ပညာရေးသည် နိုင်ငံရေးဖြစ်သည်ဟူသော အဆိုအမိန့်မှာ ကျော်ကြားလှသည်။ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ဖူး၍ အများက သိကြသည်။ ပညာရေးသည် နိုင်ငံရေးဖြစ်သည်ဟူသော အဆိုမှာ ယေဘုယျအားဖြင့် မှန်ကန်သည်ဟု ဆိုသော်လည်း ဝိဝါဒ ကွဲပြားစရာရှိနေပေသည်။ ပညာရေးက နိုင်ငံရေးကို ထောက်ကန်နေသည်လော၊ နိုင်ငံရေးက ပညာရေးကို ချချင်းနေသည်လော။

 

ပညာရေးနှင့် နိုင်ငံရေး

ပညာရေးသည် နိုင်ငံရေးဟု ဆိုကြပေသည်။ သွေးမထွက်သော နိုင်ငံရေးဟုလည်း အများက ဆိုကြသည်။ ပညာရေးပြီးမြောက်သောအခါ မိမိ၏ ပညာကို အသုံးချကာ နိုင်ငံ့တာဝန်များကို ထမ်းရွက်ရေးကို ‌ဆိုလိုကြဟန်တူသည်။ ထိုအရာကို များစွာဆင်ခြင်ရန် လိုအပ်လှပေသည်။ ပညာရေးသည် အဘယ်က ဆင်းသက်လာသနည်းဟူသည်ကို စဉ်းစားကြရန် လိုပေသည်။

ယေဘုယျအားဖြင့် ပညာရေးကို ဖော်ဆောင်ခြင်းသည် အစိုးရ၏ လုပ်ငန်းယန္တရားတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ပညာရေးသည် အမှန်တကယ်နိုင်ငံရေးဖြစ်ပါ၏လော။ အစိုးရအလိုကျ ဝါဒရိုက်သွင်းခြင်းတစ်ခု မဖြစ်နိုင်ပါသလော။

 

သွတ်သွင်းခံရသည့်ပညာရေး

ပညာရေးဟုဆိုရာ၌ ပညာရေးသည် လွတ်လပ်ခြင်းအားဖြင့် ရှိနေသင့်ပေသည်။ သို့သော် များသောအားဖြင့် အစိုးရတို့က ပညာရေးကို မိမိတို့၏ အယူဝါဒများ ဖြန့်ဖြူးနိုင်ရေး ကိရိယာတစ်ခုအဖြစ် အသုံးချခဲ့ကြသည်။ များသောအားဖြင့် ဘောဂဗေဒ၊ သမိုင်းစသည်တို့တွင် မိမိတို့၏ အယူအဆများကို ရိုက်သွင်းနိုင်ရေးအတွက် အသုံးချကိရိယာတစ်ခုအဖြစ် သုံးစွဲကြလေသည်။

မြန်မာပြည်တွင် ထိုကဲ့သို့သော ပညာရေးမျိုး အများအပြား ပေါ်ထွန်းလာခဲ့သည်။ ပဒေသရာဇ်စနစ်တွင် ဘုန်းတော်ကြီးကျောင်းပညာရေးသည် မြန်မာနိုင်ငံ၏ ပညာရေးဌာန ဖြစ်ပေသည်။ ထိုပညာရေးစနစ်သည် ပညာတတ်များကို ဖန်တီးပေးသော်လည်း ၎င်းပညာတတ်များသည် စနစ်၏ သားကောင်များ ဖြစ်သွားပြီး စနစ်ကို အလုပ်အကျွေးပြုသော ဝန်ထမ်းများကိုသာ မွေးထုတ်ပေးလေသည်။ ကိုလိုနီခေတ်တွင်လည်း ဗြိတိသျှတို့က ရန်ကုန်ကောလိပ်၊ ရန်ကုန်တက္ကသိုလ်စသည်တို့ကို ထူထောင်ကာ ခေတ်ပညာကို သင်ကြားပေးခဲ့‌သော်လည်း ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ အစိုးရယန္တရားကို ပိုမိုလွယ်ကူစွာ လည်ပတ်နိုင်ရေးအတွက် ပညာတတ်လူတန်းစားတစ်ရပ်ကို မွေးထုတ်ပေးရန်သာဖြစ်သည်။

လွတ်လပ်ရေးရရှိပြီးနောက် ဗိုလ်နေဝင်း၏ အစိုးရလက်ထက်တွင်လည်း ၎င်းတို့၏ မဟာလူမျိုးကြီးဝါဒကို ပြည်သူများအကြား စိမ့်ဝင်လက်ခံရေးအတွက်လည်းကောင်း၊ ၎င်းတို့အား ဆန့်ကျင်တော်လှန်သူများကို ပြည်သူတို့က မထောက်ခံစေရန်နှင့် မုန်းတီးမှုဖြစ်စေကာ ၎င်းတို့၏ စစ်အာဏာရှင်စနစ်ကို အဓွန့်ရှည်တည်တံ့ရေးအတွက် ဖောက်လွဲဖောက်ပြန်အချက်အလက်တို့ကို ကျောင်းသင်ခန်းစာတို့တွင် ထည့်သွင်းလေသည်။ ထိုမှ ပြည်သူတို့သည် စစ်အစိုးရ၏ ရိုက်သွင်းမှုကို မသိမသာ နားဝင်လာက ဗကပမုန်းတီးရေး၊ မဟာလူမျိုးကြီးဝါဒ စသည်တို့ကို လက်ခံမိလာကြသည်။

ထို့ကြောင့် အစိုးရက လွတ်လပ်စွာ တွေးခေါ်နိုင်သော ပညာရေးကို ဖော်ဆောင်မပေးဘဲ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် အောင်မြင်နိုင်စေရေးအတွက် ဖော်ဆောင်သော ပညာရေးမျိုးသည်ကား အတွေးအခေါ်များကို ကန့်သတ်လိုက်သော ကိုလိုနီပညာရေးသာ ဖြစ်လေသည်။ ထိုပညာရေးသည် အစိုးရ၏ အလိုတော်ကျ အသုံးတော်ခံမည့် ရုပ်သေးရုပ်များကို မွေးထုတ်ပေးခြင်းသာ ဖြစ်ပေသည်။

 

ပညာရေးလွတ်လပ်မှု

ပညာရေးလွတ်လပ်မှုဆိုသည်မှာ ပညာရေးတွင် အစိုးရ၏ လွမ်းမိုးမှုမရှိစေဘဲ လွတ်လပ်သော ပညာရေးမျိုး ဖြစ်သင့်ပေသည်။ အကယ်၍ ပညာရေးလွတ်လပ်မှုကို မဖော်ဆောင်ပေးဘဲ သွတ်သွင်းသည့် ပညာရေးမျိုးကို အစိုးရက ဖော်ဆောင်မပေးလျှင် ထိုပညာရေးတွင် သင်ယူခြင်းမှာ နိုင်ငံရေးဟု မဆိုနိုင်ဘဲ အစိုးရရေးဟုသာ ဆိုရပေမည်။

ပညာရေးလွတ်လပ်မှုတွင် အဓိကအားဖြင့် သွတ်သွင်းသည့် ပညာရေးမျိုး မဖြစ်ခြင်း၊ ပညာရေးယန္တရားကို အစိုးရမှ ကင်းလွတ်နေစေခြင်းတို့ အဓိကအားဖြင့် ပါဝင်ပေသည်။ သွတ်သွင်းသည့် ပညာရေးမျိုး မဖြစ်ခြင်းမှာ မည်သည့်ဘာသာရပ်ကိုဖြစ်စေ အစိုးရ၏ အမြင်၊ အယူအဆတို့ကို မပါဝင်စေဘဲ အရှိကို အရှိအတိုင်းသာ သင်ရိုးတွင် ပြဋ္ဌာန်းစေခြင်းမှာ အဓိကဖြစ်သည်။ ပညာရေးယန္တရားကို အစိုးရမှ ကင်းလွတ်စေခြင်းဆိုသည်မှာ ပညာရေးနှင့် စပ်လျဉ်း၍ အစိုးရမှ မူဝါဒချမှတ်ပေးခြင်းမှတစ်ပါ ပညာရေးစနစ်၏ အုပ်ချုပ်ကွပ်ကဲမှု၊ သင်ရိုးညွှန်းတမ်း ရေးဆွဲမှု စသည်တို့တွင် စွက်ဖက်ခြင်း မရှိသင့်ပေ။

ပညာရေးလွတ်လပ်မှုမရှိသော ပညာရေးစနစ်တွင် သင်ယူခြင်းသည် နိုင်ငံရေးမဟုတ်။ အစိုးရ၏ လမ်းစဉ်ကို လိုက်ကြရေးဖြစ်သည်။ ထိုသို့သော ပညာရေးမျိုးတွင် ကျောင်းသားများ၏ အတွေးအခေါ်များကို ကန့်သတ်ခံရပြီး လူသားတစ်ဦး၏ အခြေခံရပိုင်ခွင့်ဖြစ်သော မှန်ကန်စွာ သိမြင်နိုင်ခွင့်ကို တရားဝင် ဖောက်ဖျက်ခံရခြင်းသာဖြစ်ပေသည်။

အကယ်၍ ပညာရေးလွတ်လပ်ခွင့်ရှိပါက ကျောင်းသားများသည် အစဉ်သဖြင့် နာခံရမှုမှ လွတ်ကင်းပြီး သစ်လွင်သော အတွေးအခေါ်၊ ပုံစံဖြစ်သည့် အရာရာအပေါ်မေးခွန်းထုတ်နိုင်မှု၊ မိမိ၏ အယူအဆကို ဖော်ထုတ်နိုင်မှု စသည်တို့ ပေါ်ထွန်းလာပေမည်။ ရှေ့အဆက်ဆက်က မြန်မာနိုင်ငံသည် သွတ်သွင်းသော ပညာရေးစနစ်တွင်သာ နစ်မွန်းနေခဲ့ရာ ကျောင်းသားများအဖို့ အတွေးအခေါ် သင်းသပ်ခံရသည်။ အစဉ်သဖြင့် ခေါင်းညိတ်ရမှုဖြင့် ကြီးပြင်းခဲ့ရသည်။ ထို့ကြောင့် ခေတ်အဆက်ဆက်အစိုးရတို့အဖို့ ဖောက်လွဲဖောက်ပြန် ကိစ္စရပ်များကို ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ကြပေသည်။

နောင်အနာဂတ်တွင် ကျွန်ုပ်တို့နိုင်ငံ၏ နိုင်ငံရေးစနစ်ကိုမျှမက ပညာရေးစနစ်ကိုပါ တော်လှန်ပြောင်းလဲပစ်ရပေမည်။ ထိုမှသာ ပညာရေးစစ်စစ် ပေါ်ထွန်းလာပြီး အသိဉာဏ်ဖွံ့ဖြိုးမှုရှိလာပေလိမ့်မည်။

 

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။