ကျွန်တော်တို့ကျောင်းတွေဟာ စာမေးပွဲဖြေနည်းကိုပဲ သင်ပေးကြတယ်။ ဒီလိုပြောလို့ ကျွန်တော့်ကို ငြင်းဆိုကြလာနိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ အသေအချာပါပဲ။

ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ပညာရေးအယူအဆဟာ စာမေးပွဲပေါ်မှာတည်တယ်။ ဒါပေမယ့် စာမေးပွဲစနစ်ကရော လူတစ်ယောက်ရဲ့ ပညာရေးအဆင့်ကို အမှန်တကယ် အကဲဖြတ်နိုင်ရဲ့လားဆိုတာ သုံးသပ်ကြဖို့ လိုပါတယ်။

ကျွန်တော်တို့ သူငယ်တန်းကနေ ဘွဲ့ရတဲ့အထိ ပညာရေးခရီးတစ်လျှောက် ပညာရည်အဆင့်ပြည့်မီကြောင်းကို စာမေးပွဲတွေနဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆိုကြပါစို့။ ကျောင်းသားတစ်ယောက်ဟာ မေးခွန်းတစ်ခုကို ဖြေမယ်။ ပြီးတဲ့အခါ ဆရာငါးယောက်ဟာ အဲ့ဒီအဖြေလွှာကို စစ်ကြမယ်ပေါ့။ အဲ့ဒီဆရာငါးယောက်ဟာ ဒီအဖြေလွှာကိုစစ်တဲ့အခါ တူညီတဲ့အမှတ်တွေ ပေးကြမှာမဟုတ်ပါဘူး။ ဆရာတစ်ယောက်စီတိုင်းမှာ သူပေးတဲ့အမှတ်တစ်ခုစီ ဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် စာမေးပွဲစနစ်ဟာ အကဲဖြတ်ရာမှာ မှန်ကန်ပါ့မလား။

ပညာသင်ယူခြင်းရဲ့ အဓိကမျှော်မှန်းချက်ဟာ တတ်သိမှုပါပဲ။ သူငယ်တန်းကစလို့ တက္ကသိုလ်ဘွဲ့ရတဲ့အထိ ပညာရေးအကဲဖြတ်မှုတွေဟာ တတ်သိမှုထက် အဖြေလွှာပေါ်မှာပဲ ရှိနေတာပါ။ ဆိုကြပါစို့။ ဘာသာတစ်ခုမှာ အခန်း (၆) ခန်းရှိတယ်ပေါ့။ စာမေးပွဲမှာ အခန်း (၁)နဲ့ (၂)ဟာ (၁၀) မှတ်ဖိုးစီပါပြီး ကျန်တဲ့အခန်းတွေဟာ (၂၀) မှတ်ဖိုးစီ မေးခွန်းမေးတယ်လို့ ကြည့်ကြပါစို့။ ဒီအခါမှာ ဆရာတွေဟာ အောင်မှတ်ဖိုးဆိုပြီး အမှတ် (၂၀) (၃) ခန်းပဲ ဖြတ်သင်ပါလိမ့်မယ်။ ကျန်တဲ့အခန်းတွေကိုတော့ ဂုဏ်ထူးမှတ်ဆိုပြီး တော်တဲ့ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ပါလိမ့်မယ်။ အဲ့ဒီအခါ ‌ကျန်တဲ့ကျောင်းသားတွေဟာ သုံခန်းကိုသာ သင်ရပြီး သုံးခန်းပိုင်ပညာရေးနဲ့ နောက်တစ်တန်းကို ရောက်သွားပါလိမ့်မယ်။ ဒါဆိုရင် သူဟာ ပြီးခဲ့တဲ့အတန်းသင်ခန်းစာကို အမှန်တကယ် တတ်မြောက်ခဲ့ပါရဲ့လား။

ထူးထူးဆန်းဆန်း အခြေအနေတစ်ခု ရှိပါသေးတယ်။ မေးခွန်းဟောင်းသင်ကြားမှုနဲ့ အထူးထုတ်တွေပါပဲ။ တက္ကသိုလ်ဝင်တန်းကို ရောက်တာနဲ့ ကျောင်းသားတွေဟာ မေးခွန်းဟောင်းကို ကိုင်ကြရပါတယ်။ မေးခွန်းဟောင်းမှာ မေးလေ့ရှိတဲ့မေးခွန်းတွေကို အလွတ်ရမတတ် ကျက်မှတ်ကြရပါတယ်။ ဆရာတွေကိုယ်တိုင်ကလည်း ဘယ်အထူးထုတ်က ကောင်းတယ်ဆိုပြီး ညွှန်းကြလေ့ ရှိပါတယ်။ အထူးထုတ်ဟာ အကြောင်းအရာတစ်ခုကို သေချာရှင်းပြတာမျိုးမဟုတ်ဘဲ တွက်ပြ၊ အဖြေရေးပြ၊ ဘာသာပြန်ပြထားတာ လောက်ပါပဲ။ ဒီအထူးထုတ်တွေ ကိုင်ထားကြတာဟာ ဆရာသင်တာ ကျွန်တော်တို့တော့ နားမလည်ဘူး၊ မမှတ်မိဘူးလို့ ပြောနေတယ်လို့တောင် ဆိုနိုင်ပါတယ်။

သင်ကြားနည်းပုံစံတစ်ခုတွေ့ဖူးပါတယ်။ အဲ့ဒါကတော့ ဒါပါရင် ဒါပဲဆိုတဲ့ သင်ကြားနည်းစနစ်ပါ။ ရူပဗေဒရဲ့ Motion ပိုင်းမှာ မေးခွန်းတစ်ခုပါတယ်ဆိုပါတော့။ အဲ့ဒီမေးခွန်းမှာ အရာဝတ္ထုတစ်ခုဟာ ရပ်နေနေရာကနေ ရွေ့တယ် (From at rest) လို့ပါရင် ကနဦးအလျင် (V0) ဟာ zero လို့ သင်ကြပါတယ်။ နောက်ကျ မေးခွန်းဖတ်မယ်။ from at rest ပါရင် V0က zero။ ဒီလိုအထိတောင် ဖြစ်လာပါတယ်။ ဘာလို့ V0 က zero ဖြစ်ရသလဲဆိုတာကို သင်ကြားတာမဟုတ်တော့ဘဲ တရားသေသင်ကြားတဲ့ ကြက်တူရွေးနှုတ်တိုက်စနစ်ပဲ ဖြစ်လာတယ်။ ဒါပေမယ့် ဒီစနစ်ဟာ စာမေးပွဲမှာ အလုပ်ဖြစ်နေတယ်။

ပညာဟာ အကြောင်းအကျိုးကို သိခြင်းပါပဲ။ ဘယ်အကြောင်းကြောင့် ဘာအကျိုးဖြစ်ရသလဲဆိုတာကို သိရှိဖို့လိုပါတယ်။ from at rest လို့ မေးခွန်းမှာပါလို့ V0 ကို zero ယူတယ်ဆိုတာကတော့ ပညာမဟုတ်ပြန်ပါဘူး။

နောက်ထပ်ကြုံဖူးတဲ့ သင်ကြားမှုတစ်ခုကလည်း အထူးအဆန်းပါပဲ။ ဥပမာ I am going to do my homework to finish in time from 8:00 p.m. to 10:00 p.m.. ဆိုတဲ့ စာကြောင်းကို ကျက်တယ်ဆိုပါစို့။ အဲ့ဒီမှာ ဆရာက အများဆုံးပါတဲ့ proposition “to” ကို လိုက်ပြီး ဝိုင်းခိုင်းတယ်။ ပြီးတဲ့အခါ စာကြောင်းကို ဒီလိုမှတ်ခိုင်ပါတယ်။

ဆရာ: I am going ပထမ to

ကျောင်းသား: to do my homework

ဆရာ: ဒုတိယ “to”

ကျောင်းသား: to finish in time from 8:00 p.m.

ဆရာ: တတိယ “to”

ကျောင်းသား: to 10:00 p.m.

အကျိုးအကြောင်းနဲ့မဟုတ်ဘဲ မှတ်ဖို့လွယ်တာကို ျကာက်ထုတ်ပြီး ဆရာက စာကူကျက်ပေးတာမျိုးလည်း ကြုံခဲ့ဖူးပါတယ်။ ဒီသင်ကြားမှုဟာ စာမေးပွဲမှာတော့ အလုပ်ဖြစ်နေပြန်ရော။

နောက်ထပ်တစ်ခုက Gate လို့ခေါ်တဲ့ ရူပဗေဒ circuit unit တွေကို သင်တဲ့အခါမှာပါပဲ။ AND Gate ပဲ ဆိုကြပါစို့။ ကျွန်တော်ကတော့ ဒွိဂိတ်လို့ ခေါ်ပါတယ်။ စီးကြောင်းနှစ်ခု (Aရော Bရော) ဖြတ်စီးနေမှ ဒီဂိတ်က ပွင့်မယ်ပေါ့။ (အဖွင့်၊ အပိတ်ကို 1/0 နဲ့ပြပါတယ်။ 1ဆို အဖွင့် 0 ဆို အပိတ်ပေါ့။) အဲ့ဒီအခါ စီးကြောင်းစနစ်ဟာ ဒီလိုဖြစ်လာပါတယ်။

A.    B.     Gate

1.      1.       1

1.       0.      0

0.       1.      0

0.       0.      0

ဆိုလိုတာက Aရော Bရော စီးကြောင်းနှစ်ကြောင်းလုံး ဖြတ်စီးနေမှ (သင်္ကေတအနေနဲ့ 1 ဖြစ်နေမှ) ဒီ Gate က ပွင့်မယ်ပေါ့။ ဒီလို အကျိုးအကြောင်းနဲ့တကွ သိနေရင် တကယ်ကို ရှင်းရှင်းလေးပါ။ ဒါပေမယ့် ကျက်ခိုင်းတဲ့ ဆရာတစ်ယောက်ကို ထူးထူးဆန်းဆန်း တွေ့ဖူးပါတယ်။ ဘယ်လိုကျက်ခိုင်းသလဲဆိုတော့ AB 11 10 01 00 AND Gate 1000 ဆိုပြီးကျက်ခိုင်းတာပါ။ ဒါပေမယ့် စာမေးပွဲစနစ်မှာတော့ အသုံးဝင်တဲ့သင်နည်းတစ်ခု ဖြစ်နေပါရော။

နောက်တစ်ခုက Sentence Formation ပြောင်းတဲ့မေးခွန်းမှာ အလွတ်ကျက်ခိုင်းပြန်ရော။ When clause ကို By the time clause အဖြစ် ပြောင်းရေးခိုင်းတယ်ဆိုပါတော့။ အဲ့ဒီမှာ ဆရာက When နေရာ By the time ထည့်ဆိုပြီး သင်ပါလေရော။ ဘာလို့ when နေရာ by the time ဝင်လာရသလဲဆိုတာ မသိကြတော့ဘူးပေါ့။ ထူးထူးဆန်းဆန်း သီချင်းတွေ၊ ကဗျာတွေနဲ့ သင်တာတွေလည်း ရှိပါသေးတယ်။

ဒီလိုနည်းတွေနဲ့ စာမေးပွဲဖြေကြတဲ့အခါ အကျိုးသင့်အကြောင်းသင့် မသိပေမယ့်လည်း အဖြေလွှာပါ စာပါလာတဲ့အတွက် အမှတ်ရကြ၊ အတန်းတက်ကြ၊ ဂုဏ်ထူးရကြ။

ဒီလိုပညာရေးစနစ်ကနေ ဆရာတွေ ဖြစ်လာကြရောပေါ့။ အဲ့ဒီအခါ မပြည့်ဝတဲ့ ဆရာတွေဖြစ်လာကြတယ်။ ရူပဗေဒဆရာတစ်ယောက် ကြုံခဲ့ဘူးပါတယ်။ စာသင်ခန်းက မီးခလုတ်ကို နှိပ်လိုက်တော့ တစ်ခန်းလုံးမီးတွေ မှိတ်သွားရော။ အဲ့မှာ ဆရာက “ငါက ခုလုတ်တစ်ခုပဲပိတ်တာလေ ဘယလို့အကုန်မှိတ်တာလဲ” ဆိုပြီးတောင် တအံ့တဩ ပြောဖူးတယ်။ ပြိုင်ဆက်၊ တန်းဆက်ရဲ့သဘောတရားကို နားမလည်တာပေါ့။ မူလတန်းဆရာတစ်ယောက်ဆို “The fishes are under the water. ငါများသည်ရေအောက်မှနေကြသည်” တိုပြီး သင်တာ မြင်ဖူးပါတယ်။

နောက်တစ်ခုက ဘာသာရပ်တစ်ခုမှာပဲ ထူးချွန်တဲ့ကျောင်းသားတွေရဲ့ ပြဿနာပါပဲ။ အချို့ကျောင်းသားတွေဟာ ဘာသာရပ်တစ်ခုမှာ ထူးချွန်ကြတယ်။ ဒါပေမယ့် သူဟာ ကျန်တဲ့ဘာသာရပ်တွေမှာ အားနည်းနေတယ်ပေါ့။ အဲ့ဒီအခါ ကျန်တဲ့ဘာသာရပ်တွေမှာ အားနည်းတယ်ဆိုပြီး သူ့ကို အရည်းအသွေးမပြည့်မီဘူးလို့ ဆုံးဖြတ်လိုက်ရင် ထူးချွန်တဲ့တစ်ဘာသာဟာ မြောင်းထဲကို ပစ်ရသလို ဖြစ်သွားပါလိမ့်မယ်။ ဆိုပါစို့။ ကျောင်းသားတစ်ယောက်ဟာ သမိုင်းဘာသာမှာ လက်ဖျားခါအောင်ထူးချွန်တယ်။ ဒါပေမယ့် သူဟာ သိပ္ပံမှာ အားနည်းနေတယ်။ ဒါဆို သူထူးချွန်တဲ့သမိုင်းကို အားဖြည့်ပြီး အတင့်တစ်နေရာရောက်အောင် တွန်းပို့မလား။ သိပ္ပံမှာအားနည်းလို့ အရည်အချင်းမပြည့်မီဘူးဆိုပြီး ဆွဲချကြမလား။ ဒါကလည်း ပြဿနာတစ်ရပ်ပါပဲ။

ဟုတ်ပြီ။ ဒါဆိုကျွန်တော်တို့က ဘယ်စနစ်နဲ့သွားသင့်သလဲ။ ဒါက ‌စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ကျွန်တော်ကတော့ သုတေသနကို အခြေခံတဲ့ ပညာရေးစနစ်နဲ့သွားသင့်တယ်လို့ အမြင်ရှိပါတယ်။ ဒီပညာရေးကရော ဘယ်လိုမျိုးလဲ။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။