မနေ့က ကရင်နီနဲ့ ကရင်အရေးတွေမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေအကြားက ပဋိပက္ခတွေကို ရေးခဲ့ပြီးပါပြီ။ ဒီနေ့ ဆက်ကြည့်ကြဦးစို့။

၃။ ပင်လုံစာချုပ်နှင့် ၄၇ ခြေဥ

ပင်လုံစာချုပ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ပေါက်လာရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါပေမယ့် ပင်လုံစာချုပ်ကို လေ့လာတဲ့အခါ ပင်လုံစာချုပ်တစ်ခုတည်းကို လေ့လာရုံတည်းနဲ့ ပြည့်စုံတာ မဟုတ်ပါဘူး။ ပင်လုံစာချုပ်မချုပ်ဆိုမီ ရှမ်းကော်မတီနဲ့ ကချင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်၊ ရှမ်းကော်မတီ၊ ကချင်ကော်မတီ၊ ချင်းကော်မတီအစည်းအဝေးဆုံးဖြတ်ချက်‌တွေနဲ့ နယ်ခြားဒေသစုံစမ်းစစ်ဆေးရေးကော်မတီ အစီရင်ခံစာကိုပါ ပူးတွဲလေ့လာဖို့ လိုပါတယ်။

၁၉၄၆ မှာ ကျင်းပတဲ့ ပထမပင်လုံညီလာခံကနေ စပြီးတော့ တောင်တန်းပြည်မပူးပေါင်းရေး အခြေခံသဘောတရားက ခိုင်မာလာခဲ့တယ်။ ၄၇ ‌မှာ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုနိုင်တယ်။ အောင်ဆန်း-အက်တလီစာချုပ်ရဲ့ သဘောတူညီချက်အရ တောင်တန်းဒေသတွေဟာ ပြည်မနဲ့အတူ လွတ်လပ်ရေးယူလိုကြောင်း ခိုင်မာတဲ့ အထောက်အထား ပြရမယ်ပေါ့။ ဒါ့ကြောင့် ဒုတိယအကြိမ် ပင်လုံညီလာခံ ပေါ်လာခဲ့တယ်။

ဒုတိယပင်လုံညီလာခံရဲ့ သဘောတရားက မြန်မာပြည်မ (British Burma)၊ ကချင်တောင်တန်းဒေသ၊ ရှမ်းဖက်ဒရေးရှင်း၊ ချင်းတောင်တန်းဒေသတို့ အဆင့်အတန်းတူ ပူးပေါင်းရေးပဲ။ ပြည်ထောင်စုပေါ့။

ပင်လုံစာချုပ် ချုပ်နိုင်တဲ့အတွက် အောင်ဆန်း-အက်တလီစာချုပ်အရ ‌တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပပေးတယ်။ ဖဆပလအဖွဲ့ချုပ်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေး ပဏာမညီလာခံကျင်းပခဲ့တယ်။ လွှတ်တော်စတော့လည်း ပဏာမညီလာခံက ချမှတ်တဲ့ အခြေခံဥပဒေရေးဆွဲရေးမူတွေအပေါ် အခြေခံပြီး လမ်းမတော်မဲဆန္ဒနယ်အမတ် ဦးအောင်ဆန်းက လမ်းညွှန်မူ (၇) ချက် တင်သွင်းခဲ့ပါတယ်။

ဒီလမ်းညွှန်မူ (၇) ချက်ဟာ မူအားဖြင့် အလွန်ကောင်းပါတယ်။ ဒါပေမယ့် ခြေဥရေးတဲ့အခါမှာတော့ လမ်းညွှန်မူ (၇) ချက်နဲ့ မကိုက်ညီခဲ့ရုံတင်မက ပင်လုံကတိကဝတ်တွေကိုပါ ဖောက်ဖျက်ခဲ့ကြပါတယ်။

ပထမဆုံးတစ်ခုက ၄၇ ခြေဥမှာ အမျိုးသားပြည်နယ်တွေကို လုံလောက်တဲ့ အခွင့်အာဏာပေးအပ်မထားဘူး။ ဆိုလိုတာက ပြည်ထောင်စုကနေ ချုပ်ကိုင်ထားတဲ့အာဏာက ပိုများနေတယ်။ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ မရရှိခဲ့ကြဘူး။ ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားရေး မဏ္ဍိုင် (၃) ရပ်ကို အပြည့်အဝအပ်နှင်းမထားခဲ့ဘူး။

နောက်တစ်ခုက လူမျိုးစုကိုယ်စားပြုလွှတ်တော်ဖြစ်တဲ့ အထက်လွှတ်တော်မှာလည်း ပြည်နယ်တွေကနေ တူညီတဲ့ကိုယ်စားလှယ်အရေအတွက် စေလွှတ်ခွင့်မရဘဲ လူဦးရေအချိုးအဆအလိုက် ကိုယ်စားလှယ်စေလွှတ်ရတဲ့အတွက် လူဦးရေများတဲ့ ပြည်မက ကိုယ်စားလှယ်အရေအတွက် အသာစီးရတယ်။ တစ်ခါ ပြည်သူကိုယ်စားပြုတဲ့ အောက်လွှတ်တော်မှာလည်း လူဦးရေများတဲ့ ပြည်မက ကိုယ်စားလှယ်အရေအတွက် သာနေတယ်။ အဲ့ဒီမှာ အမျိုးသားတန်းတူရေးမူက ပျက်ပါလေရော။ တစ်ခုခုကို လွှတ်တော်တင်တိုင်း ပြည်မက ကိုယ်စားလှယ်အရေအတွက် များနေတဲ့အတွက် ပြည်မက ဆုံးဖြတ်တာကို နာခံနေရသလို ဖြစ်နေတာပေါ့။

နောက်တစ်ခုက ပြည်မကို ပြည်နယ်အဖြစ် သီးခြားမဖွဲ့ဘဲ ဗဟိုအစိုးရအောက် ထည့်လိုက်တဲ့အတွက် အမျိုးသားတန်းတူရေးက ပျက်ဆီးပြန်ရော။

အဲ့တော့ ပင်လုံစာချုပ်၊ ကတိကဝတ် တစ်ခုမှ အဖတ်မတင်ဘဲ အကုန်ရှောပါလေရော။

ဒီအတွက်ကြောင့် တိုင်းရင်းသားအရေးနဲ့ ပတ်သတ်ရင် ဗိုလ်ချုပ်အနေနဲ့ လုပ်ဟန်မှားခဲ့တာတွေ ရှိသလို၊ ၄၇ ခြေဥရေးတဲ့အခါမှာလည်း ဗိုလ်ချုပ်က ပြည်မကိုယ်စားပြုအနေနဲ့ ချုပ်ဆိုလက်ခံခဲ့တဲ့ ပင်လုံကတိကဝတ်၊ ပင်လုံစာချုပ် တစ်ခုမှ အကောင်အထည်မပေါ်ခဲ့ဘဲ ပြည်ထောင်စုအသွင်ကနေ လမ်းလွဲခဲ့ကြတယ်။ ဒါ့ကြောင့် တိုင်းရင်းသားတွေက ဗိုလ်ချုပ်ကျေးဇူး မူးလို့တောင်ရှူစရာမရှိဘူးလို့ ပြောကြတာပဲ ဖြစ်ပါတယ်။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။