အရင်းရှင်ကုန်ထုတ်လုပ်မှုစနစ်ရဲ့ ဓနအင်အားကတော့ ကုန်ပစ္စည်းတွေ အဆမတန် စုပုံနေခြင်းအသွင်ပဲလို့ ကားလ်မာ့က်စ်က ဆိုပါတယ်။ ဒါ့ကြောင့် အရင်း ရှင်စနစ်ကို လေ့လာတဲ့အခါမှာ ကုန်ပစ္စည်းအကြောင်း‌ လေ့လာမယ်ဆိုရင် ကုန်ပစ္စည်းဆိုတာ ဘာလဲလို့ အရင်မေးဖို့ လိုပါတယ်။ ကုန်ပစ္စည်းဆိုတာက ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်စည်းပေးတဲ့ အရာတွေပေါ့။ ကျွန်တော်တို့ဟာ အဝေးက သူငယ်ချင်းနဲ့ စကား ပြောချင်တယ်ဆိုပါစို့။ ဒါဆို ကျွန်တော်တို့ရဲ့ ဆန္ဒကို ဖြည့်စည်းဖို့ တယ်လီဖုန်းလို တယ်။ ဒီလို ကျွန်တော်တို့ရဲ့ ဆန္ဒကိုဖြည့်စည်းပေးခြင်းက ကုန်ပစ္စည်းကို တန်ဖိုး ရှိစေတယ်။

အရာတိုင်းမှာ ပင်ကိုယ်ကတည်းက တန်ဖိုးရှိတယ်။ လပ်ပတော့တစ်လုံးလို့ ဆိုကြပါစို့။ သူ့မှာ တန်ဖိုးရှိတယ်။ သူ့ကို အမျိုးမျိုး အသုံးချလို့ရတယ်။ အဲ့ဒီလို အသုံး ချနိုင်တာဟာ သူ့ရဲ့ အသုံးပြုမှုတန်ဖိုးပါပဲ။ ကျွန်တော်တို့အသုံးချသလောက် အသုံး ကျတယ်။ ဆိုလိုတာက အသုံးပြုမှုတန်ဖိုးရှိသလောက် အသုံးဝင်တယ်။ အသုံးပြုမှု တန်ဖိုးဆိုတာက လူ့အဖွဲ့အစည်းမှာရှိသမျှ အရာတိုင်းရဲ့ အနှစ်သာရပဲ။ အဲ့ဒီအသုံးပြု မှု တန်ဖိုးကြောင့်ပဲ ကုန်ဖလှယ်မှုတန်ဖိုးဆိုတာ ပေါ်လာတယ်။ ဆိုလိုတာက အသုံး ပြုနိုင်လို့၊ အသုံးဝင်လို့ ဈေးနှုန်းဆိုတာ ပေါ်လာရတာပါပဲ။

ကျွန်တော်တို့မှာ ငွေ (၅၀၀) ရှိတယ်၊ အဲ့ဒီငွေငါးရာနဲ့ စာအုပ်ဆိုရင် နှစ်အုပ်၊ ဘောပင်ဆိုရင် သုံးချောင်း၊ ခဲဖျက်ဆိုရင် ငါးခု ဝယ်လို့ရတယ်လို့ ဆိုကြပါစို့။ ဒီလိုဆို ရင် ဒီလိုဆိုရင် စာအုပ်နှစ်အုပ်၊ ဘောပင်သုံးချောင်း၊ ခဲဖျက်ငါးခုကို တစ်ခုနဲ့တစ်ခု လဲလို့ရတယ်။ ဘာလို့လဲဆိုရင် ကုန်ဖလှယ်မှုတန်ဖိုး တူညီနေလို့ပဲ။

ဟုတ်ပြီ၊ အဲ့လိုကုန်ဖလှယ်တဲ့အခါမှာ ကုန်ပစ္စည်းနှစ်ခုကို ယှဉ်ကြည့်ရတော့ မယ်။ ယှဉ်တဲ့အခါမှာ အမြင်နဲ့ ဆုံးဖြတ်လို့တော့ ရမှာမဟုတ်ပါဘူး။ သူတို့နှစ်ခုမှာ ရှိနေတဲ့ ဘုံအကြောင်းအရာတစ်ခုကို တန်ဖိုးအဖြစ်ယူပြီး ကုန်ဖလှယ်မှုတန်ဖိုးကို ရှာရမယ်။ တြိဂံနှစ်ခုကို နှိုင်းယှဉ်ကြည့်တယ်လို့ ဆိုကြပါစို့။ အဲ့လိုဆိုရင် တြိဂံနှစ်ခု မှာရှိတဲ့ ဘုံအကြောင်းအရာအဖြစ် ဧရိယာချင်း ယှဉ်ရမယ်။ အဲ့ဒါမှ တြိဂံနှစ်ခုက တူသလား၊ ဒါမှမဟုတ်ရင် တစ်ခုက ကြီးနေသလား။ ဘယ်လောက်ကြီးသလဲဆိုတာ သိရမယ်။ အဲ့လိုပဲ ကုန်ပစ္စည်းနှစ်ခုကို ဖလှယ်တဲ့အခါမှာလည်း ဘုံအကြောင်းအရာ တစ်ခု ရှိရမယ်။ ပြီးတဲ့အခါ ဘုံအကြောင်းအရာချင်း ယှဉ်ကြည့်ရမယ်။ အဲ့ဒါမှ ကုန်ဖလှယ်မှုတန်ဖိုးချင်း တူသလား၊ ဘယ်ကုန်ပစ္စည်းရဲ့ တန်ဖိုးက ပိုများနေသလဲ၊ ဘယ်လောက်ပိုများသလဲဆိုတာ သိရမယ်။ ဒါမှ ကုန်ဖလှယ်လို့ရမယ်။

အဲ့လိုဆိုရင် အသုံးပြုမှုတန်ဖိုးအပေါ်ကနေ မူတည်ပြီး ယှဉ်ကြည့်ကြမလား။ ကုန်ပစ္စည်းတိုင်းမှာ သူ့အသုံးပြုမှုတန်ဖိုးနဲ့သူ ရှိကြတယ်။ အသုံးပြုမှုတန်ဖိုးရှိလို့ ကုန်ဖလှယ်မှုတန်ဖိုးပေါ်လာတယ်ဆိုတာက အမှန်ပဲ။ ဒါပေမယ့် အသုံးပြုမှုတန်ဖိုး ဟာ ကုန်ဖလှယ်မှုတန်ဖိုးနဲ့ တူညီတာတော့ မဟုတ်ဘူး။ ကုန်ဖလှယ်မှုတန်ဖိုးချင်း တူတယ်ဆိုရင်တောင် အသုံးပြုမှုတန်ဖိုးချင်း တူမှာမဟုတ်ဘူး။ လေးသိန်းတန် ဖုန်းတစ်လုံးနဲ့ လေးသိန်းတန် လပ်ပတော့တစ်လုံးဟာ ကုန်ဖလှယ်မှုတန်ဖိုးချင်း တူပေမယ့် အသုံးပြုမှုတန်ဖိုးချင်း ကွားခြားမှာ မဟုတ်ဘူး။ ဒါ့ကြောင့်ပဲ အသုံးပြုမှု တန်ဖိုးဟာ ကုန်ဖလှယ်မှုတန်ဖိုးအပေါ် သက်ရောက်မှု မရှိဘူး။

ကုန်ပစ္စည်းတစ်ခုဟာ အလုပ်သမားက ထုတ်လုပ်လိုက်လို့ ပေါ်ပေါက်လာ တာ ဖြစ်တယ်။ တစ်နည်းအားဖြင့် အသုံးပြုမှုတန်ဖိုးဆိုတာဟာ လုပ်အားစိုက်ထုတ် မှုရဲ့ အသီးအပွင့်ပဲ။ အဲ့တော့ လုပ်အားစိုက်ထုတ်မှုရှိလို့သာ တန်ဖိုးရှိလာတာပဲ။ ဒါ့ကြောင့် ကုန်ပစ္စည်းတစ်ခုရဲ့ တန်ဖိုးပမာဏကို အဲ့ဒီကုန်ပစ္စည်းထုတ်လုပ်ရာမှာ စိုက်ထုတ်ထားတဲ့ လုပ်အားပမာဏနဲ့ တွက်ချက်ရလိမ့်မယ်။ လုပ်အားပမာဏကို ဘယ်လိုများ တိုင်းတာကြမလဲ။ သေချာတာကတော့ လူ့ပတ်ဝန်းကျင်မှာ သတ်မှတ် ထားပြီးဖြစ်တဲ့ စံတစ်ခုကို အသုံးပြုပြီး တိုင်းတာရမှာပဲ။ အဲဒါကတော့ လုပ်အား စိုက်ထုတ်ရတဲ့အချိန်၊ တစ်နည်းအားဖြင့် အလုပ်ချိန်နဲ့ပေါ့။

ဒီနေရာမှာ အချို့လူတွေက ထောက်ပြစရာတစ်ခု ပြောလာပါလိမ့်မယ်။ ပျင်းတဲ့အလုပ်သမားတွေ၊ ကုန်လုပ်မကျွမ်းကျင်တဲ့အလုပ်သမားတွေကြောင့် ပိုပြီး တန်ဖိုးတက်မလာနိုင်ဘူးလားပေါ့။ ဆိုလိုတာက အဲ့လိုအလုပ်သမားတွေ ပါလာမယ် ဆိုရင် အလုပ်ချိန်က ပိုကြာလာမှာကိုး။ ကျွန်တော်တို့ဟာ ကုန်ပစ္စည်းစုစုပေါင်းကို ထုတ်လုပ်တဲ့အခါ ပါဝင်တဲ့ အလုပ်သမားအားလုံးရဲ့ စုစုပေါင်းအလုပ်ချိန်ကို ယူလိုက် တာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းအားလုံးရဲ့ တန်ဖိုး ကို အလုပ်သမားအားလုံးရဲ့ လုပ်အားစုစုပေါင်းလို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်သမားတစ်ယောက်ချငိးစီရဲ့ ပျမ်းမျှအလုပ်ချိန်က တစ်ယောက်နဲ့တစ်ယောက် တူညီနေတာဖြစ်လို့ အလုပ်ချိန်ပိုကြာတယ်ဆိုတာ မရှိတော့ပါဘူး။ အလုပ်ချိန် ဆိုတာကလည်း ပုံမှန်အလုပ်ကျွမ်းကျင်မှု၊ အာရုံစူးစိုက်မှုတို့နဲ့ လုပ်အားစိုက်ထုတ် တဲ့အချိန်ကို ဆိုလိုတာပါ။

အဲ့တော့ ဒီနေရာမှာ စကားပြောလာတာက ကုန်လုပ်ကိရိယာပိုင်းပါပဲ။ ကုန်လုပ်ကိရိယာဆိုတာ လုပ်အားအစားထိုးပစ္စည်းပါပဲ။ မြေကြီးကို လက်နဲ့ယက်ရင် သုံးရမယ့်လုပ်အားထက် ပေါက်ပြားနဲ့တူးရင် သုံးရမယ့်လုပ်အားက ပိုသက်သာပါ တယ်။ ဒါကြောင့်လည်း စက်မှုတော်လှန်ရေးဖြစ်ပြီး အင်္ဂလန်မှာ လက်ယက္ကန်းတွေ ပေါ်လာတဲ့အခါ စက်ယက္ကန်းက လက်ယက္ကန်းထက် နှစ်ဆအလုပ်တွင်တယ်။ ဆိုလို တာက လက်ယက္ကန်းဟာ အထည် (၅၀) ယက်လို့ပြီးတဲ့အချိန်မှာ စက်ယက္ကန်းက အထည် (၁၀၀) ယက်လို့ပြီးတယ်။ ဆိုလိုတာက စက်ယက္ကန်းဟာ လက်ယက္ကန်း ထက် လုပ်အားပမာဏကို ထက်ဝက်လျှော့ချနိုင်တယ်။ ဒါ့ကြောင့် ဈေးမှာလည်း ထက်ဝက်သက်သာတယ်။ ကမ္ဘာကျော် Roll Royce ကားဟာ လက်နဲ့အနုစိတ်လုပ် တာမို့ ဈေးကြီးတယ်။ Roll Royce နဲ့ အရည်အသွေးတူ၊ ပုံစံတူကားတစ်စီးကို စက်နဲ့ ထုတ်မယ်ဆိုရင် ပိုပြီး ဈေးသက်သာပါလိမ့်မယ်။ အဲ့တော့ လုပ်အားပမာဏအတူတူ စိုက်ထုတ်ထားတဲ့ ဒါမှမဟုတ်ရင် အလုပ်ချိန်အတူတူတွင်းမှာ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေက ယေဘုယျအားဖြင့်် တန်ဖိုးချင်း တူပါလိမ့်မယ်။

ဒါပေမယ့် ဒီသဘောဟာ တစ်သမတ်တည်း မဟုတ်ဘူး။ လုပ်အားပမာဏ စိုက်ထုတ်တာချင်း တူရင်တောင်မှ၊ အလုပ်ချိန်တူရင်တောင်မှ အလုပ်ဖြစ်နိုင်စွမ်း ပေါ် မူတည်ပြီးတော့ တန်ဖိုးပြောင်းလဲမှု ဖြစ်ပေါ်တယ်။ အလုပ်ဖြစ်နိုင်စွမ်းကို ဘာတွေက ပြောင်းလဲစေတာလဲ။ အလုပ်သမားများ၏ ပျမ်းမျှကုန်လုပ်ကျွမ်းကျင်မှု၊ သိပ္ပံပညာအနေအထား၊ လက်တွေ့အားစိုက်မှုပမာဏ၊ ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင် ရာ လူ့အဖွဲ့အစည်းအနေအထား၊ ကုန်လုပ်ကိရိယာရဲ့ ပမာဏနဲ့ လုပ်နိုင်စွမ်း၊ ရုပ်ပိုင်း ဆိုင်ရာအခြေအနေ အဲ့ဒါတွေက အလုပ်ဖြစ်နိုင်စွမ်းကို ပြောင်းလဲစေပါတယ်။ ဥပမာ အလုပ်သမားအရေအတွက် အတူတူချင်း အလုပ်လုပ်ရင်တောင် မိုးကောင်းတဲ့နှစ်နဲ့ မိုးမကောင်းတဲ့နှစ် စပါးရတာချင်း တူမှာမဟုတ်ဘူး။ အလုပ်သမားအရေအတွက် အတူတူချင်း အလုပ်လုပ်ရင်တောင် သယံဇာတပေါတဲ့ သတ္တုမိုင်းတွင်းနဲ့ သယံဇာတ မပေါတဲ့ သတ္တုမိုင်းတွင်း အထွက်နှုန်းချင်း တူမှာမဟုတ်ဘူး။ စိန်တွင်းတူးတဲ့အခါ စိန်က သိပ်ရှားတယ်။ ဒါ့ကြောင့် လုပ်အားများများ သုံးရတယ်။ အလုပ်ချိန်လည်း ပိုကြာတယ်။ အလုပ်သမားအရေအတွက်ချင်းအတူတူ မိုင်းတွင်းနှစ်ခုကို ယှဉ်တူးရင် သယံဇာတပေါတဲ့ မိုင်းတွင်းမှာ စိန်ဈေးက ပိုချိုပါတယ်။

ဒါ့ကြောင့် ကုန်ပစ္စည်းတစ်ခုဟာ လုပ်အားပမာဏ များများလိုလေလေ အလုပ်ချိန်များလေလေ တန်ဖိုးတက်လေလေ ဖြစ်ပြီးတော့ လုပ်အားပမာဏ နည်းလေလေ အလုပ်ချိန်နည်းလေလေ တန်ဖိုးနည်းလေလေပါပဲ။ ဒါ့ကြောင့် ကုန်ပစ္စည်းတစ်ခုရဲ့တန်ဖိုးဟာ လုပ်အားပမာဏနဲ့ တိုက်ရိုက်အချိုးကျပြီးတော့ အလုပ်ဖြစ်နိုင်စွမ်းနဲ့ ပြောင်းပြန်အချိုးကျတယ်။ ဆိုလိုတာက အလုပ်ဖြစ်နိုင်စွမ်း နည်းလေလေ တန်ဖိုးများလေလေဖြစ်ပြီးတော့ အလုပ်ဖြစ်နိုင်စွမ်း များလေလေ တန်ဖိုးနည်းလေလေပါပဲ။

ပစ္စည်းတစ်ခုဟာ တန်ဖိုး (ဈေးနှုန်း) မရှိပေမယ့် အသုံးပြုမှုတန်ဖိုး ရှိနိုင် တယ်။ လုပ်အားစိုက်ထုတ်စရာမလိုဘဲ လူတွေအတွက် အသုံးတည့်တဲ့ လေတို့၊ မြေလွတ်မြေရိုင်းတို့၊ သဘာဝမြက်ခင်းပြင်တို့ပေါ့။ အရာဝတ္ထုတစ်ခုဟာ ကုန်ပစ္စည်း မဟုတ်ဘဲနဲ့လည်း တန်ဖိုးရှိနိုင်တယ်။ လူတစ်ယောက်ဟာ သူ့ရဲ့ဆန္ဒကို ဖြည့်စည်းဖို့ အရာဝတ္ထုတစ်ခုကို သူ့ကိုယ်ပိုင်လုပ်အားနဲ့ပဲ ဖန်တီးလိုက်ရင် အဲဒါက အသုံးပြုမှု တန်ဖိုး ရှိတယ်။ ဒါပေမယ့် ကုန်ပစ္စည်း မဟုတ်ဘူး။ ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ် မယ်ဆိုရင် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အသုံးဝင်တဲ့ အသုံးပြုမှုတန်ဖိုးကို ထုတ်လုပ်ပေးရတယ်။ ပစ္စည်းတစ်ခုက အသုံးမဝင်ရင် တန်ဖိုးရှိမှာ မဟုတ်ဘူး။ အသုံးမဝင်တဲ့ ပစ္စည်းတစ်ခုမှာ လုပ်အားစိုက်ထုတ်မှု ပါနေတယ်ဆိုရင်လည်း အဲဒီ လုပ်အားကို ထည့်မတွက်ရဘူး။ အဲတော့ အဲ့ဒီပစ္စည်းက တန်ဖိုးမရှိဘူး။

 

(ကားလ်မာ့က်စ်၏ အရင်းကျမ်း၊ အခန်း (၁) ၊ အပိုင်း (၁) ကို အမှီပြုသည်။)

 

PDF ရယူရန်

 

 

 

 

 

 

 

 

 

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။