ရိုဟင်ဂျာတွေကို ငြင်းပယ်ပြီးတဲ့နောက် စစ်အစိုးရဟာ ဖိနှိပ်မှုတွေကို ဆက်တိုက်ဆိုသလို ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ နေဝင်းစစ်အစိုးရက နဂါးမင်းစစ်ဆင်ရေးကို ဆင်နွှဲခဲ့တဲ့အတွက် ဘူးသီးတောင်၊ မောင်းတောမြို့နယ်က ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပါတယ်။ အဲ့ဒီအခါမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ဒုက္ခသည်များအရေး ဆွေးနွေးခဲ့ကြပြီးတော့ ဟင်္သာစီမံကိန်းဆိုပြီး ဒုက္ခသည်တွေကို ပြန်လက်ခံခဲ့ပါတယ်။ တစ်ခါ ၁၉၉၁ ခုနှစ်နောက်ပိုင်းမှာလည်း ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြရပါတယ်။ ၁၉၉၂ ရောက်တဲ့အခါမှာတော့ စစ်အစိုးရရဲ့ နှိပ်ကွပ်မှုကြောင့် တစ်နေ့ကို ရိုဟင်ဂျာဒုက္ခသည် ငါးထောင်ကျော်လောက်ဟာ အစုလ်ုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်ဘက်ကို နေ့စဉ်ထွက်ပြေးကြရပါတယ်။ အဲ့ဒီအခါမှာ နိုင်ငံတကာက လူ့အခွင့်အရေးချိုးဖောက်မှုလို့ အတိအလင်း ရှုတ်ချပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းများရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်ကို ၁၀.၅.၉၂ ရက်နေ့အထိထွက်ပြေးတဲ့ ဒုက္ခသည်ပေါင်း နှစ်သိန်းလေးသော်ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ (၁၃၅၅၅) ဦးပဲ ရှိတယ်၊ ထွက်ပြေးတဲ့သူတွေက ခိုးဝင်ဘင်္ဂါလီတွေလို့ ဆိုပါတယ်။ အဲ့ဒီခိုးဝင်သူတွေ ထွက်ပြေးတာလို့ အစိုးရပိုင် သတင်းဌာန၊ အသံလွှင့်ဌာနတွေကနေ ထုတ်ပြန်ပြီးတော့ ရိုဟင်ဂျာမရှိဆိုတဲ့အတွေးအခေါ်ကို ရိုက်သွင်းပါတော့တယ်။

စစ်အစိုးရဟာ ရိုဟင်ဂျာဆိုတာ ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် ရောက်လာတဲ့သူတွေဆိုတဲ့ အာဘော်ကို လူထုကြားမှာ စိမ့်ဝင်အောင် လုပ်ကြတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနတိုင်းမှာလည်း “မြေမြို၍ လူမျိုးမပြုတ်။ လူမြိုမှ လူမျိုးပြုတ်မည်။” ဆိုတဲ့ ဝါဒဖြန့်ဆောင်ပုဒ်တွေကို ချိတ်ဆွဲထားစေခဲ့ပါတယ်။

၁၉၉၂ မှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလာဒေ့ရှ်ကို အလုံးအရင်း ထွက်ပြေးကြရတဲ့အခါ မတ်လ (၆) ရက်နေ့မှာ ကုလသမဂ္ငအထွေထွေအတွင်းရေးမှူးချုပ် ဘူထရို့စ်ဘူထရို့စ်ဂါလီက စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေအတွက် စိုးရိမ်ပူပန်ကြောင်း၊ ဒုက္ခသည်တွေ ထောင်နဲ့ချီပြီး ရောက်လာတာဟာ ဒေသတည်ငြိမ်မှုကို သက်ရေယက်မှုရှိတဲ့အကြောင်း၊ နဝတအနေနဲ့ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုမရှိရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်ဖို့ လုပ်ဆောင်မယ့်အကြောင်း ပြောကြားပါတယ်။ နောက်တစ်နေ့မှာ မလေးရှားက ပြင်းပြင်းထန်ထန်ရှုံ့ချပြီး ဒုက္ခသည်တွေကိစ္စကို အရေးယူမယ်လို့ ပြောကြားခဲ့ပါတယ်။

နောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ကလည်း မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့ အထူကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့ပါတယ်။ အီရတ်နိုင်ငံခြားရေးဝန်ကြီး ဘာလေရတ်ကဆိုရင် မြန်မာနိုင်ငံမှာ ဂျီနိုဆိုက်ဖြစ်နေပြီလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒါဟာဆိုရင် မြန်မာနိုင်ငံမှာ ဂျီနိုဆိုက်ဖြစ်နေပြီလို့ ပထမဆုံး ထုတ်ဖော်ပြောဆိုခံရတာပါပဲ။

နိုင်ငံတကာက ဝေဖန်ပစ်တင်ရှုံ့ချမှုတွေ ဖြစ်နေချိန် မတ်လ (၁၉) ရက်မှာ အမေရိကန်သမ္မတ ဂျော့ဘုရှ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုက္ခသည်တွေအရေး ဆွေးနွေးကြပါတော့တယ်။ အဲ့ဒီနေ့မှာပဲ မြန်မာအစိုးရက ဒုက္ခသည်များအရေး သတင်းစာရှင်းလင်းပွဲလုပ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးအုန်းကျော်က ဒီကိစ္စကို နိုင်ငံတကာက ပြောဆိုနေတာတွေက အပုပ်ချလုပ်ကြံဖန်တီးမှုသက်သပ်ပဲဖြစ်တယ်၊ ထွက်ပြေးတဲ့သူတွေက တရားမဝင်နေထိုင်နေတဲ့ ဘင်္ဂါလီတွေ သူ့နိုင်ငံသူပြန်တာပဲဖြစ်တယ်၊ ကုလသမဂ္ဂကိုလည်း ဒီလုပ်ကြံဖန်တီးနေတာတွေက်ု အမှန်အတိုင်းသိအောင် ဖိတ်ခေါ်ပြီး ချပြမယ်လို့ ပြောခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့ကနေ (၂၃) ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ရန်ကုန်မြို့ကို လာရောက်ပြီးတော့ မြန်မာအစိုးရနဲ့ ဒုက္ခသည်များအရေးကို ပထမအကြိမ် ဆွေးနွေးခဲ့ပါတယ်။ ဒုတိယအကြိမ်ဆွေးနွေးဖို့ ဒက္ကာမြို့ကို ဖိတ်ခေါ်ခဲ့ပေမယ့် မြန်မာအစိုးရက မသွားခဲ့ဘူး။ လေးလကျော်ကြာလာပြီဖြစ်လို့ ဒုက္ခသည်များအရေးကို မြန်မာအစိုးရက လျစ်လျူရှုထားတာ သိသာပါတယ်။

နိုင်ငံတကာရဲ့ အတင်းအကျပ်ဖိအပေးမှုတွေကြောင့် နောက်ဆုံးမှာ စစ်အစိုးရက ဒုက္ခသည်တွေကို လက်ခံဖို့ စီစဥ်ပါတော့တယ်။ ဒါပေ‌မယ့် စစ်အစိုးရက ဒုက္ခသည်တွေ ပြန်လက်ခံရေးနှောင့်နှေးတာဟာ သူတို့ရဲ့ မသမာမှုဖြစ်ကြောင်း ဝန်မခံဘဲ မျက်နှာပြောင်ပြောင်နဲ့ မေလ (၁၅) ရက်နေ့ကတည်းက ဒုက္ခသည်တွေလက်ခံဖို့ ဒုက္ခသည်စခန်း (၅) ခုဖွင့်ပြီးဖြစ်ကြောင်း၊ ဒီလိုပြင်ဆင်နေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်ကို ထွက်သွားတဲ့သူတွေ ရှိကြောင်း၊ ဒီလိုထွက်ခွာရတာဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ RSOနဲ့ ARTS အဖွဲ့တို့က အတင်းအကျပ် ခြိမ်းခြောက်ခေါ်ဆိုတာဖြစ်ကြောင်း၊ မြန်မာပြည်ကို ပြန်လာချင်သူတွေကို မပြန်နိုင်အောင် ခြိမ်းခြောက်နေကြောင်း ၂၄.၅.၁၉၉၂ ရက်နေ့မှ ထုတ်ပြန်ကြေညာပါတယ်။ တစ်ခါ ပြန်လည်လက်ခံရေးစခန်းတွေမှာလည်း “ထွက်ပြေးသောကုလားများအားပြန်လည်လက်ခံရေးစခန်း” လို့ အမည်တပ်ဆိုင်းဘုတ်ချိတ်ပါတော့တယ်။ ဒါ့ကြောင့် ဒုက္ခသည်များ နေရပ်ပြန်ရေးက ပိုပြအလှမ်းဝေးခဲ့ရပါတယ်။

စစ်အစိုးရကတော့ ထွက်ပြေးတဲ့သူတွေဟာ နိုင်ငံသားအထောက်အထားမရှိတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးတဲ့အခါ အစစ်မခံရဲလို့ ထွက်ပြေးကြတာဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှု မရှိဘူးလို့ ဆိုပါတယ်။ နယ်စပ်ဒေသဖြစ်လို့ နှစ်နိုင်ငံကြား လူစိမ့်ဝင်မှု ရှိနိုင်တာဖြစ်ပေမယ့် ကာလတိုတစ်ခုအတွင်းမှာ လူနှစ်သိန်းကျော် ထွက်ပြေးတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုပယောဂ မပါဘူးဆိုတာကတော့ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ တစ်ခါ ထိုင်း-မြန်မာနယ်စပ်မှာလည်း ထိုင်းဘက်ကို ထွက်ပြေးတဲ့သူ ရှစ်သောင်းလောက်အထိ ရှိနေပါတယ်။ သူတို့အများစုမှာ နိုင်ငံသားအထောက်အထား မရှိပါဘူး။ ဒါပေမယ့် ထွက်ပြေးကြတဲ့သူတွေဟာ တိုင်းရင်းသားတွေဆိုတာ သေချာပါတယ်။ ဆိုတော့ လူ့အခွင့်အရေးချိုးဖောက်မှုမရှိဘူးဆိုတာက လက်ခံနိုင်စရာအကြောင်း မရှိပါဘူ

စစ်အစိုးရ အဆက်ဆက်ဟာ သူတို့အတွက် နိုင်ငံရေးအကျပ်အတည်းပေါ်ရင် လူမျိုးရေးအဓိကရုဏ်ဖန်တီးတာ အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ (၄၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာက ရှုံ့ချတာကို မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းငုံ့ခံခဲ့ရတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆို ချီးမြှင့်တာ၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာမအပ်လို့ နိုင်ငံတကာရဲ့ဖိအားကို ခံရတာ၊ ငွေကြေးတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းတက်လို့ ပြည်တွင်းတင်းမာမှုဖြစ်တာတွေက ဆက်တိုက်ဆိုသလိုဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ အခုလို ဒုက္ခသည်ပြဿနာကြီးပေါ်လာတာက ရိုးသားမှုမရှိဘူးဆိုတာ အထင်အရှားပါပဲ

တရုတ်-မြန်မာနယ်စပ်ကနေဝင်လာတဲ့ တရုတ်တွေ အမေရိကန်ဒေါ်လာ (၅၀၀) လောက် နယ်စပ်ဒေသတာဝန်ရှိသူကိုပေးလိုက်ရင် မန္တလေးမှာ အိမ်နဲ့ကားနဲ့ နေနိုင်တဲ့အချိန်မှာ တရားမဝင်နေသူတွေက လူဝင်မှုကြီးကြပ်စီစစ်တာပိုကြောက်လို့ ထွက်ပြေးတယ်ဆိုတာ ယုတ္တိမတန်ပါဘူး။ တစ်ခါ ၁၉၇၃ ကနေစပြီး (၁၀) နှစ်တစ်ခါ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်တဲ့အခါ ဘယ်တရားမဝင်နေထိုင်သူ၊ ဘယ်နိုင်ငံသားအထောက်အထားမရှိသူမှ ထွက်ပြေးတာမျိုး မရှိခဲ့ဖူးပါဘူး။ အခုမှ ထွက်ပြေးတာပါဆိုတာကတော့ အကြောင်းပြချက်ကောင်းတစ်ခု မဟုတ်ခဲ့ဘူးပေ။

ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်း ဒုက္ခသည်များပြဿနာက ခေါင်းခဲစရာပါပဲ။ မြေယာမရှိ၊ စားစရာမပါတဲ့ လူဦးရေ နှစ်သိန်းကျော်ဝင်ရောက်လာတဲ့အခါ ဒေသခံတွေနဲ့ အချင်းများတဲ့ကိစ္စတွေ ရှိလာနိုင်တယ်။ တစ်ခါ ဘင်္ဂလားဒေ့ရှ်လို့ နိုင်ငံငယ်ထဲမှာ လူဦးရေးနှစ်သိန်းကျော် နေ့ချင်းညချင်းဝင်လာတာဟာ အစိုးရအနေနဲ့ အများကြီး ခေါင်းခဲစရာပါပဲ။ ဘင်္ဂလားဒေ့ရှ်ဟာ နှစ်တိုင်းလိုလို မုန်တိုင်းဒဏ်ခံရတာကြောင့် ဒုက္ခသည်တွေရှိနေတဲ့အချိန် မုန်တိုင်းဝင်လာရင် မရှုနိုင် မကယ်နိုင်ဖြစ်မှာ အသေအခြာပါပဲ။

ဒုက္ခသည်တွေကလည်း တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသလို စစ်အစိုးရဖွင့်လှစ်တဲ့စခန်းတွေကို သွားဖို့ ငြင်းဆိုကြပါတယ်။ ဒုက္ခသည်တွေက မြန်မာနိုင်ငံဘက်မှာ ကုလသမဂ္ဂဒုက္ခသည်များအထူးကေယ်မရှင် (UNHCR) မရှိဘဲ နေရပ်ပြန်ဖို့ ငြင်းဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ UNHCR အနေနဲ့ သူတို့နဲ့အတ (၁၀) နှစ်နေပြီး စောင့်ကြည့်လေ့လာပေးဖို့ တောင်းဆိုပါတယ်။ စစ်အစိုးရကလည်း UNHCR ကို ပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆိုပြန်ပါတယ်။

ဒါ့ကြောင့် စစ်အစိုးရဟာ နိုင်ငံရေးအကျပ်အတည်းကို အာရုံလွှဲတဲ့အနေနဲ့ ဒုက္ခသည်ပြဿနာ တမင်ဖန်တီးတယ်ဆိုတာ အထင်းသားပါပဲ။ ယေဘုယျအားဖြင့် အဲ့ဒီကာလကနေ စပြီး စစ်အစိုးရဟာ မူဆလင်မုန်းတီးရေးလှုံ့ဆော်သွေးခွဲမှုကို စတင်လို့ဆိုရပါမယ်။ ဘာ့ကြောက့်လုပ်ခဲ့တာလဲ၊ ဒီလှုံ့ဆော်မှုရဲ့အကျိုးဆက်တွေက ဘာတွေလဲဆိုတာကို ဆက်လေ့လာဖို့ လိုပါတယ်။   ။

စစ်အစိုးရ၊ စစ်တပ်ဟာ ခေတ်အဆက်ဆက်က လူမျိုးကြီးဝါဒကို ကိုင်ဆွဲခဲ့ကြတယ်။ လူမျိုးကြီးဝါဒထဲကမှ ဘာသာရေးကိုအခြေတည်တဲ့ လူမျိုးကြီးဝါဒကို တစိုက်မတ်မတ် ကိုင်စွဲခဲ့ကြတယ်။ ဒီလိုကိုင်စွဲလာတာနဲ့အမျှ ဗုဒ္ဓဘာသာမဟုတ်တဲ့ ကျန်ကိုးကွယ်ယုံကြည်မှုတွေကို တစ်ဆင့်နိမ့်တဲ့ကိုးကွယ်ယုံကြည်မှုတွေအဖြစ် ပုံဖော်မှိုင်းတိုက်ခဲ့ကြတယ်။ ဒီသဘောထားကို ၁.၁၁.၈၃ မှာ တပ်တွင်းလျှို့ဝှက်တင်ပြချက်တစ်ခုဖြစ်တဲ့ ကြည်း (၉၇၉၁) ဗိုလ်မှူးလှမြိုင်ရဲ့ နိုင်ငံခြားသားဝင်ရောက်မှုနဲ့ ရခိုင်ပြည်နယ်မှ ဖြစ်ရပ်အချို့ဆိုတဲ့ တင်ပြချက်မှာ ‌အထင်အရှားတွေ့ရပါတယ်။ ဒီစာတမ်းမှာ အဓိက မီးမောင်းထိုးရေးသားခဲ့တာက နိုင်ငံခြားသားတွေဝင်ရောက်လို့ ကျွန်ဖြစ်တယ်၊ နိုင်ငံခြားသားတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေနဲ့ကြုံရတယ်၊ ဒါကို စစ်တပ်က ကယ်တင်ထားတယ်ဆိုတဲ့ အတွေးအခေါ်နဲ့ အစ္စလာမ်ဘာသာဝင်တွေ နိုင်ငံအတွင်း စိမ့်ဝင်လာပြီး နိုင်ငံကို မူဆလင်နိုင်ငံဖြစ်အောင်ပြောင်းလိမ့်မယ်၊ မူဆလင်တွေဟာ ဘာသာရေးအစွန်းရောက်တွေဖြစ်တယ်၊ မူဆလင်ကြီးစိုးရေးလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ ဗမာတွေဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို အခြေပြုတည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်။ ပျူခေတ်ကနေစပြီး နောက်ဆုံးကုန်းဘောင်ခေတ်အထိ မြန်မာပဒေသရာဇ်စနစ်ဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုအပေါ်မှာ တည်ဆောက်ခဲ့ကြတာဖြစ်တယ်။ မြန်မာပဒေသရာဇ်လူ့အဖွဲ့အစည်းကလည်း ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ကျင့်သုံးခဲ့တယ်။ ဒီလိုဗုဒ္ဓဘာသာယဉ်ကျေးမှုကို ခံယူခဲ့ပေမယ့်လည်း ကျန်တဲ့ဘာသာတွေအပေါ် ဖိနှိပ်တာမျိုး နည်းပါတယ်။ ဘာသာခြားတွေ မင်းမှုထမ်းကြတာလည်း အများအပြားပါပဲ။

ကိုလိုနီခေတ်မှာလည်း ဘာသာခြားတော်လှန်မှုတွေ ရှိခဲ့တယ်။ ပုဂံခေတ်၊ အနော်ရထာဘုရင်လက်ထက်မှာဆိုရင် အာရပ်နွယ်တွေ၊ ပါသျှမ်းနွယ်တွေ စစ်မှုထမ်းခဲ့ကြတယ်။ ခရစ်နှစ် ၁၀၅၈ ခုနှစ် မိတ္ထီလာကန်ဆည်ဖို့တဲ့အခါမှာလည်း ပသီစစ်သည်တွေ ပါဝင်ခဲ့တယ်။ မင်းခေါင်နော်ရထာက ဒုတိယအကြိမ် မိတ္ထီလာကန်ဆည်ဖို့ရမှာလည်း ပသီသေနတ်တပ်သား (၁၀၀၀) လိုက်ပါခဲ့တယ်လို့ ကင်းဝန်စာပေါင်းစုက ဆိုပါတယ်။ တပင်ရွှေထီး ဟံသာဝတီကို ချီတက်တဲ့အခါမှာလည်း ပသီ၊ ပန်းသေးတွေက စိန်ပြောင်း၊ မြတပူတွေနဲ့ ကာကွယ်ခဲ့တယ်လို့ မှန်နန်းရာဇဝင်က ဆိုပါတယ်။

သာလွန်မင်းလက်ထက်ကို ရောက်တဲ့အခါမှာလည်း ပသီ၊ ပန်းသေး စစ်သုံ့ပန်းတွေကို ရွှေဘို၊ ကျောက်ဆည်၊ စစ်ကိုင်းတို့မှာ မေရာချတယ်။ အလောင်းမင်းတရားကြီးလက်ထက်မှာဆိုရင် ကုလားစု၊ သန်လျင်၊ ပသီ၊ ဘုရင်ဂျီ၊ ကလယ်တို့ဖြစ်ကြတဲ့ နော်သစ်၊ သောတက်၊ အဘူဒါဝတ်၊ ပီးယာမာမက်၊ ပေါရ၊ အန်တိုနီ၊ စသိုတ်တို့ကို သွေးသောက်ကြီးတွေအဖြစ် ခန့်ခဲ့ပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ ရိုဟင်ဂျာအမျိုးသား မီရ်ဇာခေါင်းဆောင်တဲ့ တပ်ဖွဲ့က ဗြိတိသျှတို့ကို ပျောက်ကြားတ်ုက်ခဲ့လို့ ဆုတော်ငွေတစ်ထောင် ထုတ်ဖူးတယ်ဆိုပြီး D.G.E Hall က Europe and Burma မှာ ဆိုပါတယ်။ ဝလီခန်မြင်းတပ်ဗိုလ် ဗိုလ်ရာကွတ်ရဲ့ မြေးဆိုရင်လည်း ပခုက္ကူနယ်မှာ နယ်ချဲ့ကို တွန်းလှန်ရင်း ကျဆုံးခဲ့တယ်။

တစ်ခါ မြန်မာပဒေသရာဇ်ဘုရင်တွေဟာ ဘာသာခြားတွေအပေါ် ဖိနှိပ်မှု နည်းပါးခဲ့တယ်လို့ ထင်ပါတယ်။ အဓိကက ဘာသာခြားတွေက ဘုရင်ရဲ့ အာဏာကို မထိပါးတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကတော့ ရှင်ဘုရင်ရဲ့ ဩဇာအာဏာကို ထိပါးလို့ တစ်ခါတစ်ရံ အပြစ်ဒဏ်ခံရတတ်တယ်။

အလောင်းမင်းတရားကြီးလက်ထက်မှာ အရုံဂိုဏ်းနဲ့ အတင်ဂိုဏ်းဆိုပြီး ကွဲတယ်။ အရုံဂိုဏ်းဆိုတာက မြို့ရွာထဲသွားတဲ့အခါမှ ဝိနည်းတော်နဲ့အညီ သင်္ဃန်းကို အပြည့်ရုံပြီးမှ သွားသင့်တယ်ဆိုတဲ့ ဝိနယဂိုဏ်းပါပဲ။ အတင်ဂိုဏ်းကတော့ သင်္ဃန်းရဲ့ အစနှစ်ဖက်ကို လက်ဝဲဘက်ပုခုံးမှာ တင်ထားရုံ (အခုမြင်နေကျသင်္ဃန်းပုံစံ) နဲ့ သွားလာနိုင်တယ်ဆိုတဲ့ ဂိုဏ်းပါ။ ဖြစ်ချင်တော့ မင်းဆရာက အတင်ဂိုဏ်းက ဖြစ်နေတော့ တစ်နိုင်ငံလုံး အတင်ဂိုဏ်းရဲ့မူကို ကျင့်ရမယ်လို့ ဘုရင်က အမိန့်ထုတ်တယ်။ ဒါပေမယ့် အရှင်မုနိန္ဒဃောသဆိုတဲ့ ဆရာတော်တစ်ပါးက ဘုရားရဲ့ ဝိနည်းနဲ့အညီပဲနေမယ်ဆိုပြီး အရုံဂိုဏ်းနဲ့မူနဲ့ ဆက်နေတယ်။ ဒါ့ကြောင့် အရှင်မုနိန္ဒဃောသကို နယ်နှင်ဒဏ်ပေးပါတယ်။ နယ်နှင်ဒဏ်နဲ့ ကြွလာတဲ့ဘုန်းတော်ကြီးဟာ ပုခန်းနယ်နဲ့ယောနယ်အစပ် ဘဟင်ရွာ (‌မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဗဟင်းရွာ) အရောက်မှာ ရွာလူကြီးက မင်းစေကို တစိုးလက်ဆောင်ပေးကြီး ဆရာတော်ကို ပင့်ထားလိုက်တယ်။ ဆရာတော်က ဘဟင်ရွာမှာနေပြီး ဘာသာရေးကျမ်းတွေ ပြုစုခဲ့တာကြောင့် ဘဟင်ရှင်မုနိန္ဒဃောသလို့ ထင်ရှားပါတယ်။

အလားတူအဖြစ်အနေနဲ့ ဗန်းမော်ဆရာတော်နယ်နှင်ဒဏ်သင့်တာလည်း ရှိပါသေးတယ်။ တစ်ခါသားကဆိုရင် မင်းတုန်းမင်းရဲ့ သမီးတော်ဟာ ဘုန်းကြီးကျောင်းသားတစ်ဦးနဲ့ ချစ်ကြိုက်မိလို့ အဲ့ဒီဘုန်းကြီးကျောင်းသားအပါအဝင် သူ့ရဲ့ဆရာတွေဖြစ်တဲ့ ဘုန်းတော်ကြီးတွေကိုပါ သတ်မိန့်ပေးခဲ့တာ ရှိပါတယ်။ မင်းတုန်းမင်းလက်ထက်မှာ ခရစ်ယာန်သာသနပြုဘုန်းတော်ကြီး ဆရာယုဒသန် (သမ္မာကျမ်းကို ပထမဆုံးမြန်မာဘာသာပြန်ဆိုသူ) ရောက်လာတယ်။ မင်းတုန်းမင်းက ကျောင်းတစ်ဆောင် လှူခဲ့တယ်ဆိုတာကလည်း အထင်အရှားပါပဲ။

ရေးချင်တာတွေရေးရင်း စာကရှည်သွားပြန်ပြီ။ ဖြတ်လိုက်ပြီး လိုရင်းကိုပဲ သွားကြရအောင်ပါ။ မြန်မာပဒေသရာဇ်နယ်ရဲ့ လူ့အဖွဲ့အစည်းဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို အခြေတည်ခဲ့တာဖြစ်လို့ သူ့ကျွန်ဘဝရောက်တဲ့အခါမှာလည်း ဘာသာရေးက ကပ်လျှက် ပါလာပါတယ်။ ပဒေသရာဇ်ခေတ်က ဘုရင်ရဲ့ နိုင်ငံရေးအမြင်က ဗုဒ္ဓဘာသာရဲ့ အမြင်လို့ ယေဘုယျဆိုနိုင်တာကိုး။ ဒါ့ကြောင့်လည်း အမျိုးသားရေးနှိုးဆော်တဲ့ သီချင်းတွေမှာ “ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်” လို့ ပါပါနေတာပါပဲ။ ဆရာရွှေတိုင်ညွန့်ရဲ့ ဇာတိမာန်သီချင်းမှာဆိုရင် “အာဇာနည်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်၊ ရာဇဝင်ရှေးထုံးစဉ်လာထွန်းတောက်ခဲ့ပေ” ဆိုတာမျိုး ထည့်သွင်းခဲ့တာပါ။ ဒီသီချင်းတွေရဲ့ အဓိက ဦးတည်ရာဟာ မြေပြန်လို့ အဲ့ဒီခေတ်အခါက ခေါ်တဲ့ ဗြိတိသျှလက်အောက်ခံ မြန်မာပဒေသရာဇ်နယ်ကို ပါပဲ။ ဇာတိမာန်ဆိုတာရဲ့ အနက်အဓိပ္ပာယ်ကိုက ဇာတိပုည ဂုဏ်မာနရှိကြ၊ ကျွန်စိတ်မမွေးနဲ့ ဆိုတာပါပဲ။ ဒါကို ရွှေဉာဏ်တော်စူးရောက်တဲ့သူတွေက ဘာသာရေးလှုံ့ဆော်မှုသီချင်းတစ်ပုဒ်လို သုံးစွဲနေတာက စိတ်မကောင်းစရာပါပဲ။

စစ်တပ်နဲ့ စစ်အုပ်စုဟာ ဖက်ဆစ်စိတ်ဓာတ်ရှိတာနဲ့အတူ တစ်ဖက်မှာလည်း ပဒေသရာဇ်အတွေးအခေါ် အပြည့်ပါပဲ။ သူတို့ဟာ စစ်အုပ်စုအတွင်းမှာ ဘာသာခြားနဲ့ နိုင်ငံခြားမုန်းတီးရေးဝါဒကို ရိုက်သွင်းပါတယ်။ ပြီးတဲ့အခါမှာ သူတို့ထူထောင်ထားတဲ့ စစ်အာဏာရှင်စနစ်ကို အသုံးပြုပြီး ဘာသာခြားမုန်းတီးရေးဝါဒကို သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး မှိုင်းတိုက်ပါတော့တယ်။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။