မနေ့က ပြည်ထောင်စုဝင်များရဲ့ သီးခြားဖြစ်တည်မှုနဲ့ ပင်လုံအစကို ရေးခဲ့ပြီးဖြစ်ပါတယ်။ ဆက်ကြည့်ကြပါဦးစို့။

ပင်လုံကတိကဝတ်များ

ပင်လုံညီလာခံကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက် ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ရှမ်းကော်မတီနဲ့ ကချင်ကော်မတီတွေ တွေ့ဆုံစည်းဝေးကြပြီး အကူးအပြောင်းကာလမှာ မြန်မာအစိုးရ အတိုင်ပင်ခံအမှုဆောင်ကောင်စီမှာ ပါဝင်ရေးကို အောက်ပါဆုံးဖြတ်ချက်တွေကို ချလိုက်ကြပါတယ်။
၁။ မြန်မာတို့နှင့် အဆင့်အတန်းအတူတူ ဒီမိုကရေစီရရှိရမယ်။
၂။ ဘုရင်ခံရဲ့ အတိုင်ပင်ခံအမှုဆောင်ကောင်စီမှာ ပါဝင်မယ့် ရှမ်းနဲ့ကချင်ကိုယ်စားလှယ်တွေဟာ ကိုယ့်ပြည်နယ်အရေးအတွက် စီမံခွင့် ရရှိရမယ်။ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ဆက်သွယ်ရေး၊ အခွန် စတဲ့ အားလုံးနဲ့ဆိုင်တဲ့ကိစ္စတွေကိုတော့ စုပေါင်းဆောင်ရွက်ရမယ်။
၃။ ကချင်တို့က သီးခြားကချင်ပြည်နယ်တောင်းဆိုတာကို ထောက်ခံတယ်။
၄။ မြန်မာတို့နဲ့ ဗြိတိသျှတို့ကြား သဘောတူညီချက်စာချုပ်တွေဟာ ရှမ်း၊ ကချင်တို့နဲ့ သက်ဆိုင်မှု မရှိစေရ။
၅။ လွတ်လပ်ရေးရပြီးတဲ့အခါ ပြည်ထောင်စုကနေ ခွဲထွက်နိုင်ခွင့် ရှိရမယ်။
ရှမ်းနဲ့ ကချင်ကော်မတီတွေ အစည်းအဝေးပြီးတဲ့အခါ ဖေဖော်ဝါရီလ (၇) ရက်နေ့မှာ ချင်းကော်မတီရောက်လာတဲ့အတွက် ကော်မတီသုံးခု ဆွေးနွေးပြီး အောက်ပါဆုံးဖြတ်ချက်တွေ ချလိုက်ပြန်တယ်။
၁။ ရှမ်းနဲ့ကချင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်ကို ထောက်ခံတယ်။
၂။ ပြည်ထောင်စုဘဏ္ဍာတော်ငွေနဲ့ ပတ်သက်ပြီး ရှမ်းတို့ရဲ့ ခံစားခွင့်အတိုင်း ချင်းနဲ့ ကချင်ကလည်း လူဦးရေအချိုးအစားအလိုက် ခံစားခွင့် ရရမယ်။
၃။ ချင်းမှာ ဘဏ္ဍာရေးမလုံလောက်ရင် မြန်မာပြည်ဘဏ္ဍာကနေ ဖြည့်တင်းပေးရမယ်။
၄။ ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်တွေပါဝင်တဲ့ တောင်တန်းသားများစည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့ ဖွဲ့စည်းရမယ်။ အဲ့ဒီအဖွဲ့ဟာ တောင်တန်းနဲ့ ပြည်မအကြား ပေါ်ပေါက်လာတဲ့ ပေါ်လစီပြဿနာတွေအားလုံးကို ဆုံးဖြတ်ပေးနိုင်ခွင့် ရှိရမယ်။
တောင်တန်းဒေသက ကော်မတီတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေကို လေ့လာကြည့်မယ်ဆိုရင် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုခဲ့ကြတာ တွေ့ရပါတယ်။ ပြည်ထောင်စုဖြစ်တာနဲ့အညီ ဖက်ဒရယ်သဘောတရားအရ ပြည်နယ်တွင်းကိစ္စတွေကို ပြည်နယ်ကနေ စီမံပြီးတော့ ပြည်ထောင်စုတစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စတွေကို ပြည်နယ်အားလုံးက စုပေါင်းဆောင်ရွက်မယ်ဆိုတဲ့ မူကို ချမှတ်ခဲ့တာ တွေ့နိုင်ပါတယ်။ တစ်ခါ ပြည်နယ်တစ်ခုရဲ့ ဆုံးဖြတ်ချက်တွေဟာ အခြားပြည်နယ်တွေအပေါ် မသက်ရောက်ဘူးဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကာကွယ်ခဲ့တာကိုလည်း မြင်နိုင်ပါတယ်။ နောက် ပြည်နယ်တွေဟာ သီးခြားစီ လွတ်လပ်ကြလို့ ပြည်နယ်ကို အာဏာပိုင်တယ်။ ဒီကိစ္စကို ပိုပြီးမြင်သာတဲ့အနေနဲ့ ခွဲထွက်ခွင့်ကို ထည့်သွင်းခဲ့တယ်။ နောက်ဘဏ္ဍာငွေခွဲဝေမှုမှာလည်း တရားမျှတမှုရှိအောင် လူဦးရေအချိုးအစားအလိုက် ခွဲဝေမှုကို လိုင်းချခဲ့ကြတယ်။ ဒါပေမယ့် လူဦးရေနည်းပြီး ဖွံ့ဖြိုးမှုအားနည်းတဲ့ ချင်းမှာဆိုရင် ဘဏ္ဍာငွေမလုံလောက်တာ ရှိလာနိုင်တယ်။ အဲ့ဒီအတွက် ပြည်နယ်တွေအားလုံးထဲမှာ လူဦးရေအရလည်း အများဆုံး၊ ဖွံ့ဖြိုးမှုအရလည်း အမြင့်ဆုံးဖြစ်တဲ့ မြန်မာက ချင်းကို ဘဏ္ဍာငွေခွဲဝေထောက်ပံ့ဖို့ ဉာတကာနဉ္စ သင်္ဂဟော ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်။ တောင်တန်း-ပြည်မ ပူးပေါင်းတဲ့အခါ ပေါ်လစီပြဿနာတွေ ပေါ်လာမှာဖြစ်တယ်။ တောင်တန်းသားများစည်းလုံးညီညွတ်ရေး‌ဦးစီးကောင်စီ ရှိခြင်းအားဖြင့် တောင်တန်းနဲ့ ပြည်မအကြား ပေါ်လစီအရ ချိန်ထိုးမှု ပေါ်လာမှာ ဖြစ်တယ်။
ဒီလို ချင်း၊ ကချင်၊ ရှမ်းကော်မတီတွေ ဆုံးဖြတ်ပြီးတဲ့အခါ ဆုံးဖြတ်ချက်တွေကို အခြေခံပြီး ပြည်မနဲ့ ညှိနှိုင်းဖို့ ရှမ်းက ဦးကြာပု၊ မိုင်းပွန်စော်ဘွား၊ ကချင်က ဆမားဒူးဝါး ဆင်ဝါးနောင်၊ ဒူးဝါးဇော်လွန်း၊ ချင်းက ဦးလွှာမှုန်း၊ ဦးသောင်ဇာခပ်တို့ပါဝင်တဲ့ ဆပ်ကော်မတီကို တာဝန်လွှဲလိုက်တယ်။ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ ပြည်မက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးတွေအပြင် ဗြိတိသျှအစိုးရကိုယ်စားလှယ် မစ္စတာဘော်တွန်လေတို့ ရောက်လာတယ်။ အဲ့ဒီမှာ အပြီးသတ်ဆွေးနွေးကြပြီး ပင်လုံစာချုပ် ပေါ်လာခဲ့တယ်။

 

ပင်လုံစာချုပ်

ပင်လုံညီလာခံမှာ ကချင်၊ ချင်း၊ ရှမ်းကော်မတီတွေရဲ့ အစည်းအဝေးဆုံးဖြတ်ပြီးတဲ့အခါ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးပြီးတဲ့အခါ ပင်လုံစာချုပ်ပေါ်လာခဲ့တယ်။ ပင်လုံစာချုပ်မှာ ချုပ်ဆိုခဲ့တဲ့အချက်တွေကို ဒီလိုအကြမ်းဖျင်း ဆိုနိုင်ပါတယ်။

၁။ ဘုရင်ခံရဲ့ အတိုင်ပင်ခံအမှုဆောင်ကောင်စီ ဝန်ကြီးအဖွဲ့မှာ တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ရဲ့ အဆိုပြုချက်အရ ဘုရင်ခံက တောင်တန်းဒေသနဲ့ပတ်သက်ပြီး စီမံခန့်ခွဲနိုင်ဖို့ တောင်တန်းဒေသဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ် (တောင်တန်းဒေသဆိုင်ရာဝန်ကြီး) တစ်ဦ ခန့်ထားရမယ်။

၂။ တောင်တန်းဒေသဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ်က ဌာနလက်ကိုင်မရှိတဲ့ ကောင်စီဝင်အဖြစ် ခန့်ထားရမယ်။ ချင်း၊ ကချင်၊ ရှမ်းကော်မတီဆုံးဖြတ်ချက်ဖြစ်တဲ့ ကာကွယ်ရေးနဲ့ ပြည်ပရေးတွေမှာ အတိုင်ပင်ခံကောင်စီ (ပြည်ထောင်စု) က ကိုင်တွယ်သည့်နည်းတူ နယ်စပ်ဒေသ ကိစ္စတွေကိုလည်း အတိုင်ပင်ခံကောင်စီ (ပြည်ထောင်စု) ကနေ ကိုင်တွယ်မယ်။

၃။ တောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်က သူနဲ့လူမျိုးမတူတဲ့ တွဲဖက်အတိုင်ပင်ခံပုဂ္ဂိုလ် နှစ်ဦး ခန့်ထားရမယ်။ တွဲဖက်အတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးဟာ သူတို့နဲ့ဆိုင်ရာ ဒေသတွေရဲ့ စီမံခန့်ခွဲမှုကို အာဏာပိုင်တယ်။ တောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်က တောင်တန်းဒေသအားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်ရမယ်။ တောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွဲဖက်အတိုင်ပင်ခံပုဂ္ဂိုလ်တွေက တွဲဖက်တာဝန်ယူမှုနဲ့ တောင်ရွက်ကြရမယ်။

၄။ တောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးတည်းကပဲ ဘုရင်ခံရဲ့ အတိုင်ပင်ခံအမှုဆောင်ကောင်စီမှာ ပါဝင်တယ်ဆိုပေမယ့် တောင်တန်းဒေသဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးတဲ့အခါ တွဲဖက်အတိုင်ပင်ခံနှစ်ဦးကပါ အစည်းအဝေးတက်ရောက်ခွင့် ရှိရမယ်။

၅။ တောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘုရင်ခံရဲ့ အတိုင်ပင်ခံအမှုဆောင်ကောင်စီမှာ ပါဝင်လာပေမယ့် အမှုဆောင်ကောက်စီက တောင်တန်းဒေသတွေရဲ့ ရှိရင်းစွဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထိခိုက်အောင် မလုပ်ရဘူး။ နယ်စပ်ဒေသတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးကို သဘောတူတယ်။

၆။ သီးခြားကချင်ပြည်နယ်ရရှိရေးကို တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဆုံးဖြတ်မှာဖြစ်ပေမယ့် မူအားဖြင့်လက်ခံတယ်။

၇။ တောင်တန်းသားအားလုံးဟာ ဒီမိုကရေစီအခွင့်အရေးကို အပြည့်အဝ ခံစားနိုင်ခွင့် ရှိစေရမယ်။

၈။ ပဒေသရာဇ်ရှမ်းပြည်ရဲ့ ရှိရင်းစွဲ ဘဏ္ဍာရေးလွတ်လပ်ခွင့်ကို မထိခိုက်စေရ။

၉။ ကချင်နဲ့ ချင်းက မြန်မာပြည်မရဲ့ အခွန်ကနေ ရသင့်ရထိုက်တဲ့ ဘဏ္ဍာရေးအကူအညီ ရယူနိုင်တယ်။ ကချင်နဲ့ ချင်းဟာလည်း ရှမ်းနဲ့ မြန်မာပြည်မလို ဘဏ္ဍာရေးလွတ်လပ်ခွင့်ရှိသင့်၊ မရှိသင့်ကို တောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွဲဖက်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က စုံစမ်းစစ်ဆေးရမယ်။

ပင်လုံစာချုပ်ပါ သဘောတူညီတွေကို လေ့လာကြည့်မယ်ဆိုရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အလေးပေးတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပင်လုံစာချုပ်မှာ လက်ရှိ မြန်မာပြည်အစိုးရအဖွဲ့ (ဘုရင်ခံ၏ အတိုင်ပင်ခံအမှုဆောင်ကောင်စီ) ကို ပြည်ထောင်စုအစိုးရအဖွဲ့လိုမျိုး အသိအမှတ်ပြုခဲ့တာကို တွေ့ရတယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာလည်း မြန်မာပြည်မဟာ သီးခြားပြည်နယ်ဖြစ်မလာတော့ဘဲနဲ့ ပြည်ထောင်စုအစိုးရအောက်မှာပဲ ရှိနေခဲ့တာလို့ ထင်ပါတယ်။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။