မြန်မာ (ဗမာ) တွေအမြင်မှာ ဗိုလ်ချုပ်အောင်ဆန်းက သူရဲကောင်းကြီး၊ အာဇာနည်ကြီး ဖြစ်နေပေမယ့် တိုင်းရင်းသားတွေအမြင်မှာတော့ မဟုတ်ပါဘူး။ “အောင်ဆန်း‌ကျေးဇူး မူးလို့တောင်ရှူစရာမရှိဘူး” လို့ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တစ်ဦး ပြောတာကို နားနဲ့ဆက်ဆက် ကြားခဲ့ရဖူးပါတယ်။ ဘာလို့လဲ၊ ဘာကြောင့်လဲ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေကြားမှာ ဘာပြဿနာတွေ ရှိခဲ့ကြတာလဲ။ လေ့လာကြည့်ကြရအောင်ပါ။

 

ဗိုလ်ချုပ်အောင်ဆန်းနှင့် ကရင်နီ

ကရင်နီ (ကယား) ပြည်ဟာ မြန်မာပဒေသရာဇ်နယ်မှာ မပါဝင်ဘဲ သီးခြားလွတ်လပ်တဲ့ နိုင်ငံငယ်တစ်ခု ဖြစ်ပါတယ်။ မြန်မာဘုရင်နဲ့ စစ်ရေးယှဉ်ပြိုင်မှုတွေ ရှိခဲ့ပေမယ့် မိမိကိုယ်ကို ကောင်းကောင်းကာကွယ်နိုင်ခဲ့တယ်လို့ ဆိုရမယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာကျူးကျော်စစ်အပြီးမှာ ဗြိတိသျှနဲ့ ကရင်နီကြား တန်းတူရည်တူ မဟာမိတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်။ အဲ့ဒီအခြေအနေမှာပဲ မြန်မာဘုရင်နဲ့ စစ်ရေးတင်းမာနေတဲ့အတွက် ဗြိတိသျှအကူအညီနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် ဗြိတိသျှအစိုးရနဲ့ မြန်မာဘုရင်ကြားမှာ ကရင်နီရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း၊ ဗြိတိသျှရော မြန်မာကပါ မသိမ်းပိုက် မကျူးကျော်ရေး စာချုပ်ချုပ်ခဲ့ကြတယ်။

ဒါပေမယ့် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး မောက်မယ်နဲ့ ကန္တရဝတီကြား စစ်ရေးပဋိပက္ခကို အခြေပြုပြီး ဗြိတိသျှနဲ့ ကန္တရဝတီကြားမှာ စစ်ရေးတင်းမာလာတယ်။ နောက် ဗြိတိသျှစစ်တပ်ဟာ လွိုင်ကော်မြို့အထိ တက်သိမ်းတယ်။ ကန္တရဝတီစောဖျာ စောလဖော် တိမ်းရှောင်ရတယ်။ ဗြိတိသျှက စောဖျာစောလဖော်ကို ပြန်လာပြီး ဗြိတိသျှအစိုးရရဲ့ သစ္စာခံအဖြစ် ကန္တရဝတီကို ပြန်အုပ်ချုပ်ဖို့ပြောတယ်။ စောဖျာစောလ‌ဖော်က ပြန်မလာခဲ့ဘဲ သူ့ရဲ့လူယုံ စောလဝီက ပြန်လာတယ်။ ဗြိတိသျှဆီမှာ သစ္စာခံပြီး ကန္တရဝတီကို အုပ်ချုပ်တယ်။ အဲ့ဒီအချန်ကစပြီး ကရင်နီပြည်ဟာ ဗြိတိသျှဩဇာခံ ဒိုမီနီယမ်နိုင်ငံအနေနဲ့ ရပ်တည်ခဲ့တယ်။ဘာလို့ မသိမ်းပိုက်သလဲဆိုရင် မြန်မာဘုရင်နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ကြောင့်ပါပဲ။

ဒုတိယကမ္ဘာစစ်ကာလ မြန်မာပြည်ကို ဂျပန်ဝင်လာတဲ့ အချိန်မှာတော့ ဒေါက်တာဘမော်အစိုးရက ကရင်နီကို မြန်မာလက်အောက်မှာ ထားခဲ့တယ်။ ဒါ့ကြောင့် ဖက်ဆစ်တော်လှန်ရေးမှာ ကရင်နီတွေက တစ်တပ်တစ်အား ပါဝင်ခဲ့ကြတာပါပဲ။

ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှပြန်ဝင်လာတဲ့အခါ ဘုရင်ခံ ဆာဒေါ်မန်စမစ်နဲ့အတူ စက္ကူဖြူစာတမ်း ပါလာခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်း ချုပ်ဆိုတဲ့ အတ္တလန်တာစာချုပ်အရ ကိုလိုနီနယ်မြေတွေကို စွန်လွှတ်ရတာတော့မှာဖြစ်တယ်။ ဒါ့ကြောင့် လွတ်လပ်ရေးပေးတဲ့အခါ တောင်တန်းဒေသဟာ ပြည်မနဲ့ ပေါင်း၊ မပေါင်း ‌စုံစမ်းစစ်ဆေးဖို့ ၁၉၄၈ အထိ ဘုရင်ခံတစ်ယောက်တည်းကနေ အုပ်ချုပ်မယ်လို့ စက္ကူဖြူစာတမ်းကနေ ဆိုပါတယ်။ ပြည်မက နိုင်ငံရေးခေါင်းဆောင်တွေက စက္ကူဖြူစာတမ်းကို ကန့်ကွက်ကြတယ်။ အထွေထွေသပိတ်ကြီး (CDM) မှောက်လိုက်ကြတယ်။ ဒါ့ကြောင့် ဆာဒေါ်မန်စမစ်က လန်ဒန်ကို ပြန်ပြေးရပြီး ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ် ရောက်လာတယ်။

ဆာဟူးဘတ်ရန့်စ်ဟာ ဖဆပလနဲ့ ညှိပြီး ဖဆပလကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဘုရင်ခံ၏ အတိုင်ပင်ခံအမှုဆောင်ကောင်စီအသစ် ဖွဲ့တယ်။ ပြီးတော့ အထွေထွေသပိတ်ကြီးကို ဖြေရှင်းတယ်။ နောက် ဖဆပလက လွတ်လပ်ရေးတစ်နှစ်အတွင်းမပေးရင် ဖဆပလကိုယ်စားလှယ်တွေ အစိုးရအဖွဲ့ကနေ နုတ်ထွက်မယ်ဆိုပြီး ဗြိတိသျှအစိုးရ‌ဆီကို စာပို့တယ်။

လွတ်လပ်ရေးတောင်းဆိုမှုတွေ အားကောင်းလာပြီး လွတ်လပ်ရေးရဖို့ နီးလာတဲ့အခါ ပြည်မနဲ့ ဗြိတိသျှအစိုးရက တောင်တန်းဒေသတွေကို အပြိုင်စည်းရုံးပါတော့တယ်။ ဗြိတိသျှက ပြည်မနဲ့ မပူပေါင်းဘဲ တေယင်တန်းဒေသအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပြီး တောင်တန်းဒေသတွေကို သီးခြားရပ်တည်စေချင်တယ်။ (တောင်တန်းဒေသကို လွတ်လပ်ရေးမပေးဘဲ ချန်ထားဖို့ကြံတယ်ဆိုတာ ဂျင်းပါ။) ပြည်မကလည်း ပူးပေါင်းပြီး လွတ်လပ်ရေး ယူပေါ့။ ရှမ်းတို့ဘာတို့ကတော့ ဗြိတိသျှလက်အောက် ကျနေတာဖြစ်တဲ့အတွက် အတူတကွ ပြည်ထောင်စုအသွင်နဲ့ လွတ်လပ်ရေးယူဖို့ သဘောတူကြတယ်။ ကရင်နီကတော့ နဂိုကတည်းက သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်လို့ သီးခြားပဲ ရပ်တည်ဖို့ သဘောထားရှိတယ်။ ဒါ့ကြောင့် ဖဆပလက လာရောက်စည်းရုံးတဲ့အခါတိုင်း သီးခြားရပ်တည်ဖို့ပဲ သဘောထားပေးခဲ့တယ်။

ဒီလိုအခြေအနေ ဖြစ်လာတဲ့အတွက် ကရင်နီခေါင်းဆောင်တွေဟာ ပြည်ပနဲ့ ဆက်ဆံမှ အဆင်ပြေတော့မယ်ဆိုတာ သိလာကြတယ်။ ဒါ့ကြောင့် ကရင်နီကိုယ်စားလှယ်အဖွဲ့ဖွဲ့စည်းပြီး တောင်ငူမှာ ကျင်းပမယ့် ကရင်အစည်းအဝေးကို တက်ကောက်လေ့လာဖို့၊ ဘုရင်ခံနဲ့တွေ့ဖို့၊ ပြည်မနိုင်ငံရေးကိုလေ့လာဖို့ ဆင်းလာခဲ့ကြတယ်။ ရန်ကုန်ရောက်တဲ့အခါ ဖဆပလ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဖဆပလခေါင်းဆောင်တွေနဲ့ တွေ့ဆုံတော့ ဖဆပလက ပြည်မနဲ့ ပူးပေါင်းဖို့ စည်းရုံးတယ်။ ဒါပေမယ့် ကရင်နီတွေကတော့ သီးခြားရပ်တည်ဖို့ပဲ သဘောထားပေးခဲ့တယ်။

ဒါပေမယ့် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့ အောင်ဆန်း-အက်တလီစာချုပ်ချုပ်နိုင်ရေးအတွက် ဆွေးနွေးတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းက ကရင်နီပြည်ဟာ ပြည်မနဲ့ပူးပေါင်းလာမှာသေချာလို့ ကရင်နီနဲ့ ဗြိတိသျှကြား ချုပ်ထားတဲ့စာချုပ်တွေကို ပယ်ဖျက်ပေးဖို့ ကရင်နီပြည်သူတွေရဲ့ ဆန္ဒမပါဘဲ တောင်းဆိုခဲ့တယ်။

ပင်လုံညီလာခံလုပ်တဲ့အခါမှာလည်း ရှမ်းစော်ဘွားတွေက တက်ရောက်ဖို့ ဖိတ်တယ်။ ကရင်နီပြည်က သီးခြားရပ်တည်မယ့်အကြောင်း၊ ပင်လုံညီလာခံက ချုပ်သမျှစာချုပ်ဆိုင်းဟာ ကရင်နီပြည်နဲ့ မသက်ဆိုင်ကြောင်း စာပြန်တယ်။ နောက် အောင်ဆန်း-အက်တလီစာချုပ်အရ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ကရင်နီကိုယ်စားလှယ်ခေါ်တဲ့အခါမှာလည်း ကရင်နီဟာ သီးခြားလွတ်လပ်တဲ့အတွက် လွှတ်တော်ကို ကိုယ်စားလှယ်မလွှတ်နိုင်ကြောင်း အကြောင်းကြားပါတယ်။

ဒါပေမယ့် နောက်ဆုံးရောက်လာတဲ့ ဘော့တွန်လီကော်မရှင်က လာရောက်တွေ့ဆုံဖို့ ဖိတ်ကြားတဲ့အတွက် ကော်မရှင်နဲ့တွေ့ဆုံဖို့ရော၊ တိုင်းပြုပြည်ပြုလွှတ်တော်က ကရင်နီပြည်ကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲရင် ကန့်ကွက်ဖို့အတွက်ရော ဦးဘီတူရယ်နဲ့ ဦးစောသိန်းတို့ကို အာဏာကုန်လွှဲအပ်ပြီး ရန်ကုန်ကို စေလွှတ်ခဲ့တယ်။ ရန်ကုန်ကိုရောက်တာနဲ့ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့အတွက် တိုင်းပြုပြည်ပြုလွှတ်တော်ကို မတက်တဲ့အကြောင်း၊ သီခြားလွတ်လပ်စွာ ရပ်တည်နိုင်ဖို့ ဗြိတိသျှအစိုးရနဲ့ ဆွေးနွေးနေကြောင်း၊ မြန်မာပြည် လွတ်လပ်ရေးရရင် မဟာမိတ်ဆက်ဆံရေးထူထောင်မယ့်အကြောင်း ဗိုလ်ချုပ်အောင်ဆန်းဆီကို စာပို့ပါတယ်။

နောက် ဘုရင်ခံနဲ့ ဆွေးနွေးတဲ့အခါ ဘုရင်ခံက ကရင်နီပြည်ဟာ သီးခြားလွတ်လပ်ကြောင်း၊ မြန်မာပြည်က မလွတ်လပ်သေးဘဲ အခုကျင်းပနေတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ဟာလည်း အာဏာမပိုင်ကြောင်း၊ ရေးဆွဲနေတဲ့ အခြေခံဥပဒေကိုလည်း ဗြိတိသျှပါလီမန်မှာ တင်သွင်းပြီး အတည်ပြုရမှာဖြစ်ကြောင်း၊ ဗြိတိသျှအစိုးရက ကရက်နီစောဖျာတွေရဲ့ ခွင့်ပြုချက်မရဘဲ ကရင်နီပြည်ကို ဘာမှ မစွက်ဖက်နိုင်ကြောင်း ပြောပါတယ်။ ဒါ့ကြောင့် ကရင်နီကိုယ်စားလှယ်အဖွဲ့ဟာ ‌အခြေခံဥပဒေမှာ ကရင်နီကို ထည့်သွင်းပြဋ္ဌာန်းရင် ဗြိတိသျှပါလီမန်က ပယ်ဖျက်ပေးလိမ့်မယ်ဆိုပြီး ပြန်လာခဲ့ကြပါတယ်။

ဒါပေမယ့် ဖဆပလပဏာမညီလာခံက ချမှတ်လိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးမူတွေအပေါ် အခြေခံတဲ့ မူ (၇) ချက်ကို ဗိုလ်ချုပ်အောင်ဆန်းက လွှတ်တော်မှာ တင်သွင်းတဲ့အခါ “ကရင်နီနယ်များအပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံ” ဆိုပြီး တင်သွင်းပါတယ်။ နောက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ကရင်နီပြည်ကို မြန်မယပြည်ထောင်စုဝင်အဖြစ် ပြဋ္ဌာန်းလိုက်ပါတယ်။ ဒါ့ကြောင့် ကရင်နီပြည်မှာ ကန့်ကွက်ဆန္ဒပြကြတာပေါ့။

ကရင်နီစောဖျာတွေကို ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပေးပြီး ကရင်နီဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ဖျက်သိမ်းဖို့ ရန်ကုန်ကို လွှတ်တယ်။ ကိုယ်စားလှယ်အဖွဲ့ကလည်း ဖဆပလနဲ့ ဆွေးနွေးပြီးတဲ့အခါ ကရင်နီပြည်ကို ပြည်ထောင်စုဝင်အဖြစ် လက်ခံပြီး လွှတ်တော်တက်ပါလေရော။ အဲ့ဒီအခါ ကရင်နီပြည်မှာ ဒေါသပုန်ထပြီး ကန့်ကွက်ကြပါလေရော။ ဒါ့ကြောင့် စောဖျာတွေက ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်မှုကို သဘောမတူကြောင်း၊ ကိုယ်စားလှယ်တွေကို တာဝန်တေံကနေ ထုတ်ပယ်ကြောင်း ကြေညာပါတယ်။ ဒါပေမယ့် ဖဆပလနဲ့ လွှတ်တော်က ကရင်နီပြည်သူတွေရဲ့ သဘောဆန္ဒကို မျက်ကွယ်ပြုပြီး ကရင်နီပြည်ကို ပြည်ထောင်စုဝင်အဖြစ် သွတ်သွင်းလိုက်ကြတယ်။

 

ဗိုလ်ချုပ်အောင်ဆန်းနှင့် ကရင်

ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှတို့ ပြန်ဝင်လာတဲ့အခါ စောဘဦးကြီးဟာ ဘုရင်ခံရဲ့ အတိုင်ပင်ခံအမှုဆောင်ကောင်စီမှာ ဆက်သွယ်ရေးနဲ့ ကြေးနန်းဝန်ကြီး ဖြစ်လာပါတယ်။ စောဘဦးကြီးဟာ တစ်ဖက်မှာလည်း ကရင်ဗဟိုအစည်းအရုံး (KCO) အနေနဲ့ မြစ်ဝကျွန်းပေါ်ဒေသ၊ ညောင်လေးပင်ခရိုင်၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အထိ ပါဝင်တဲ့ ကရင်ပြည်နယ် ရရှိရေးအတွက် ဗြိတိသျှအစိုးရဆီကနေ တောင်းဆိုပါတယ်။ ဒါပေမယ့် ဗြိတိသျှအစိုးရက လျစ်လျူရှုခဲ့တယ်။

အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုတဲ့အခါမှာတော့ ကရင်တွေဟာ မကျေမနပ် ဖြစ်လာကြတယ်။ ဒါ့ကြောင့် ရန်ကုန်မြို့၊ ဗင်တန်အထိမ်းအမှတ်ခန်းမမှာ ကရင်အမျိုးသား (၇၀၀) ကျော်တက်ရောက်တဲ့ ကရင်ညီလာခံကို ကျင်းပပြီး ကရင်အမျိုးသားအဖွဲ့ချုပ် (KNU) ကို ဖွဲ့စည်းတယ်။ ပြီးတဲ့အခါ အောင်ဆတ်း-အက်တလီစာချုပ်ချုပ်ဆိုတဲ့အခါ အစိုးရအဖွဲ့မှာ ကရင်နီကိုယ်စားလှယ်ဝန်ကြီး (၂) ယောက်ရှိပေမယ့် တစ်ယောက်မှ မပါဝင်တာ၊ သီးခြားကရင်နီပြည်နယ်အတွက် အောင်ဆန်း-အက်တလီစာချုပ်မှာ မပါတာ၊ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ကရင်ကိုယ်စားလှယ်အရေအတွက် နည်းလွန်းတာ၊ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုဖို့ ကရင်ခေါင်းဆောင်တွေနဲ့ မတိုင်ပင်တာတွေကြောင့် ကန့်ကွက်တဲ့အကြောင်း ဗြိတိသျှနန်းရင်းဝန် အက်တလီဆီကို ကြေးနန်းပို့ခဲ့ကြတယ်။ တစ်ဆက်တည်းမှာပဲ မတ်လ (၃) ရက်နေ့ နောက်ဆုံးထားပြီး စာချုပ်ကို မပြင်ဆင်ပေးရင် ရွေးကောက်ပွဲသပိတ်မှောက်မယ်လို့ ရေးလိုက်ပါတယ်။

၁၉၄၇၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ KNU၊ ကရင်လူငယ်များအစည်းအရုံး (KYO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားအဖွဲ့ချုပ် (BKNA) တို့က အစည်းအဝေး ကျင်းပပြီးတော့ တောင်းဆိုချက် (၆) ရပ်ကို တောင်းဆိုကြပါတယ်။

၁။ အင်းစိန်၊ ပဲခူး၊ ဟံသာဝတီ၊ သာယာဝတီ၊ ဖျာပုံ၊ ထားဝယ်၊ မြိတ် မဲဆန္ဒနယ်တွေမှာ ကရင်အမတ် (၁၇) ဦး ရွေးချယ်ပေးရန်နဲ့ ဘုရင်ခံ၏ အတိုင်ပင်ခံအမှုဆောင်ကောင်စီ ဝန်ကြီးနေရာရဲ့ (၂၅%) ကို ကရင်ကိုယ်စားလှယ်တွေအား ပေးရန်၊

၂။ တိုင်းပြုပြည်ပြုလွှတ်တော်ရဲ့ အမတ်နေရာ (၂၅%) ကို ကရင်‌ကိုယ်စားလှယ်တွေအား ပေးရန်၊

၃။ ကရင်အမျိုးသားစစ်တပ်ထားခွင့်ပေးရန်၊

၄။ ပြည်ထောင်စုမြန်မာနိုင်ငံဝင်အနေနဲ့ ပင်လယ်ဆိပ်ကမ်းမြို့ရှိတဲ့ ကရင်ပြည်နယ် ထူထောင်ခွင့်ပေးရန်၊

၅။ အုပ်ချုပ်ရေးဌာနမှာ ကရင်အမျိုးသားတွေ အချိုးအဆအလိုက် ပါဝင်ခွင့်ပေးရန်၊

၆။ တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့စည်းပြီးရင် သန်းခေါင်စာရင်းကောက်ပေးရန်။

ဒီတောင်းဆိုချက်တွေကို ဘုရင်ခံရဲ့ အတိုင်ပင်ခံအမှုဆောင်ကောင်စီမှာ ဆွေးနွေးတဲ့အခါ ကရင်အမျိုးသားစစ်တပ်ထားခွင့်ရရှိရေးနဲ့ သန်းခေါင်စာရင်းကောက်ပေးရေးတို့ကိုပဲ ရရှိခဲ့တယ်။ ဒါ့ကြောင့် ကရင်ခေါင်းဆောင်တွေက မကျေနပ်ကြဘူး။ ဒါ့ကြောင့် မတ်လ (၂) ရက်နေ့ KNU အစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်းကို ဆွေးနွေးဖို့ ဖိတ်ကြားခဲ့ပါတယ်။

မတ်လ (၂) ရက်နေ့အစည်းအဝေးမှာ ကရင်ပြည်နယ် သီးခြား‌ထူထောင်ရေးကို မူအရ လက်ခံဖို့ ဗိုလ်ချုပ်အောင်ဆန်းကို တိုက်တွန်းပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက ငြင်းဆိုခဲ့ပါတယ်။ နောက်ဆုံး အပြန်အလှန် ဆွေးနွေးပြီးတဲ့နောက်မှာ ဗိုလ်ချုပ်အောင်ဆန်းက ကရင်ခေါင်းဆောင်တွေနဲ့ ဗမာခေါင်း‌ဆောင်တွေ စေ့စပ်နိုင်ကြောင်း၊ ဖဆပလက သဘောကောင်းပါကြောင်း၊ ကရင်ပြည်နယ်တည်ထောင်ရေးမှာ မလိုလားအပ်တဲ့ကိစ္စဖြစ်လို့ မေ့ပစ်ဖို့ရာအကြောင်း ပြောကြားတဲ့အခါ ကရင်ခေါင်းဆောင်အများစုက မကျေနပ်ကြပါဘူး။

မတ်လ (၃) ရက်နေ့ အစည်းအဝေးမှာတော့ ရွေကောက်ပွဲသပိတ်မှောက်ရေးနဲ့ စောဘဦးကြီး ဝန်ကြီးနေရာက နုတ်ထွက်ရေး တွေးနွေးကြတဲ့အခါ စောစံဖိုးသင်နှင့် အမှုဆောင်တွေက အစည်းအဝေးကနေ ထထွက်သွားပါတယ်။ မဲခွဲဆုံးဖြတ်တဲ့အခါ ရွေးကောက်ပွဲသပိတ်မှောက်ဖို့နဲ့ စောဘဦးကြီး ဝန်ကြီးနေရာက နုတ်ထွက်ရေး ဆုံးဖြတ်ချက် ကျတဲ့အခါမှာတော့ စောစံဖိုးသင်အပါအဝင် အမှုဆောင် (၄) ဦး နုတ်ထွက်သွားပြီး အဲ့ (၄) ဦးက ကရင်လူငယ်များအစည်းအရုံး (KYO) ကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ပါလေရော။ စောဘဦးကြီးကလည်း သူ့ရဲ့ဝန်ကြီးနေရာကနေ နုတ်ထွက်ခဲ့ပါတယ်။ ဖဆပလကလည်း သူနဲ့အလွမ်းသင့်တဲ့ စောစံဖိုးသင်က အစားထိုးခန့်ထားလိုက်ပါတယ်။

ဥက္ကဋ္ဌအပါအဝင် အမှုဆောင်လေးဦး နုတ်ထွက်သွားတဲ့အတွက် ဧပြီလ (၂၃)၊ (၂၄) ရက်တွေမှာ KNU က အရေးပေါ်ကရင်ညီလာခံကို ခေါ်ယူခဲ့ပါတယ်။ အဲ့ဒီညီလာခံမှာ ကရင်ပြည်နယ်ထူထောင်ရေး၊ ကရင့်ကြမ္မာကရင်ဖန်တီးရေးမူတွေချမှတ်ပြီးတော့ တိုင်းပြုပြည်ပြုရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံတဲ့ ကရင်ကိုယ်စားလှယ်တွေက ကရင်ပြည်သူတွေကို ကိုယ်စားမပြုကြောင်း ကြေညာခဲ့ပါတယ်။

မတ်လ (၇) ရက်နေ့မှာ မြန်မာပြည်ဆိုင်ရာဗြိတိသျှအတွင်းဝန်က ကရင်ပြည်နယ်အရေးကို တိုင်းပြုပြည်ပြုလွှတ်တော်တွင်းကနေ တောင်းဆိုသင့်တယ်လို့ KNU ကို အကြံပြုစာပေးပို့ခဲ့ပါတယ်။ ကရင်လူထုကတော့ မြန်မာခေါင်းဆောင်တွေရော ဗြိတိသျှခေါင်းဆောင်တွေကပါ သူတို့ရဲ့ အလိုဆန္ဒပြည့်ဝတဲ့အခါ ကရင်တွေကို လှည့်မကြည့်တော့ဘူးလို့ မြင်လာပါတယ်။ ဒါ့ကြောင့်ပဲ ရွေးကောက်ပွဲကို ဆက်ပြီး သပိတ်မှောက်ခဲ့ကြတယ်။

KNU ရဲ့ ရွေးကောက်ပွဲသပိတ်မှောက်တာက အောင်မြင်ခဲ့ပြီးတော့ ကရင်မဲဆန္ဒနယ် (၁၂) နေရာမှာ သုံးနေရာသာ အပြန်အလှန်ပြိုင်ဆိုင်သူရှိပြီးတော့ ကျန် (၉) နေရာမှာတော့ ကိုယ်စားလှယ်လျှောက်ထားသူ (၁) ဦးစီပဲရှိလို့ ယှဉ်ပြိုင်သူမရှိဘဲ အမတ်တွေ ဖြစ်သွားကြပါလေရော။ ပြိုင်ဆိုင်တဲ့ (၃) နေရာမှာလည်း မဲပေးသူ အနည်းအကျဉ်းသာ ရှိခဲ့တာပါ။

ရွေးကောက်ပွဲအပြီးမှာ ရွေးကောက်ပွဲတဲ့ ကရင်လူငယ်များအစည်းအရုံး (KYO) က ကရင်ပြည်နယ်သီးခြားဖွဲ့စည်းဖို့ တောင်းဆိုလာတဲ့အတွက် KNUနဲ့ KYO ဆက်ဆံရေး ပြေလည်လာပါတယ်။ နှစ်ဖွဲ့ပေါင်းပြီး ပြည်ထောင်စုဝင် ကရင်ပြည်နယ် ထူထောင်ခွင့်ပေးရေးနဲ့ လူနည်းစုအခွင့်အရေးကာကွယ်ရေး တောင်းဆိုချက်တွေ ထုတ်ပြန်လာခဲ့တယ်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့မှာတော့ KNUနဲ့ KYO တို့ ပူးတွဲကျင်းပတဲ့ အစည်းအဝေးမှာ KYOက တိုင်းပြုပြည်ပြုလွှတ်တော်ကိုယ်စားလှယ် မန်းဝင်းမောင်က ကရင်ပြည်နယ်ထူထောင်ခွင့်မပေးရင် ကရင်လွှတ်တော်ကိုယ်စားလှယ်အားလုံးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အစိုးရအဖွဲ့ဝင်တွေ လုပ်ကြံခံလိုက်ရပါလေရော။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။