ကျွန်တော်တို့ social media ပတ်ဝန်းကျင်မှာ online shop ရေစီးကြောင်းကို နေ့စဉ်လိုလို မြင်တွေ့နေရပါတယ်။ shop.com.mm တို့လို ကုမ္ပဏီတွေအပြင် အသေးစား အိမ်တွင်းလုပ်ငန်းတွေအထိပါ အွန်လိုင်းဈေးကွက်က ရှိနေပါတယ်။ ဒီ online shop တွေရဲ့ကြားမှာ စိမ့်ပြီးဝင်လာတာကတော့ MLM နဲ့အလားတူ ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေ ထိုဖောက်ဝင်ရောက်လာတာဟာ ဘယ်လိုဆိုးကျိုးတွေ ရှိလာမလဲဆိုတာ ကြည့်ကြပါစို့။

 

အွန်လိုင်းရှော့ (၄) မျိုး

 

အွန်လိုင်းရှော့တွေကို လေ့လာကြည့်မယ်ဆိုရင် ယေဘုယျအားဖြင့် လေးမျိုးတွေ့ရပါတယ်။

(က) ထုတ်ကုန်ရောင်းချခြင်း

(ခ) ရာခိုင်နှုန်းဖြင့်ရောင်းချခြင်း

(ဂ) သမားရိုးကျရောင်းချခြင်း

(ဃ) MLM နဲ့ အလားတူစနစ်

ထုတ်ကုန်ရောင်းချတဲ့ အွန်လိုင်းရှော့တွေက များသောအားဖြင့် တစ်နိုင်တစ်ပိုင် အိမ်တွင်းထွက်ကုန်ရောင်းချတဲ့ အွန်လိုင်းရှော့တွေ၊ စားသောက်ဆိုင်တွေနဲ့ ကုပ္ပဏီတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ထုတ်တဲ့ ကုန်ပစ္စည်းကို တိုက်ရိုက်ရောင်းချတာဖြစ်လို့ မူရင်းဈေးနဲ့ပဲ စားသုံးသူဆီ ရောက်တာဖြစ်ပါတယ်။

ရာခိုင်နှုန်းနဲ့ ရောင်းချတဲ့ အွန်လိုင်းရှော့တွေကတော့ လက်ခွဲဖြန့်တဲ့ အွန်လိုင်းရှော့တွေ များပါတယ်။ စာအုပ်တစ်အုပ်ကို လက်ခွဲရောင်းတယ်ဆိုကြပါစို့။ စာအုပ်တိုက်ရဲ့မူအရ စာအုပ်ကို ဈေးတင်မရောင်းရဘူး။ ဒါပေမယ့် ရောင်းရတဲ့ငွေထဲကနေ ‌ကော်မရှင်ခလို့ခေါ်တဲ့ ရာခိုင်နှုန်းကို ခံစားခွင့်ရှိတယ်။

သမရိုးကျရောင်းချတာက အရပ်ထဲမှာ ဈေးရောင်းကြသလိုပါပဲ။ အွန်လိုင်းရှော့ပိုင်ရှင်က ဆိုင်တစ်ဆိုင်ကနေ ဖောက်သည်ဈေးနဲ့ ယူမယ်။ ပြီးတဲ့အခါ အမြတ်တင်ပြီးရောင်းမယ်။

MLM နဲ့ အလားတူစနစ်တွေကကျတော့ ကုမ္ပဏီရှိမယ်။ ကုမ္ပဏီအောက်မှာမှ အဆင့်တွေခွဲထားမယ်။ Level 1, 2, 3 စသည်ဖြင့်ပေါ့။ နယ်တစ်ခုစီမှာ Agent တွေ Leader တွေ ရှိမယ်။ ဒါပေမယ့် သူတို့ရဲ့ ကုန်စည်ရောင်းချမှုက အထက်က ပြောခဲ့တဲ့ ရောင်းချနည်းတွေလို မရိုးရှင်းပါဘူး။ ဆက်ကြည့်ကြရအောင်။

 

MLM နဲ့ အလားတူစနစ်များ

 

MLM ဆိုတာ Multi-layers Marketing ကို ဆိုလိုတာပါ။ လွယ်လွယ်ခေါ်ရရင် အလွှာထား၍ ရောင်းချခြင်းပေါ့။ သူတို့ဘယ်လိုရောင်းကြသလဲဆိုတာ ဆက်ကြည့်ကြစို့။

MLM နဲ့ အလားတူ ကုမ္ပဏီတစ်ခု ရှိတယ်။ Product က အလှကုန်ဆိုကြပါစို့။ ကုမ္ပဏီဟာ သူတို့နဲ့ အနီးစပ်ဆုံးအနေနဲ့ Level 5 ဆိုတဲ့ အလွှာတစ်ခုကို ဖန်တီးလိုက်တယ်။ အဲ့ဒီကုမ္ပဏီရဲ့ ထုတ်ကုန်တစ်ခုကို ရောင်းချတဲ့အခါ Level 5 ကို ဈေးသက်သက်သာသာနဲ့ ပေးပါလိမ့်မယ်။ တစ်ထောင်တန်ပစ္စည်းတစ်ခု ရောင်းတယ်လို့ ဆိုကြပါစို့။ Level 5 ဟာ 500 ဆိုတဲ့ဈေးနဲ့ ရပါလိမ့်မယ်။ ဒါပေမယ့် Level 5 ဟာ သတ်မှတ်ဈေး တစ်ထောင်နဲ့ ပဲ ပြန်ရောင်းရပါလိမ့်မယ်။

Level 5 ဟာ သူ့ရဲ့အောက်အလွှာဖြစ်တဲ့ Level 4 ကို နောက်တစ်ဆင့် ဖန်တီးပါတယ်။ ပြီးတဲ့အခါ သူ 500 နဲ့ ရထားတဲ့ Product ကို 600 နဲ့ Level 4 ကို ပြန်ရောင်းချပါလိမ့်မယ်။ Level 4 ကတော့ သတ်မှတ်ဈေး တစ်ထောင်နဲ့ပဲ ဖြန့်တယ်ပေါ့။

နောက် Level 4 ဟာ သူ့အောက်အလွှာ Level 3 ကို ဖန်တီးပါတယ်။ ပြီးတဲ့အခါ သူ 600 နဲ့ယူထားတဲ့ပစ္စည်းကို 700 နဲ့ ပြန်ရောင်းပါတယ်။ ဒီလိုနဲ့ Level 5 ကနေ 1 အထိ အဆင့်ဆင့် ရောင်းချတယ်ပေါ့။

ဟုတ်ပြီ။ ထုတ်ကုန်ရဲ့ သတ်မှတ်ဈေးနှုန်းဟာ တစ်ထောင်ဖြစ်တယ်။ ဘာ့ကြောင့် Level 5 ကို 500 နဲ့ ပေးနိုင်သလဲ။ ကုမ္ပဏီကိုယ်တိုင်က MLM နဲ့ အလားတူစနစ်ကို သုံးပြီး ဈေးကွက်မှာတိုးဖို့ မူရင်းဈေးထက် မြှင့်ထားပြီး ဖြစ်နေလို့ပါပဲ။

 

MLM နဲ့ အလားတူစနစ်မှ ခေါင်းပုံဖြတ်မှု

 

MLM နဲ့ အလားတူစနစ်တွေဟာ စားသုံးသူကို ရောင်းချတဲ့နေရာမှာ အဆင့်ဆင့်ခေါင်းပုံဖြတ်မှုကို အသုံးပြုပါတယ်။ ကုမ္ပဏီဟာ အလွှာအားလုံးရဲ့ အမြင့်ဆုံးမှာ ရှိတယ်။ ကုမ္ပဏီဟာ သူ့ရဲ့အကျိုးအမြတ်အတွက် အောက်က အလွှာအသီသီးကနေ အမြတ်ကို အဓိကရယူပါတယ်။ Level အသီးသီးက Agent တွေက သူ့ရဲ့အောက်က Level တွေဆီက‌နေ အမြတ်ကို ရယူပါတယ်။ အဲ့လို အမြင့်ဆုံးအလွှာကနေ အောက်ဆုံးအလွှာအထိ အဆင့်ဆင့် ဈေးတင်ရောင်းချတာဖြစ်လို့ ကုန်ပစ္စည်းဟာ စားသုံးသူလက်ထဲကို ရောက်သွားပြီဆိုရင် ဈေးက အဆမတန် တက်ပြီးသားပါ။ ဒါကို သူတို့က ဝန်ဆောင်ခလို့ နာမည်လှလှတပ်ကြပါတယ်။

Level အလိုက် ကုမ္ပဏီဆီကနေ ရယူတဲ့ဈေးနှုန်း မတူတဲ့အတွက် အမြတ်ငွေက မတူကြပါဘူး။ Level မြင့်လာခေလေ အမြတ်ငွေရလေလေပေါ့။ ဟုတ်ပြီ၊ Level တက်ဖို့ ဘယ်လိုလုပ်ကြသလဲ။ Level တက်ဖို့ဟာ ကိုယ့်ရဲ့ ရောင်းချမှုအား တစ်နည်းအားဖြင့် ကုမ္ပဏီကို အလုပ်အကျွေးပြုနိုင်မှုအပေါ်မှာ မူတည်ပါတယ်။ Agent တစ်ယောက်ဟာ ကုန်ပစ္စည်းအရေအတွက် များများရောင်းရလေလေ၊ ကုမ္ပဏီမှာ အကျိုးအမြတ်ရလေလေ၊ Level တက်လေလေပါပဲ။ အဲ့ဒီ Level တစ်နေရာကို ရောက်နေတဲ့ Agent က သူ့အောက်မှာ နောက်ထပ်အလွှာတွေကို ထပ်ဖွဲ့စည်းပါတယ်။ မြင်နေကြရတဲ့ Agent ခေါ်နေတာ ဒီကိစ္စပါပဲ။ Agent ဝင်လိုက်ပြီဆိုတာနဲ့ အဲ့ဒီ Agent ဟာ အမြတ်ထုတ်ခံရမှု အဝန်းအဝိုင်းထဲမှာရောက်သွားပါပြီ။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။