မြန်မာပြည်ဟာ ပြည်ထောင်စုအနေနဲ့ စတင်ပြီး စုဖွဲ့ခဲ့တာကတော့ ပင်လုံစာချုပ်ပါပဲ။ သမိုင်းအချိုးအကွေ တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ဟုတ်ပြီ၊ ပင်လုံစာချုပ်အကြောင်း ပြောကြတဲ့အခါမှာ စာချုပ်တစ်ခုတည်းအပေါ်မီပြီး ပြောလို့မရပါဘူး။ ပြည်ထောင်စုဝင်အမျိုးသားပြည်နယ်တွေရဲ့ သီးခြားရပ်တည်မှု၊ ပင်လုံကတိကဝတ်၊ ပင်လုံစာချုပ်၊ တောင်တန်းသားများသွေးစည်းညီညွတ်ရေးကော်မတီ အစီရင်ခံစာ စတာတွေကို လေ့လာဖို့လိုပါတယ်။

 

 ပြည်ထောင်စုဝင်များ၏သီးခြားဖြစ်တည်မှု

ကိုလိုနီခေတ်မတိုင်မီက မြန်မာပဒေသရာဇ်နယ် (မြေပြန့်) ဟာ ပတ်ဝန်းကျင်နယ်ပယ်များ (ယခုပြည်နယ်များ) ထက် ပိုပြီး တန်ခိုးဩဇာကြီးထွားဟန်တူပါတယ်။ စစ်ရေးအရ ချိန်းခြောက်မှုလည်း ရှိခဲ့ပါတယ်။

ကချင်တောင်တန်းဒေသဟာ ပဒေသရာဇ်ခေတ်တစ်လျှောက်လုံး ဒူဝါအုပ်ချုပ်မှုနဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပဒေသရာဇ်ဟာ အင်အားကြီးတဲ့အတွက် အချို့ဒူဝါတွေဟာ မြန်မာဘုရင်ရဲ့ ဩဇာကို ခံခဲ့ကြရပါတယ်။ ဒီလိုခံခဲ့ရပေမယ့် ကချင်ဒေသဟာ မြန်မာဘုရင်ရဲ့ လက်အောက်ခံ မဟုတ်ခဲ့ပါဘူး။ ဒါ့ကြောင့် ၁၈၈၅ ခုနှစ်၊ မြန်မာဘုရင် ပါတော်မူသွားတဲ့အခါမှာ ကချင်‌ဒေသဟာ ဗြိတိသျှလက်အောက်ကို မရောက်ခဲ့ပါဘူး။ ဗြိတိသျှတို့ဟာ ကချင်ကို သီးသန့်သိမ်းပိုက်ခဲ့ရတာဖြစ်တယ်။ တစ်ခါလည်း အုပ်ချုပ်တဲ့နေရာမှာ Kachin Hills Tribes Regulation အရ အုပ်ချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ရှမ်းပြည်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ရှမ်းပြည်ရဲ့ အုပ်ချုပ်ရေးဟာ စော်ဘွား (စဝ်ဖ) တွေရဲ့ လက်မှာ ရှိနေခဲ့တာပါ။ အချို့ရှမ်းစော်ဘွားတွေဟာ မြန်မာဘုရင်ရဲ့ဩဇာခံတွေအဖြစ် ရှိခဲ့ကြပါတယ်။ ဇာတ်စကားမှာ “ရှမ်းကိုးဆက်၊ ကိုးစော်ဘွား၊ လူးတစ်ဆယ့်နှစ်ဖလား၊ ရာ့တစ်ပါးနဲ့၊ စော်ဘွားစော်ခံ၊ ရွှေဥကင်ဘုံပျံမှာ၊ ညီလာခံခညောင်းလို့၊ မှူးမတ်ပေါင်း၊ စုံလင်ပါပေါ့လား အမတ်မင်းတို့” ဆိုပြီး စကားရှိတယ်။ ဒါပေမယ့် မြန်မာဘုရင်ရဲ့ အာဏာစက်ဟာ ရှမ်းပြည်တစ်ခုလုံးကို မလွှမ်းခဲ့ပါဘူး။ နောက် ဗြိတိသျှတွေက ပြည်မကို သိမ်းပိုက်ပြီးတဲ့အခါမှာ ရှမ်းပြည်နယ်ကို သီးခြားသိမ်းပိုက်ပြီး Federated Shan State Act နဲ့ အုပ်ချုပ်ခဲ့တာ ဖြစ်တယ်။

ချင်းတောင်တန်းဒေသက‌လည်း မြန်မာပဒေသရာဇ်နယ်မှာ မပါဝင်ခဲ့ဘဲ သီးခြားရှိနေခဲ့တဲ့ ဒေသဖြစ်ပါတယ်။ ဗြိတိသျှတွေက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ၁၈၂၇ မှာတစ်ကြိမ်၊ အိန္ဒိယဘက်ကနေ ၁၈၈၈ မှာတစ်ကြိမ်၊ ဗြိတိသျှဘားမားကနေ ၁၈၈၈ကနေ ၁၈၉၀ အထိတစ်ကြိမ် သုံးကြိမ်စစ်ထိုးသိမ်းပိုက်ပြီးတော့ နိုင်ငံသုံးခုရဲ့ ပိုင်နက်တွေအဖြစ် နယ်နိမိတ်ခွဲခံလိုက်ရတယ်။ ၁၉၈၂ မှ အဲ့ဒီမယ်မြေသုံးခုကို ပြန်ပေါင်းပေးဖို့ ချင်း-လူရှိုင်းကွန်ဖရင့်ခေါ်ပြီး ဗြိတိသျှတွေက ၁၈၉၆ မှာ ချင်းမိရိုးဖလာအုပ်ချုပ်ရေးကို အသိအမှတ်ပြုပေးတဲ့ ချင်းတောင်တန်းဒေသအက်ဥပဒေကို ပြဋ္ဌာန်းပေးတယ်။

ပြည်မကိုတော့ Burma Act နဲ့ ဘုရင်ခံကနေ အုပ်ချုပ်တယ်ပေါ့လေ။

ဆိုတော့ သမိုင်းကြောင်းအရဖြစ်စေ၊ ဥပဒေကြောင်းအရဖြစ်စေ ပင်လုံစာချုပ်မှာ သဘောတူလက်မှတ်ထိုးခဲ့တဲ့ မြန်မာ၊ ကချင်၊ ရှမ်း၊ ချင်းတို့ဟာ သီးခြားစီရှိတဲ့ နိုင်ငံတွေဖြစ်တယ်။ ဘယ်သူကမှ ဘယ်သူ့အပေါ် အာဏာစက် လွှမ်းမိုးမှု မရှိဘူး။

 

ပင်လုံအစ

ဒုတိယကမ္ဘာစစ်ကာလမှာ ချုပ်ဆိုတဲ့ အတ္တလန္တာစာချုပ်အရ ကိုလိုနီနယ်မြေတွေကို ဗြိတိသျှက စွန့်လွှတ်ရတော့မှာပါ။ ပြည်မမှာလည်း လွတ်လပ်ရေးလှုပ်ရှားမှုတွေ အားကောင်းလာတယ်။ ဒိုမီနီယံဘက်ကို ဦးတည်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ ဘုရင်ခံ၏ အတင်ပင်ခံအမှုဆောင်ကောင်စီ ဝန်ကြီးအဖွဲ့မှာ အဓိကအစုအဖွဲ့ဖြစ်တဲ့ ဖဆပလက လွတ်ဘပ်ရေးတောင်းဆိုပြီး မလိုက်လျောရင် အစိုးရအဖွဲ့ကနေ နုတ်ထွက်မယ်ဆိုပြီး ကြေညာတယ်။

အဲ့ဒီအချိန်မှာ ဗြိတိသျှက တောင်တန်းဒေသတွေကို စုပေါင်းပြီး တောင်တန်းဒေသအုပ်ချုပ်ရေးအဖွဲ့ဆိုပြီး ဖွဲ့ဖို့ကြိုးစားနေတာဖြစ်တယ်။ ဒါပေမယ့် အမျှော်အမြင်ကြီးတဲ့ ရှမ်စော်ဘွားတွေက ရှမ်းပြည်တစ်နေရာမှာ ပြည်မခေါင်းဆောင်တွေနဲ့ တောင်တန်းဒေသခေါင်းဆောင်တွေ တွေ့ဆုံဖို့ စီစဉ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဖိတ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက မတက်ရောက်နိုင်ခဲ့ဘူး။ အဲ့ဒီတွေ့ဆုံပွဲမှာပဲ တောင်တန်း-ပြည်မ ပူးပေါင်းရေးကို မူအားဖြင့်ချမှတ်နိုင်ပြီး ခိုင်မာလာတာ ဖြစ်တယ်။ ပြည်ထောင်စုရဲ့ သန္ဓေစတည်ခဲ့တာပါပဲ။ နောက်နှစ်မှာ ဒုတိယအကြိမ် ညီလာခံလုပ်ဖို့လည်း ဆုံးဖြတ်ခဲ့ကြတယ်။

၁၉၄၇ မှာ ဖဆပလရဲ့ လွတ်လပ်ရေးတောင်းဆိုမှုကြောင့် တွေ့ဆုံညှိနှိုင်းဖို့ ပြည်မကိုယ်စားလှယ်အဖွဲ့ကို ဗြိတိသျှအစိုးရက ဖိတ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က လန်ဒန်ကို သွားတယ်။ ဗြိတိသျှဝန်ကြီးချုပ် အက်တလီနဲ့ ဆွေးနွေးပြီးတော့ လွတ်လပ်ရေးရဲ့ အာမခံချက်ဖြစ်တဲ့ အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ကြတယ်။ အောင်ဆန်း-အက်တလီစာချုပ်မှာ တောင်တန်းဒေသဟာ ပြည်မနဲ့ ပူးပေါင်းလိုကြောင်း ခိုင်မာတဲ့အထောက်အထားပြဖို့၊ ပြည်မနဲ့ တောင်တန်းဒေသ ပူးပေါင်းတဲ့အခါ ဘယ်လိုမူနဲ့ပူးပေါင်းမလဲဆိုတာကို စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး လေ့လာစုံစမ်းဖို့ပါလာခဲ့တယ်။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။