ကျွန်တော့်အမြင်အရ အသင့်တော်ဆုံးစနစ်ဟာ သုတေသနအခြေပြုပညာရေးစနစ်ပါပဲ။ သုတေသနအခြေပြုပညာရေးစနစ်ကို ဘာလို့လိုလားရသလဲဆိုရင် အကြောင်းအကျိုးကို ကျောင်းသားကိုယ်တိုင်က လေ့လာပြီး သိရှိစေတဲ့စနစ်ဖြစ်လို့ပါပဲ။

သုတေသနအခြေပြုပညာရေးစနစ်မှာ အဓိကအားဖြင့် လိုအပ်ချက်က လမ်းညွှန်ပြဋ္ဌာန်းချက်နဲ့ လေ့လာရေးနေရာတွေပါပဲ။

၁။ လမ်းညွှန်ပြဋ္ဌာန်းချက်

လမ်းညွှန်ပြဋ္ဌာန်းချက်ဆိုတာဟာ အပြည့်အစုံထည့်သွင်းတာမျိုးမဟုတ်ဘဲနဲ့ လေ့လာရေးမြေပုံကြမ်းလိုမျိုး ပြဋ္ဌာန်းစာအုပ်ပါ။ ပုဂံအကြောင်းလေ့လာကြမယ် ဆိုကြပါစို့။ လက်ရှိ ပြဋ္ဌာန်းစာအုပ်တွေမှာက ပုဂံအကြောင်းဆိုရင်လည်း စာအုပ်ထဲမှာ အပြည့်အစုံ ပေးထားပြီးသား ဖြစ်တယ်။ ဒါ့ကြောင့် ကျောင်းသားတွေဟာ ကိုယ်တိုင်သုတေသနလုပ်ပြီး လေ့လာစရာမလိုတော့ဘူး။ စာထဲပါတာကိုပဲ ကျက်လိုက်ရုံပဲ။ လမ်းညွှန်ပြဋ္ဌာန်းချက်မှာတော့ အဲ့လိုဟုတ်ဘူး။ ပုဂံအကြောင်းကို မိတ်ဆက်လောက် အနည်းအကျဉ်းပဲ ပါလာမယ်။ ပြီးတဲ့အခါ ကျောင်းသားကို အလုပ်ပေးလိမ့်မယ်။ ပုဂံရဲ့အကြောင်းကို ကိုယ်တိုင်ဆက်လေ့လာပေါ့။ အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ စာတမ်းငယ်ရေးပေါ့။ အဲ့ဒီအပေါ်မှာမှ ဆရာကနေ ကျောင်းသားရဲ့ သိမှုကို အကဲဖြတ်ပေါ့။

ဟုတ်ပြီ။ အဲ့လိုလေ့လာစရာရပြီဆိုတာနဲ့ လေ့လာရေးနေရာတွေ လိုလာပြီ။ ဘယ်မှာသွားလေ့လာကြမလဲပေါ့။

၂။ လေ့လာရေးနေရာ

လေ့လာရေးနေရာက အသုံးများတဲ့စာကြည့်တိုက်ပေါ့။ ဒါပေမယ့် ကျောင်းသားအင်အားနဲ့ ဖြည့်ရမယ့်စာအုပ်နဲ့ ချိန်ဆရင် အခက်အခဲ ရှိလိမ့်မယ်။ ဒါ့ကြောင့် လေ့လာရေးနေရာကို အီလက်ထရောနစ်စနစ် ပြောင်းသင့်တယ်။ e-library မျိုးပေါ့။ ကျောင်းသားတိုင်းကို laptop နဲ့ Kindle လို e-book reader တစ်လုံးစီ ထောက်ပံ့နိုင်ရင် တကယ်အဆင်ပြေလိမ့်မယ်။ စာကြည့်တိုက်မှာ ကျောင်းသားအင်အားနဲ့ အဆင်ပြေအောင် စာအုပ်တစ်အုပ်တည်းကို အများကြီးထည့်ရတာထက်စာရင် စရိတ်လည်း ပိုသက်သာမယ်လို့ထင်ပါတယ်။

ဘယ်ကရောက်လာမှန်းမသိတဲ့ မြန်မာနိုင်ငံရဲ့ အတွေးအခေါ်တစ်ခုက ကျောင်းသားဖုန်းမကိုင်ရဆိုတာပါပဲ။ အနိမ့်ဆုံး MP3 တောင် ကိုင်ခွင့်မရှိဘူး။ အကြောင်းပြချက်က ပျက်ဆီးမှာစိုးလို့တဲ့။ တကယ်က အသုံးကျမယ့် လမ်းကြောင်းတစ်ခုချပြီး device တွေ‌ကို ကောင်းကောင်းသုံးရမယ့် စနစ်တစ်ခု ဖန်တီးသင့်တယ်။ ကျောင်းသားတွေ MP3 ကအစ ဖုန်းအဆုံး မသုံးရဘူးဆိုတာကိုတော့ ကျွန်တော်အပြင်းအထန် ကန့်ကွက်ပါတယ်။ ကျောင်းသားတွေလည်း လူပါပဲ။ လေ့လာရေးအပြင် relaxation လိုတယ်။ ဒါ့ကြောင့် အသုံးပြုခွင့်ပေးသင့်ပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးချနိုင်ဖို့ ဖန်တီးသင့်တယ်။

၃။ အခက်အခဲ

အဓိကအခက်အခဲကတော့ အချိန်ကြာတာပဲဖြစ်ပါတယ်။ သင်ရိုးကို မဖြစ်မနေ ချုံ့ရလိမ့်မယ်။ ပုံမှန်ပြဋ္ဌာန်းစာအုပ်နဲ့ တစ်ရက်လောက်ပဲသင်ရမယ့်စာဟာ သုတေသနအခြေပြုသင်ကြားရေးမှာ တစ်ပတ်လောက်အထိ ကြာနိုင်ပါတယ်။ ဒါ့ကြောင့် သင်ရိုးချုံ့ပစ်ရမယ်။

နောက်ထပ်အခက်အခဲဟာ ဆရာတွေအပိုင်းပါ။ အရည်အသွေးပြည့်ဝတဲ့ ဆရာတွေ မွေးထုတ်ဖို့လည်း လိုအပ်ပါတယ်။ စော်ကားတာမဟုတ်ပေမယ့် အချို့ဆရာတွေဟာ အရည်အသွေး မပြည့်မီဘူး။ သုတေသနအခြေပြုပညာရေးနစ်မှာ ဆရာကလည်း အရည်အသွေးပြည့်စုံနေဖို့ အရေးကြီးပါတယ်။

နောက်အခက်အခဲက နေရာပါပဲ။ သုတေသနအခြေပြုစန်မှာ နေရာများများ လိုပါတယ်။ သာမာန်ကျောင်းတစ်ကျောင်းမှာ စာအုပ်တစ်အုပ် ဖြန့်ထားဖို့ နေရာရှိရင် လုံလောက်ပေမယ့် သုတေသနအခြေပြုစနစ်မှာတော့ မလုံလောက်နိုင်ပါဘူး။

၄။ စာမေးပွဲ

လေ့လာတဲ့အကြောင်းအရာတစ်ခုရဲ့ အကြောင်းအကျိုးကို နားလည်သွားရင် ပြီးပြီလို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် သင်ခန်းစားတစ်ခုချင်းစီမှာ ရေးရတဲ့ စာတမ်းတစ်ခုချင်းစီက စာမေးပွဲလိုပဲ ဖြစ်နေတော့ ဒါကျက်ဒါဖြေစနစ် ပျောက်သွားမယ်လို့ ယူဆမိပါတယ်။ ပြီးတော့ စာမေးပွဲဆိုပြီး သီးသန့်လုပ်စရာတောင် မလိုလောက်တဲ့အခြေအနေမျိုး ဖန်တီးနိုင်မယ်လို့ ယူဆပါတယ်။

ဒီနေရာမှာ ပြဿနာက တစ်ယောက်ရဲ့စာတမ်းကို တစ်ယောက်က ကူးချတာမျိုးမဖြစ်ဘဲ ကိုယ်တိုင်လေ့လာတာဖြစ်ဖို့ ကြပ်မတ်မှုတော့ လိုပါလိမ့်မယ်။ သုတေသနအခြေပြုစနစ်မှာ သီးခြားအိမ်စာမလိုတော့ဘဲ သင်ခန်းစာတစ်ခုတိုင်းက သူတို့ရဲ့ အိမ်စာလိုဖြစ်နေတော့ မျက်မှောက်ခေတ်ပညာရေးရည်မှန်းချက်ဖြစ်တဲ့ မပြတ်လေ့လာနေသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးနေမှာပါ။

ဒါ့အပြင် ကျူရှင်စနစ်လည်း ပျောက်သွားမယ်လို့ ယူဆနိုင်ပါတယ်။

 

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။