မနေ့က MLM နဲ့ အလားတူစနစ်တွေရဲ့အကြောင်း အချို့ပြောခဲ့ပြီးပါပြီ။ ဒီနေ့ MLM ရဲ့ဆိုးကျိုးတွေကို ဆက်ကြည့်ကြစို့။

 

အဆုံးမဲ့အလွှာချဲ့ထွင်ခြင်း

MLM နဲ့ အလားတူစနစ်တွေဟာ အလွှာများလေလေ ကုမ္ပဏီအတွက် မြတ်လေလေပါပဲ။ အလွှာများလာလေလေ၊ Agent များလာလေလေ ကုန်ပစ္စည်းရောင်းချရလေလေပေါ့။ ဒါ့ကြောင့် အလွှာခဲ့ထွင်ခြင်းကို အဆက်မပြတ်လုပ်ကြပါတယ်။ သူတို့မှာ အလွှာအရေအတွက်နဲ့ Agent အရေအတွက် ကန့်သတ်ချက်ဆိုတာ မရှိပါဘူး။ ဖြစ်နိုင်ရင် ကမ္ဘာလူ့ဦးရေအားလုံးကို အလွှာတွေအဖြစ်တောင် ဖန်တီးပါလိမ့်မယ်။

အဲ့လို အလွှာဖန်တီးတဲ့နေရာမှာ ဝင်ငွေမရှိဘဲဖြစ်နေတဲ့ အလုပ်လုပ်ဖို့ တက်ကြွနေတဲ့ ဆယ်ကျော်သက်တွေဟာ ဒီအလွှာတွေမှာ ဝင်လာကြတယ်။ သူတို့ဟာ Agent ဖြစ်လာတဲ့အခါ ကုမ္ပဏီက သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းအရေအတွက်အတိုင်း ဝယ်ပြီးရောင်းရပါတယ်။ ဒီလိုရောင်းတဲ့အခါမှာလည်း ကုမ္ပဏီက ပေးတဲ့ဈေးအတိုင်း ရတာမဟုတ်ပါဘူး။ သူ့အထက်မှာရှိတဲ့ အလွှာအသီးသီးအတွက် အမြတ်ငွေပေးပြီးမှ ရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အရင်းပြန်ရအောင် ရောင်းကြရတော့မယ်။ အချို့ကလည်း ရောင်းရတယ်။ အချို့က မရောင်းရဘူး။

ရောင်းရတဲ့သူတွေက Level တက်ချင်လာပါတယ်။ ဒီထက်မြင့်တဲ့ Level ရောက်ရင် သူက ဒီထက်ချိုတဲ့ဈေးနဲ့ ကုန်ပစ္စည်းရမယ်။ ပြန်ရောင်းရင် ပိုမြတ်မယ်ပေါ့။ ဆိုတော့ အမြတ်ထုတ်ခံရတာကို မမြင်တော့ဘဲ Level တက်ဖို့ ကြိုးစားပမ်းစား ရောင်းပါတော့တယ်။ MLM နဲ့ အလားတူစနစ်တွေက အလွှာတွေထားလိုက်ခြင်းအားဖြင့် Level တက်လာရင် ပိုပြီးငွေဝင်မယ်ဆိုတာကို ရိုက်သွင်းထားတာပါ။ Level တက်လာရင် သူ့အောက်မှာ ထပ်ပြီး အလွှာတွေ ဖန်တီးပါတော့တယ်။ ဒီလိုနဲ့ အလွှာတွေ ပိုများလာတယ်။

ကိုယ့်အောက်မှာ အလွှာတစ်ခုပေါ်လာဖို့ Agent ဝင်မယ့်သူတွေကို စည်းရုံးတဲ့အခါမှာ လှည့်ကွက်တစ်ခုကို သုံးပါတယ်။ အဲ့ဒါကတော့ income ပါပဲ။ တစ်ရက်ဘယ်လောက်ရတယ်၊ တစ်လဘယ်လောက်ရတယ်ဆိုပြီး ပိုက်ဆံပုံတွေ ပြကြပါတယ်။ တကယ်က အဲ့ပိုက်ဆံအကုန်လုံးက သူ့ရဲ့ငွေလို့ မဆိုနိုင်ပါဘူး။ သူကုန်ပစ္စည်းဝယ်လိုက်ရတဲ့ အရင်းကိုနုတ်ပြီးမှ သူ့ဝင်ငွေကို ရမှာဖြစ်ပါတယ်။ တစ်ချို့ဆိုရင် တစ်လကို သိန်း (၁၀) ချီဝင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သိန်း (၁၀) ချီတဲ့ဝင်ငွေက သူတို့ဆီမှာ အဖတ်တင်ရဲ့လား။

တစ်ခါ အဲ့ဒီဝင်ငွေကိုရော သူတကယ်ကိုင်ရသလား။ Level တစ်ခုမှာ ရောင်းလို့အဆင်ပြေတယ်ဆိုရင် နောက် Level တစ်ခုကို ဆက်တက်ဖို့ လုပ်ပါတယ်။ အဓိကက ပိုပြီးမြတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါပဲ။ အဲ့တော့ Level တက်ဖို့က တစ်နည်းပဲရှိတယ်။ ကုန်ပစ္စည်းပိုယူပေါ့။ အဲ့လို ပိုယူတဲ့အခါ အရင်က Level တုန်းက ရခဲ့တဲ့အမြတ်ဟာ Level အသစ်တက်တဲ့အခါ အရင်းပြန်ဖြစ်သွားတယ်။ ဒီလိုနဲ့ အမြတ်ရလိုက် အရင်းပြန်ဖြစ်လိုက်နဲ့ လည်ပတ်နေတာပါပဲ။

ဒီလို အလွှာတွေတိုးချဲ့တဲ့အတွက် ကုန်ပစ္စည်းသုံးစွဲသူနဲ့ Agent မမျှမတ ဖြစ်လာတဲ့ပြဿနာကို ကြုံတွေ့လာရမှာပါ။ အဲ့ဒီအခါမှာ Agent တွေဆီမှာ ကုန်ပစ္စည်းမရောင်းရတဲ့ပြဿနာ ပေါ်လာပါမယ်။ ဒါပေမယ့် ကုမ္ပဏီကတော့ Agent တွေ ထပ်ရှာနေဦးမှာပဲ။ ကုမ္ပဏီရဲ့ Tergat က စားသုံးသူထက် Agent တွေကို ပိုဦးတည်နေတာပါ။ နောက်ဆုံးမှာ Agent တွေဟာ ဒီလိုအဆုံးသတ်သွားကြတာမျိုး ဖြစ်တတ်ပါတယ်။

 

Price to performance

ကျွန်တော်တို့ဟာ ကုန်ပစ္စည်းတစ်ခုကို ဝယ်တဲ့အခါ ပေးရတဲ့ဈေးနဲ့ တန်ရဲ့လားဆိုတာကို တွေးတတ်ကြပါတယ်။ စားသုံးသူဟာ မြန်မြန်အာနိသာရတယကို ကြိုက်တတ်ကြပါတယ်။ ဒါ့ကြောင့် ကုမ္ပဏီကလည်း မြန်မြန်အာနိသင်ပြမယ့် ကုန်ကြမ်းတွေထည့်ပြီး ကုန်ပစ္စည်းကို ထုတ်လုပ်ပါတယ်။ ဒါ့ကြောင့် ရက်တိုတိုနဲ့ အာနိသင်ကို မြင်ရတယ်။ တန်တယ်လို့ ခံစားသွားရတယ်။ ဒါ့ကြောင့်လည်း MLM နဲ့ အလားတူစနစ်တွေမှာ ရောင်းတဲ့ အလှကုန်ကုန်ပစ္စည်းတွေကြောင့် Steroid ဖြစ်တာကို ခဏခဏ ကြားရပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နိုင်ငံတကာထုတ်ကုန်တွေဖြစ်တဲ့ Nivea၊ Bella၊ Signal၊ Acnes စတဲ့ ကုန်ပစ္စည်းတွေ အများကြီး ရှိပါတယ်။ ဒီကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းနဲ့ MLM နဲ့ အလားတူစနစ်တွေက ကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းဟာ အဆမတန် ကွာခြားကြပါတယ်။ Quality ကြောင့်လားဆိုတော့ မဟုတ်ပါဘူး။ အလွှာထားတာနဲ့ မထားတာ ကွာခြားတာပါ။ MLM နဲ့အလားတူကုမ္ပဏီတွေဟာ ငွေကြေးမြတ်တယ်ဆိုရင်တောင် ကုမ္ပဏီ Image ချင်း မယှဉ်နိုင်ပါဘူး။

MLM နဲ့ အလားတူစနစ်တွေမှာ အလွှာအရမ်းများတဲ့အတွက် ဈေးက ကြီးကိုကြီးပါတယ်။ မူရင်းပကတိဈေးနဲ့ စားသုံးသူက ဝယ်ယူရတဲ့ဈေးဟာ အဆမတန် ကွာဟ လွန်းပါတယ်။ ဒါ့ကြောင့် MLM နဲ့ အလားတူစနစ်တွေကို စီးပွားရေးမာဖီးယားတွေလို့ သမုတ်တာပါပဲ။ မူရင်း‌ထိုက်သင့်တဲ့ဈေးထက် အဆပေါင်းများစွာ ပေးပြီးဝယ်ရတာဖြစ်လို့ စားသုံးသူအတွက် နစ်နာမှု ဖြစ်စေပါတယ်။ Price to performance ဆိုတာကတော့ အဝေးကြီးပါပဲ။ မတန်တဆဈေးပေးရတာဖြစ်လို့ Price က များနေပါလိမ့်မယ်။

 

ဘိုင်းကောက်ကြ

လက်ရှိကာလမှာ စစ်ကောင်စီနဲ့ ပါတနာကျတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူလူထုက Boycott လုပ်ကြပါတယ်။ ထို့အတူပဲ စီပွားရေးမာဖီးယားတွေဖြစ်တဲ့ MLM နဲ့ အလားတူစနစ်တွေဟာ ဂုတ်သွေးစုပ်ဖို့သက်သက် ပေါ်ပေါက်လာတာဖြစ်လို့ သူတို့ရဲ့ ထုတ်ကုန်တွေကို မဝယ်ယူဘဲ Boycott လုပ်သင့်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က NLD အစိုးရလက်ထက်မှာ MLM စနစ်ကို ပိတ်ပင်ထားခဲ့ပါတယ်။ ဒါပေမယ့် MLM နဲ့ အလားတူတဲ့ စနစ်တွေ ထပ်ပေါ်လာခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံတင်မဟုတ်ပါဘူး အခြားနိုင်ငံကြီးတွေမှာပါ MLM စနစ်ကို ပိတ်ပင်ထားပါတယ်။ MLM နဲ့ အလားတူစနစ်တွေဟာ Agent တွေအပေါ်ရော စားသုံးသူတွေအပေါ်မှာပါ မတရား အမြတ်ထုတ် ဂုတ်သွေးစုတ်ကြတာဖြစ်ပါတယ်။ ဒီလိုဂုတ်သွေးစုတ်မှုကြောင့် အထက်ဆုံးကုမ္ပဏီနဲ့ ထိပ်ပိုင်းအလွှာဟာ အလွန်ချမ်းသာလာကြတယ်။ တစ်ခါ အလွန်ချမ်းသာတဲ့အလွှာရဲ့အောက်က အလွှာအချို့ကတော့ သာမာန်အတိုင်း ချမ်းသာလာကြတယ်။ အလွှာတွေရဲ့ အလယ်က အလွှာတွေကတော့ အဆင်ပြေတဲ့အနေအထားမှာရှိပြီး အဲ့ဒီအဆင်ပြေတဲ့အလွှာရဲ့ အောက်ကအလွှာအားလုံးကတော့ MLM နဲ့ အလားတူစနစ်တွေရဲ့ ဂုတ်သွေး‌စုပ်မှုဒဏ်ကို အလူးအလဲခံကြရပါတယ်။ စီးပွားရေးပညာရှင်တွေရဲ့အလိုအရ MLM နဲ့ အလားတူစနစ်တွေက အလွှာတွေရဲ့ (၀.၁%) ဟာ အလွန်ချမ်းသာတဲ့အဆင့်၊ (၀.၄%) ဟာ သာမာန်ချမ်းသာတဲ့အဆင့်၊ (၄%) ဟာ အဆင်ပြေတဲ့အဆင့်နဲ့ ကျန်တဲ့ရာခိုင်နှုန်းတွေကတော့ ငွေကြေးဆုံးရှုံးနေရပါတယ်။ ဒါ့ကြောင့် ဒီလို လူမဆန်ဘဲ လုပ်ဖော်ပိုင်ဖက် Agent အချင်းချင်းအပေါ်မှာရော၊ စားသုံးသူအပေါ်မှာပါ ဂုတ်သွေးစုပ်အမြတ်ထုတ်နေတဲ့ MLM နဲ့ အလားတူစနစ်တွေကို ဆန့်ကျင်ပြီး သူတို့ရဲ့ ထုတ်ကုန်တွေကို မဝယ်ယူဘဲ Boycott လုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။