မကြာသေးမီက ရိုဟင်ဂျာဂျီနိုဆိုက်ဖြစ်ခဲ့တာ (၄) နှစ်ပြည့်ခဲ့ပါပြီ။ ရိုဟင်ဂျာဂျီနိုဆိုက်နဲ့ပတ်သက်ပြီး အာဏာသိမ်းခံလိုက်ရတဲ့ NLD အစိုးရဟာ ဝေဖန်မှုတွေ အများကြီး ကြုံခဲ့ရပါတယ်။ Ayyanttu News မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အဆိုးဝါးဆုံးနိုဘယ်ဆုရှယ်၊ The Guardian သတင်းစာမှာဆိုရင် “ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုကို ရုပ်သိမ်းပါ” စသည်ဖြင့် ရေးသားဝေဖန်မှု‌တွေ ရှိခဲ့ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာကျဆင်းခဲ့ပြီးတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဂမ်ဘီယာနိုင်ငံက ICJမှာ ဂျီနိုဆိုက်နဲ့ တရားစွဲဆိုတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ဖြေရှင်းခဲ့တဲ့အခါမှာတော့ ပြည်တွင်းပြည်ပ ဝေဖန်မှုအများဆုံးကာလလို့ ဆိုရပါလိမ့်မယ်။

ရိုဟင်ဂျာပြဿနာကို လေ့လာတဲ့အခါ သုံးပိုင်း ခွဲကြည့်ကြဖို့ လိုပါတယ်။ ပထမတစ်ခုက ရိုဟင်ဂျာတို့ရဲ့ မူလအစ၊ ဒုတိယတစ်ခုက ဂျီနိုဆိုက်ဖြစ်စဥ်နဲ့ တွန်းအား၊ တတိယတစ်ခုက နောင်အနာဂတ်အလားအလာပါပဲ။

ဒါတွေကို ဆက်လေ့လာဖို့ ပထမဆုံးအနေနဲ့ ဂျီနိုဆိုက်ဆိုတာ ဘာလဲလို့ သိကြဖို့ လိုပါတယ်။ ဂျီနိုဆိုက်ကို လူမျိုးတုန်းသတ်ဖြတ်မှုလို့ ယေဘုယျ ဘာသာပြန်ဆိုကြပါတယ်။ ICCရဲ့ Rome Statute၊ အပိုဒ် (၂) မှာ “လူမျိုးတစ်ရပ်ကိုဖြစ်စေ၊ လူမျိုးစုတစ်ရပ်ကိုဖြစ်စေ၊ ကိုးကွယ်ယုံကြည်ရာ တူညီသော လူအုပ်စုတစ်စု (ဘာသာဝင်တစ်စု) ကိုဖြစ်စေ အားလုံးကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း အောက်ပါအတိုင်းပြုမူလျှင် ဂျီနိုဆိုက်မြောက်သည်။

(က) အုပ်စုဝင်များကိုသတ်ဖြတ်ခြင်း

(ခ) အုပ်စုဝင်များ၏ ရုပ်ပိုင်းဆိုင်ရာကိုသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာကိုသော်လည်းကောင်း ထိခိုက်အောင် ဆောင်ရွက်ခြင်း

(ဂ) အုပ်စုဝင်များ၏ အသက်ဘဝကို ပျက်စီးစေရန်အလို့ငှာ ရုပ်ပိုင်းဆိုင်ရာ တစ်ခုလုံးကိုဖြစ်စေ၊ အချို့တစ်ဝက်ကိုဖြစ်စေ ရည်ရွယ်ချက်ရှိရှိ ပျက်ဆီးစေခြင်း၊

(ဃ) အုပ်စုဝင်များ၏ ကလေးမွေးဖွားမှုကို ရည်ရွယ်ချက်ရှိရှိ ကန့်သတ်ခြင်း၊

(င) အုပ်စုဝင်ကလေးငယ်များကို အခြားလူမျိုးအုပ်စုသို့ အတင်းအဓမ္မ သွတ်သွင်းခြင်း။” လို့ ပြဋ္ဌာန်းထားတာ ကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဂျီနိုဆိုက်ကို လူမျိုးစုကွယ်ပျောက်စေမှုလို့ ဘာသာပြန်ရင် ပိုပြီး သင့်လျော်မလားပါပဲ။

ဂျီနိုဆိုက်ဖြစ်တဲ့အခါမှာ အဆင့်လိုက်ဖြစ်လ့ရှိတယ်။ ပထမတစ်ခုက ခွဲခြားဆက်ဆံခြင်းပါ့။ နာဇီဂျာမနီခေတ်က ဂျူးတွေကို ခွဲခြားဆက်ဆံတာက အကောင်းဆုံးဥပမာဖြစ်လိမ့်မယ်လို့ ကျွန်တာ်ယူဆမိပါတယ်။ နာဇီဂျာမနီတွေဟာ ဂျူးမုန်းတီးရေးဝါဒဖြန့်တယ်။ အများပြည်သူဆိုင်ရာ ပန်းခြံတွေ၊ စားသောက်ဆိုင်တွေကို ဝင်ခွင့်မပြုဘူး။ ထူးထူးခြားခြား ခွဲခြားမှုတစ်ခုကတော့ အင်္ဂလိပ်တွေမှာ ရှိတယ်။ ဒတ်ခ်ျတွေ (နယ်သာလန်တွေ) ကို ချိုးနှိမ်ခဲ့တာတွေ ရှိတယ်။ ဥပမာ သူရဲဘောကြောင်တာကို Dutch courage၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစဇည်တာကို Dutch act အဲ့လိုမျိုး သုံးနှုန်းခဲ့ကြတာရှိပါတယ်။

နောက်တစ်ဆင့်ကတော့ တံဆိပ်သင်္ကေတ ကပ်ခွဲခြားခြင်းပါပဲ။ဂျူးတွေကို ဂျာမနီတွေနဲ့ ခွဲခြားနှိမ့်ချဖို့ အပြာ‌ရောင်ကြယ်တံဆိပ်ပါ လက်ပတ်အဖြူတွေကို ပတ်ထားစေတယ်။ ဝါဆောမြို့ရဲ့ အပြင်မှာ လူနေရပ်ကွက်တစ်ခုတည်ဆောက်ပြီး ဂျူးတွေကို တံတိုင်းခတ်ထားတယ်။ အစားရေစာပြတ်ပြတ်လတ်လတ်ပေါ့။ နောက်တော့ ဂျူးတွေကို နှိပ်စက် သတ်ဖြတ်တော့တာပါပဲ။ The Pianist ဆိုတဲ့ ဇာတ်ကားမှာဆို သေချာရိုက်ကူးပြထားတာ ကြည့်လို့ရပါတယ်။

နောက်တစ်ဆင့်ကတော့ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းပါ။ လူတစ်စုကို တိရစ္ဆာန်စတာတွေနဲ့ နှိုင်းယှဉ်ပြီး ချိုးနှိမ်တာပါပဲ။ မြန်မာပြည်မှာဆိုရင် မူဆလင်တွေကို ခွေးသား၊ ဝက်မြေး၊ ကြက်ယောက်ဖလို့ ခေါ်ဆိုကြတာမျိုး ရှိတယ်ဆိုတာ အထင်အရှားပါပဲ။

နောက်တစ်ခုက စနစ်တကျလေ့ကျင့် ဖွဲ့စည်း‌‌လက်နက်တပ်ဆင်ထားတဲ့ အဖွဲ့အစည်းသုံးပြီး ညှင်းပန်းနှိပ်စက်တာပါပဲ။ နောက်တစ်ဆင့်က အဖိနှိပ်ခံလူတစ်စုကို မုန်းတီးစေဖို့ လူတစ်စုက ဝါဒဖြန့်တာပါပဲ။ နောက်တစ်ဆင့်ကတော့ ဘာသာရေး၊ လူမျိုးရေးအခြေခံပြီးတော့ ခွဲခြားဖို့ စီစဉ်တာပါပဲ။ နောက်တစ်ဆင့်က ခွဲခြားခံရတဲ့ လူအုပ်စုကို ပျက်ဆီးဖို့ သတ်ဖြတ်ညှင်းပန်းတာပါပဲ။ ပြီးတဲ့အခါမှာတော့ အဖိနှိပ်ခံ သတ်ဖြတ်ညှင်းပန်းမှုကို ငြင်းဆန်တာပါပဲ။ ဒီလောက်ဆိုရင် ဂျီနိုဆိုက်အကြောင်း သင့်လျော်ပြီလို့ ထင်ပါတယ်။

ဒါဆိုရင် ရိုဟင်ဂျာတို့ရဲ့ မူလအစကို ကြည့်ကြရအောင်။

ရိုဟင်ဂျာတွေဟာ အင်ဒို-အာရိယံမျိုးနွယ်တွေဖြစ်ပြီး အနောက်ဘက်ကနေ ဆင်းလာတယ်လို့ ယူဆလို့ရပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အဓိက လူမျိုးစုတွေဖြစ်တဲ့ ရခိုင်လူမျိုးကတော့ အရှေ့တောင်အာရှကနေ ဆင်းသက်လာတဲ့ လူမျိုးစုတွေ ဖြစ်ပါတယ်။ သမိုင်းပညာရှင် P.Gutman က “ရှေးဦးရခိုင်တွေက ဘယ်သူတွေလဲဆိုတာ အတိအကျပြောဖို့ ခက်ပါတယ်။ မြို၊ ခမီနဲ့ သက်တို့က ရှေးဦးရခိုင်တွေလို့ ယူဆလို့ရတယ်။ ဒီနေ့ခေတ် ရခိုင်ပြည်ရဲ့ အဓိကမျိုးနွယ်စုဖြစ်တဲ့ ရခိုင်တွေကတော့ (၉) ရာစုလောက်က ရခိုင်ရိုးမကို ဖြတ်ကျော်ပြီး ကောက်လာတဲ့ မြန်မာတွေ ဖြစ်နိုင်တယ်။” လို့ ဆိုပါတယ်။ ရခိုင်ဘာသာစကားဟာ မြန်မာဘာသာလိုပဲ တိဗက်တိုဘားမန်းအနွယ်ဖြစ်ပြီးတော့ ရိုဟင်ဂျာတွေရဲ့ ဘာသာစကားကတော့ အင်ဒို-ဥရောပအနွယ်ပဲ ဖြစ်ပါတယ်။ ရခိုင်တွေ ဝင်လာနိုင်တဲ့လမ်းကြောင်းအရ ကြည့်မယ်ဆိုရင် ရခိုင်ရိုးမရဲ့ ကာဆီးမှုရှိတယ်။ တစ်ဖက်က အင်ဒို-ဥရောပအနွယ်ဝင်တွေ ဝင်ရောက်နိုင်မယ့် လမ်းကြောင်းက ပိုပြီး အဆင်ပြေလွယ်ကူတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် အင်ဒို-ဥရောပအနွယ်တွေက အရင်ဝင်ရောက်ခာတယ်ဆိုတာကလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် ဘယ်လူမျိုးစုက အရင်ဆုံးအနေနဲ့ ရခိုင်မှာ အခြေချသလဲဆိုတာကတော့ တိကျတဲ့ အထောက်အထား ရှာဖို့ ခက်ခဲနေပါသေးတယ်။

စစ်အစိုးရအဆက်ဆက်ဟာ ရိုဟင်ဂျာမရှိဆိုတဲ့ ကိုင်စွဲချက်ကို ကိုင်ဆွဲခဲ့ကြပါတယ်။ ၁၉၉၁ ခုနှစ် နှစ်လယ်ပိုင်းနဲ့ ၁၉၉၂ ခုနှစ်တွေမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြရကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြကြတဲ့အခါ နဝတစစ်အစိုးရ သမိုင်းကြောင်းအရ ရိုဟင်ဂျာမရှိ၊ ရိုဟင်ဂျာဆိုတာ သောင်းကျန်းသူတွေက ပေးထားတဲ့ နာမည်ပဲလို့ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ ကြေညာပြီးတော့ “ဘင်္ဂလီ” လို့သာ သုံးစွဲခဲ့ကြပါတယ်။ ဒါပေမယ့် နဝတအစိုးရကနေ ဖွဲ့စည်းပေးတဲ့ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က ထုတ်ဝေတဲ့ ၁၉၅၈-၆၂၊ မြန်မာ့နိုင်ငံရေးသမိုင်းစာအုပ် (တတိယတွဲ) မှာ ရိုဟင်ဂျာဆိုတာက ပါလာပါလေရော။ ရှေ့ကဖုံး၊ နောက်ကပေါ်ပေါ့။ သမိုင်းကြောင်းအရ ရိုဟင်ဂျာမရှိလို့ စစ်အစိုးရက ကြေညာခဲ့ပေမယ့် ရိုဟင်ဂျာက သမိုင်းမှာ ရှိတယ်ဆိုတာ အထင်အရှားပါပဲ။

၁၈၁၅ ခုနှစ် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ထုတ်ဝေခဲ့တဲ့ ဒေါက်တာယိုဟန်ဆာဗရင်ဖေတာရဲ့ ကမ္ဘာဘာသာပေါင်းစုံ၏ သဒ္ဒါနည်းစနစ်နဲ့ ဝေါဟာရအရင်းအမြစ်ကျမ်းမှာ ရိုဟင်ဂျာဘာသာကို ရိုဆောင်း ဒါမှမဟုတ် ရိုဆန်ဘာသာမှာ သက္ကဋ-ဘင်္ဂလီစကားနဲ့ ရုခန် (ရခိုင်) စကားတို့ ပေါင်းစပ်ပေါ်ပေါက်တာလို့ ထည့်သွင်းရေးသားခဲ့ပါတယ်။ ၁၈၁၅ ခုနှစ်မှာဆိုရင် ရခိုင်ဟာ မြန်မာပဒေသရာဇ်စနစ်အောက် ကျရောက်နေတဲ့ကာလပဲ ဖြစ်ပါတယ်။ တစ်ခါ ဒေါက်တာဒဂုန်ရေးသားတဲ့ ရာဇဝင်ထဲကပုဏ္ဏားစာအုပ် စာမျက်နှာ (၂၄၈) မှာတော့ ဓညဝတီခေတ်က ပုဏ္ဏားတွေဟာ ရိုဟင်ဂျာစကားကို ပြောကြတယ်လို့ ဆိုပါတယ်။

ဒေါက်တာယိုဟန်ဖေတာရဲ့ ကျမ်းမှာ ရိုဆောင်း၊ ရိုဆန်၊ ရုခန်ဆိုတဲ့ စကားလုံးသုံးလုံးပါပါတယ်။ ဒါတွေကို ဆက်လေ့လာဖို့ လိုပါတယ်။ ဒေက်တာကွန်ဂိုက A History of Chittagong စာအုပ်မှာ ရခိုင်ဆိုတဲ့အမည်ဟာ အလွန်ရှေးကျတဲ့အမည်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အလယ်ခေတ်ဘင်္ဂါလီစာပေနဲ့ ရန်နယ် (Rennel) ရဲ့ မြေပုံမှာ ရခိုင်ကို ရခိုင်ကို ရှိသျှမ်း (Roshang) လို့ သုံးနှုန်းခဲ့ပါတယ်။ စစ်တကောင်းဒေသိယစကားမှာ ရခိုင်ကို ရိုဟင်သျှ (Roshing’sh) လို့ သုံးနှုန်းပါတယ်။ သမိုင်းပညာရှင် ဂျမနီရိုဟန်ဂေါ့ရှ်က Maugh Riders in Bengal စာအုပ်မှာ ရခိုင်ဒေသကို ရိုဆန်လို့ မင်းဖလောင်းလက်ထက်က သုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်တကောင်းသားတွေကလည်း ရခိုင်ကို ရိုသျှဂ်လို့ ခေါ်ကြပါတယ်။ ဒါ့ကြောင့် ရိုဟင်ဂျာဆိုတာ ရိုဟင်က ရခိုင်၊ ဂျာက နေထိုင်သူလို့ ဆိုရမှာဖြစ်ပြီး ရခိုင်သားလို့ ပြောတာ ဖြစ်နိုင်ပါတယ်။

ဆက်ကြည့်ရအောင်။ ၁၇၈၂ မှာ နန်းတက်တဲ့ ရခိုင်ဘုရင် သမ္မလက်ထက် ၁၇၈၅ မှာ ရခိုင်ကို မြန်မာဘုရင် ဘိုးတော်ဘုရားက သိမ်းပိုက်လိုက်ပါတယ်။ မြန်မာဘုရင်အောက်ကျရောက်တဲ့အခါ ဖိနှိပ်မှုတွေ ပြင်းထန်လို့ အင်္ဂလိပ်ပိုင် စစ်တကောင်းခရိုင်ကို ရခိုင်တွေ ထွက်ပြေးခဲ့ရတယ်။ ၁၇၉၉ ခုနှစ်၊ အင်္ဂလိပ်-အရှေ့အိန္ဒိယကုမ္ပဏီရဲ့ မှတ်တမ်းအရ စစ်တကောင်းခကိုင်ကို ထွက်ပြေးလာတဲ့ ရခိုင်လူမျိုး သုံးသောင်းခွဲလောက် ရှိတယ်လို့ သိရပါတယ်။ ဖရန်စစ်ဘူချနန်ရဲ့ အစီရင်ခံစာမှာ ရခိုင်ကို သိမ်းပြီးတဲ့နေ့မှာပဲ မြန်မာဘုရင်က ရခိုင်လူမျိုး လေးသိန်းလောက်ကို အဆုံးစီရင်တယ်၊ လင်ရှိမယားတွေဆိုရင် လင်သတ်ပြီးခေါ်သွားတယ်၊ သမီးပျိုတွေကို သိမ်းပိုက်တယ်လို့ ဖော်ပြထားပါတယ်။

ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ချုပ်ဆိုတဲ့ ရန္တပိုစာချုပ်အရ ၁၈၆၂ မှာ ရခိုင်ဟာ အင်္ဂလိပ်လက်အောက်ကို ကျရောက်ပါတယ်။ ဆိုတော့ ရခိုင်ဟာ သူ့ထက်အရင် အင်္ဂလိပ်လက်အောက်ရောက်နေတဲ့ အိန္ဒိယ၊ ဘင်္ဂေါတို့နဲ့ တစ်နိုင်ငံတည်း ဖြစ်သွားတယ်။ အင်္ဂလိပ်-အရှေ့အိန္ဒိယကုမ္ပဏီကလည်း ရခိုင်ကို ဘင်္ဂလာအုပ်ချုပ်ရေးအောက် ထည့်လိုက်တယ်။ ဒီတော့ ဘင်္ဂလားက ဘင်္ဂါလီတွေ ရခိုင်ကို ဝင်ရောက်လာမှာပါပဲ။ ၁၈၃၆ မှာ ရခိုင်မှာ လုပ်ခလစာကောင်းလို့ ဘင်္ဂါလီလုပ်သားတွေထောင်နဲ့ချီပြီး ရခိုင်ကိုဝင်လာတယ်လို့ ၁၈၄၁ ထုတ် အာသာဖေယာရဲ့ အာရကန်စီးပွားရေးစာတမ်းမှာ ဖော်ပြထားပါတယ်။ ၁၈၈၅ ခုနှစ်၊ တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး မြန်မာပဒေသရာဇ်နယ်တစ်ခုလုံး ဗြိတိသျှလက်အောက်ကျရောက်သွားတဲ့အခါ တစ်နိုင်ငံလုံးကို ဘင်္ဂလားနဲ့ အိန္ဒိယကနေ လူတွေစီးဝင်မှာပါပဲ။ ဒါက သမိုင်းအရ ဖြစ်လာတဲ့ အကြောင်းအရာတစ်ခုပေါ့။ ဆိုတော့ သူတို့ဝင်ရောက်လာမှုဟာ တရားဝင်ဖြစ်တယ်လို့ ဆိုရမယ်။ အိန္ဒိယလည်း ဗြိတိသျှနိုင်ငံသား၊ ဘင်္ဂါလီလည်း ဗြိတိသျှနိုင်ငံသား၊ မြန်မာလည်း ဗြိတိသျှနိုင်ငံသားပေါ့။ ၁၉၃၉ မှာဆိုရင် ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ရိုဟင်ဂျာကျောင်းသားအစည်းအရုံးကို တရားဝင် အသိအမှတ်ပြုပေးခဲ့ဖူးပါတယ်။

လွတ်လပ်ရေးအကြိုကာလရောက်တဲ့အခါမှာ လွတ်လပ်ရေးအတွက် ချုပ်ဆိုခဲ့တဲ့ အောင်ဆန်း-အက်တလီစာချုပ်ရဲ့ နောက်ဆက်တွဲ (က) မှာ “လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခံနိုင်ရန်အလို့ငှာ မြန်မာပြည်တွင် မွေးဖွား၍ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက် သို့မဟုတ် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ တို့နှင့် မရှေးမနှောင်းဖြစ်သော (၁၀) နှစ်တွင် (၈) နှစ်ထက်မနည်း မြန်မာနိုင်ငံတွင် နေထိုင်ကြသော ဗြိတိသျှလက်အောက်ခံ သို့မဟုတ် အိန္ဒိယလက်အောက်ခံ နိုင်ငံသားကို မြန်မာအမျိုးသားဟု အဓိပ္ပာယ်ဖော်ပြသည်။” ဆိုတဲ့ အချက်တစ်ချက် ပါဝင်ပါတယ်။ သမိုင်းဖြစ်စဉ်အရ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာတဲ့အတွက် သူတို့ကို မြန်မာနိုင်ငံသား (အမျိုးသား) ဖြစ်ခွင့် ပေးလိုက်ရတဲ့ သဘောပါပဲ။ အဲ့တော့ စာချုပ်ပါအချက်အလက်နဲ့အညီ ရှိနေတဲ့ အိန္ဒိယလူမျိုး၊ ဘင်္ဂါလီလူမျိုး၊ တရုတ်လူမျိုးတွေက နိုင်ငံသားဖြစ်ခွင့်၊ ဆန္ဒမဲပေးပိုင်ခွင့် ရရှိသွားတဲ့သဘောပါပဲ

လွတ်လပ်ရေး ရရှိပြီးတဲ့အခါမှာလည်း ရိုဟင်ဂျာတွေကို အသိအမှတ်ပြုခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့ နံနက် (၈) နာရီမှာ ရန်ကုန်ရေဒီယိုကနေ ထုတ်လွင့်တဲ့ ဝန်ကြီးချူပ်ဦးနုရဲ့ မိန့်ခွန်းမှာ ဘူးသီးတောင်နဲ့ မောင်းတောမြို့နယ်တွေမှာ နေထိုက်တဲ့လူအများစုက ရိုဟင်ဂျာတွေဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ တစ်ခါ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့နဲ့ (၄) ရက်နေ့တွေမှာ ကျင်းပတဲ့ ဘူးသီးတောင်နဲ့ မောင်းတောမြို့နယ် လူထုအစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေက ရိုဟင်ဂျာများဟာ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်တို့နဲ့ အရာရာမှာ အတူတူပဲလို့ ပြောဆိုခဲ့ပါတယ်

၁၉၆၀ ခုနှစ်တွေမှာတော့ ရခိုင်၊ မွန်နဲ့ ချင်းပြည်နယ်တောင်းဆိုမှု‌တွေ ပေါ်လာတဲ့အခါမှာ အစိုးရက “ဒေသအလိုက်ကိုယ်ပိုင်အုပ်ချုပ်ရေးစုံစမ်းရကော်မရှင်” ကို ဖွဲ့စည်းခဲ့ပါတယ်။ ဝန်ကြီး ဦးညိုထွန်းဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင်ဟာ ၁၉၆၀ ခုနှစ်၊ မေလ (၆) ရက်နေ့ကစပြီး ရန်ကုန်မြို့နေ ရခိုင်ခေါင်းဆောင်တွေ၊ ကုန်သည်တွေ၊ နိုင်ငံရေးသမားတွေ၊ သက်ဆိုင်ရာအသင်းအဖွဲ့တွေ၊ ကျောင်းသားတွေနဲ့ နှီးနှောတိုင်ပင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲ့ဒီလို ဖိတ်ခေါ်တဲ့အခါမှာလည်း ရန်ကုန်တက္ကသိုလ်၊ ရိုဟင်ဂျာအသင်းကိုပါ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါ့ကြောင့် ပြည်နယ်ရဲ့ အနာဂတ်ကို နှီးနှောတိုင်ပင်တဲ့အခါမှာလည်း ရိုဟင်ဂျာတွေကို နေရာပေးခဲ့တယ်ဆိုတာကို သိသာပါတယ်

ဒီလို အစိုးရတွေက ရိုဟင်ဂျာတွေကို အသိအမှတ်ပြုခဲ့ပေမယ့် စစ်အစိုးရလက်ထက်မှာတော့ ရိုဟင်ဂျာမရှိဆိုတဲ့ အသံကိုသာ ကြားကပါတော့တယ်။ ကျွန်တော်ရှာဖွေမိသမျှ ရိုဟင်ဂျာမရှိဆိုတဲ့ ဝါဒဟာ စစ်အစိုးရက စနစ်တကျ ရိုက်သွင်းထားခဲ့တဲ့ ဘာသာရေးအခြေခံတဲ့ မုန်းတီးရေးဝါဒမှိုင်းတစ်ခုလို့ပဲ တွေ့ရပါတယ်။ ဒီမှိုင်းဟာ အချိန်အတော်ကြာ ပြန့်နှံ့နေပြီး နိုင်ငံအပေါ်မှာ အများကြီး ရိုက်ခတ်မှုရှိခဲ့ပါတယ်။။။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။