ သာမာန်အားဖြင့်ဆိုရင် ကောင်းတယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းက သူတို့စားကွက်ချည်းပါပဲ။ ဥပမာအနေနဲ့ဆိုရရင် အိုင်ဖုန်းတွေကို တရုတ်ကနေ ထုတ်ကြတယ်။ ဒါ့ကြောင့် အိုင်ဖုန်းတိုင်းမှာ Assembled in China ဆိုတာ ပါလာတာပါပဲ။ ဘာလို့လဲဆိုရင် တရုတ်မှာ စျေးပေါပေါနဲ့ အလုပ်သမားဖောဖောသီသီရှာလို့ရတာကြောင့်ပါပဲ။ ပိုချိုတဲ့စျေးတဲ့ အိုင်ဖုန်းထုတ်ပြီး အမြတ်ပိုရအောင် ဖန်တီးကြတာပါ။ ကော်ပိုရေးရှင်းတစ်ခုရဲ့ တန်ဖိုးဟာ စထတော့တန်ဖိုးပါပဲ။ ဒါ့ကြောင့် သူတို့ရဲ့စတော့စျေးတက်အောင် ရှယ်ယာတွေကို တစ်ဖက်လှည့်နဲ့ ပြန်ဝယ်ကြတာမျိုးတောင် ရှိတယ်။ ခုဏကဆိုခဲ့တဲ့ လွတ်လပ်စွာ အရင်းရွှေ့ပြောင်းခွင့်နဲ့ပတ်သက်ပြီး ဆွတ်ဇာလန်ဘဏ်က ပြောဖူးတာရှိပါတယ်။ ကော်ပိုရေးရှင်းတွေရဲ့ အရင်း ၁% လောက်ပဲ ရွှေ့ပြောင်းတယ်ဆိုရင်တောင် အဲ့ဒီပမာဏဟာ အာရှက စတော့ရှယ်ယာစျေးကွက်ရဲ့ လေးပုံတစ်ပုံရှိတယ်တဲ့။ ဒါ့ကြောင့်လည်း စတော့စျေးကွက်မတည်ငြိမ်တိုင်း အာရှနိုင်ငံတွေမှာ အခက်တွေ့နေရတာပါပဲ။

ဂလိုဘယ်လိုက်ဇေးရှင်းဟာ စီးပွားရေ ကိုလိုနီပြုတာပါပဲ။ အကြွေး၊ စီးပွားရေးအဆောက်အဦး၊ ပုဂ္ဂလိကပိုင်ကုမ္ပဏီတွေ တိုးပွားစေတာတွေနဲ့ နိုင်ငံတစ်ခုကနေ အခြားနိုင်ငံတစ်ခုကို ကိုလိုနီပြုကြတာပါပဲ။

ဂလိုဘယ်လိုက်ဇေးရှင်းဟာ ကော်ပိုရေးရှင်းတွေကို ပိုချမ်းသာလေစေတယ်။ ဘာလို့လဲဆိုရင် ကော်ပိုရေးရှင်းတွေရဲ့ အကျိုးအမြတ်တစ်ခုတည်းကို ကြည့်လို့ပါပဲ။ ၉၀ ခုနှစ်ကာလတွေမှာ ကော်ပိုရေးရှင်းတွေဟာ ၁၀၈ ရာခိုင်နှုန်းအထိ အမြတ်ပမာဏ တိုးလာတယ်။ CEO တစ်ယောက်ရဲ့ ဝင်ငွေဟာ ၄၈၁ ရာနှုန်းအထိ တိုးလာတယ်။ ဒါပေမယ့် အခြေခံအလုပ်သမားတွေရဲ့ လုပ်ခလစာကတော့ ၂၈ ရာခိုင်နှုန်းပဲ တိုးလာတာပါပဲ။ အဲ့ဒီပမာဏဟာ ငွေကြေးဖောင်းပွမှုပမာဏနဲ့သိပ်မကွာတဲ့အတွက် လစာမတိုးဘူးလို့တောင် ဆိုနိုင်တယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဟာ ကော်ပိုရေးရှင်းတွေကို ပိုချမ်းသာလာစေတာကြောင့် အလုပ်သမားထုကို ပိုဆင်းရဲစေတယ်။ ဒုတိယကမ္ဘာစစ်ကာလမှာ ဆင်းရဲချမ်းသာနှစ်ခုကြားက ကွာဟာမှုဟာ အဆ ၃၀ ရှိတယ်။ ၇၀ ဝန်းကျင်မှာ အဆ ၆၀ ဖြစ်လာပြီး အခုကာလမှာ အဆ ၈၀ လောက် ရှိလာပြီဖြစ်တယ်။ ဂလိုဘယ်လိုက်ဇေးရှင်းရေစီးကြောင်းထဲမှာ ချမ်းသာလေလေ အကျိုးအမြတ်ပိုရလေလေ၊ ဆင်းရဲလေလေ အကျိုးအမြတ်မရလေလေပါပဲ။

ပဋိပက္ခတင်ပို့မှုနဲ့ ဆက်ပြောရရင် ဆိုရှယ်လစ်တော်လှန်ရေးဟာ အမေရိကလို ထိပ်တန်းနိုင်ငံတွေမှာ အရင်ဖြစ်လိမ့်မယ်လို့ ကားလ်မာ့က်စ်က ဟောကိန်းထုတ်ဖူးတယ်။ ဒါပေမယ့် တကယ့်တကယ်တော်လှန်ရေးဖြစ်တော့ အဒေသရာဇ်တစ်ပိုင်းတွေဖြစ်တဲ့ ရုရှား၊  တရုတ်နဲ့ ဗီယက်နမ်မှာ သွားဖြစ်တယ်။ ဘာလို့လဲဆိုရင် နဂိုကတည်းက နိမ့်ကျနေတဲ့လူ့အဖွဲ့အစည်းမှာရှိတဲ့ နိုင်ငံတွေကို အရင်းတင်ပို့ပြီး ဂုတ်သွေးစုတ်လိုက်တဲ့အခါ အရင်းရှင်နိုင်ငံတွေမှာထက် အဲ့ဒီနိုင်ငံတွေမှာ လူတန်းစားပဋိပက္ခ ပိုပြင်းထန်လာတယ်။ ဒီပဋိပက္ခတွေကပဲ တော်လှန်ရေးဆီကို ဦးတည်သွားတာပါပဲ။

ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ပတ်သက်ပြီး နီးနီးနားနားဥပမာကတော့ အင်ဒိုနီးရှားပါပဲ။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ သာဝကကြီးလို့တောင် ကမ္ဘာ့ဘဏ်က ချီးကျူးခဲ့ပါသေးတယ်။ ၉၇ ရောက်တော့ နိုင်ငံတကာအရင်းတွေ ပြန်ထုတ်သွားတော့ အင်ဒိိုနီးရှားခမျှာ စတော့စျေးကွက်လည်းပျက်၊ ငွေကြေးလည်းပျက်ပြီး ကျန်ခဲ့တာပါပဲ။ ၉၈ မှာအင်ဒိုနီးရှားရဲ့ သန်းရွှေလို့ပြောရမယ့် ဆူဟာတိုလည်း ရာထူးပြတြၽသွားတယ်။ ဒါပေမယ့် လျှော်ကြေးအနေနဲ့ ဒေါ်လာသန်း ၁၅၀၀၀ လောက် ရသွားတယ်။ အင်ဒိုနီးရှားကို အရင်းတင်ပို့ဖို့ ဘာလို့ရွေးချယ်ကြတာလဲဆိုရင် အလုပ်သမားစျေးပေါလို့ပါပဲ။ နာမည်ကြီးတဲ့ GAP၊ Nike တို့လို့ ကုမ္ပဏီတွေက အင်ဒိုနီးရှားကို ဝင်လာတယ်။ ပေါင် (၁၀၀) လောက် မြန်မာငွေ နှစ်သိန်းခံဲပေါက်စျေးရှိတဲ့ အထည်တွေကို ချုပ်တယ်။ ဒါပေမယ့် အဲ့ဒီစက်ရုံက အလုပ်သမားတွေကတော့ တစ်နေ့ကို ဆင့် ၇၀ ကျော်ကနေ တစ်ဒေါ်လာလောက်ပဲရတယ်။ Nike ကုမ္ပဏီက ဖိနပ်ချုပ်သမားဆိုရင် ဖိနပ်တန်ဖိုးရဲ့ ၄ ရာခိုင်နှုန်းပဲ လစာရတယ်။

ဆူဟာတိုကဆိုရင် တကယ့်ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်ပါပဲ။ ဒါပေမယ့် အနောက်တိုင်းကအစိုးရတွေက သူ့ကို ချီးကျူးကြတယ်။ ဂုဏ်ပြုကြတယ်။ လက်ခံကြတယ်။ ဒီမိုကရေစီကင်းမဲ့တာ၊ လူ့အခွင့်အရေးချိုးဖောက်တာဘာလုပ်လုပ် ဆူဟာတိုကို ဘာမှမပြောကြဘူး။ ဘာလို့လဲဆိုရင် သူဟာ ဂလိုဘယ်လိုက်ဇေးရှင်းမှာအသုံးကျနေလို့ပဲ။ ဆူဟာတိုအစိုးရက မြန်မာငွေ ၇၀၀ ဝန်းကျင်ကို အနိမ့်ဆုံးလုပ်ခလစာအဖြစ် သတ်မှတ်ပေးထားတယ်လေ။ အမေရိကန်နဲ့ ဗြိတိန်က ဆူဟာတိုကို မြှောက်ပေးပြီး သူတို့အကျိုးစီးပွားကို ရှာကြတာပေါ့လေ။ ၉၇ ခုနှစ်၊ အင်ဒိူနီးရှားကနေ အရင်းတွေပြန်နှုတ်ကြမယ့်အချိန် ဆူဟာတိုဆင်းခါနီးမှ အင်ဒိုနီးရှားရဲ့ အကြွေးအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းလောက်က စစ်အစိုးရက ပေးရမယ့်အကြွေးတွေလို့ ကမ္ဘာ့ဘဏ်က ​ပြောတော့တာပါပဲ။ သူတို့အားရအောင် ဂုတ်သွေး၀ုပ်ပြီး အရင်းပြန်နှုတ်လိုက်ချိန်မှာတော့ အင်ဒိုနီးရှားက အခွံပဲကျန်ခဲ့တော့တာပါပဲ။

ဆိုတော့ကာ ဂလိုဘယ်လိုက်ဇေးရှင်းဟာ ကမ္ဘာ့သွေးစုပ်မှုစနစ်ကြီးပါပဲ။ ဒါကိုငြင်းလို့မရဘူး။ ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတွေကို အရ၈်းတင်ပို့မယ်၊ ဂုတ်သွေးစုပ်မယ်၊ ဝရင် အရင်းပြန်နှုတ်မယ်၊ ငွေထုပ်ပိုက်ပြန်မယ်။ ဒီလောက်ပါပဲ။ လက်ရှိအနေနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဟာ အပြင်ကရွှေမှုံကျဲပြီး အထဲကနောက်ချေးခံထားတဲ့စနစ်ပါပဲ။

မြတ်မင်းမောင်မောင်

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။