တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့အစီရင်ခံစာ

          ပင်လုံညီလာခံမှာပဲ တောင်တန်းဒေသနဲ့ ပြည်မကြား ပူးပေါင်းရေးနည်းလမ်းကို ရှာဖွေဖို့ တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ (FACE) ကို ဖွဲ့စည်းခဲ့တယ်။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့က ၁၉၄၇၊ မတ်လ (၁၈) ရက်ကနေ (၂၇) ရက်နေ့အထိ ညောင်ရွှေဟော်မှာ အစည်းအဝေးကျင်းပပြီးတော့ အောက်ကအတိုင်း ဆုံးဖြတ်လိုက်ကြတယ်။

၁။ တိုင်းပြုပြည်ပြုလွှတ်တော်ကို ပြည်နယ်တွေက ကိုယ်စားလှယ်စေလွှတ်တဲ့အခါ လူမျိုး၊ ဘာသာထက် ပညာအရည်အချင်းကို ကြည့်ပြီး စေလွှတ်မယ်။

၂။ တိုင်းပြုပြည်ပြုလွှတ်တော်မှာ လူဦးရေအလိုက် ကိုယ်စားလှယ်စေလွှတ်ပေမယ့် ပြည်နယ်တစ်ခုနဲ့ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါ အဲ့ဒီပြည်နယ်က စေလွှတ်တဲ့ ကိုယ်စားလှယ် (၃) ပုံ (၂) ပုံက သဘောမတူဘဲ ဆုံးဖြတ်ချက်ကို အတည်မပြုရ။ အောက်က အချက်တွေကို လွှတ်တော်က အတည်ပြုပေးရမယ်။

(က) အမျိုးသားတန်းတူရေး

(ခ) တောင်တန်းဒေသအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး

(ဂ) လွတ်လပ်ရေးရပြီးတဲ့အခါ အချိန်မရွေးခွဲထွက်နိုင်ရေး

၃။ နိုင်ငံခြားနဲ့ စာချုပ်ချုပ်တာ၊ သံတမန်စေလွှတ်တာတွေမှာ တောင်တန်းဒေသနဲ့ တိုင်ပင်ဖို့ ခြေဥမှာ ထည့်သွင်းပြဋ္ဌာန်းပေးရမယ်။

၄။ ကာကွယ်ရေးစတဲ့ ပြည်နယ်အားလုံးနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ မြန်မာမဲ ဘယ်လောက်ရရ တောင်တန်းဒေသကိုယ်စားလှယ်များရာစုက မထောက်ခံရင် မဆုံးဖြတ်ရဘူး။

၅။ တောင်တန်းဒေသနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ သက်ဆိုင်တဲ့ကိစ္စတွေကို ဆုံးဖြတ်တဲ့အခါ တောင်တန်းဒေသကိုယ်စားလှယ်တွေရဲ့ များစုက သဘောမတူဘဲ မဆုံးဖြတ်ရဘူးလို့ ခြေဥမှာ ပြဋ္ဌာန်းပေးရမယ်။

၆။ ခြေဥဆိုင်ရာ အငြင်းအခုံပေါ်ရင် တရားလွှတ်တော်ကို တင်ပြပြီးတော့ တရားဝန်ကြီးချုပ်နဲ့ ကျန်တဲ့ တရားဝန်ကြီးနှစ်ဦးပါဝင်တဲ့ တရားခွင်ကနေ ဆုံးဖြတ်ပေးရမယ်။

၇။ ပြည်ထောင်စုဝန်ကြီးအဖွဲ့မှာ တောင်တန်းဒေသဝန်ကြီးအရေအတွက်ထက် ပြည်မဝန်ပြီးအရေအတွက် မပိုရဘူး။

တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ဟာ အဓိကအားဖြင့် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လိုင်းတင်ခဲ့တာ ဖြစ်တယ်။ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင်းတို့ရဲ့ အနှစ်သာရ မပျက်ဆီးရေးအတွက် တောင်တန်းနဲ့ ပြည်မ လူဦးရေကွာခြားမှုအပေါ် အထူးဂရုပြုခဲ့တယ်။ ပြည်မဟာ လူဦးရေအရ များပြားတာကြောင့် ပြည်နယ်တွေအပေါ် လွှမ်းမိုးမှုမဖြစ်အောင် တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့က လိုလားခဲ့တယ်။

နောက် အထက်လွှတ်တော်၊ အောက်လွှတ်တော် ပေါ်လာတဲ့အခါကျရင် အထက်လွှတ်တော်က လူမျိုးစု (ပြည်နယ်) ကို ကိုယ်စားပြုလိမ့်မယ်။ ဒီသဘောတရားနဲ့ တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ရဲ့ ဆန္ဒကို ချိန်ကိုက်လိုက်မယ်ဆိုရင် နိုင်ငံခြားရေးဆိုင်ရာ ကိစ္စတွေ၊ ပြည်ထောင်စုကိစ္စတွေ၊ တောင်တန်းဒေသဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်တာတွေကို အထက်လွှတ်တော်က အာဏာပိုင်ရမယ်။

အဲ့တော့ တောင်တန်း-ပြည်မပူးပေါင်းရေး ပြည်ထောင်စုရဲ့ အခြေခံမူတွေကို ပြန်ကြည့်မယ်ဆိုရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ အမျိုးသားတန်းတူရေးဟာ အဓိက အချက်တွေဖြစ်တယ်။ နောင်အနာဂတ် ဖက်ဒရယ်နိုင်ငံကို ထူထောင်တဲ့အခါမှာလည်း ပင်လုံကတိကဝတ်၊ ပင်လုံစာချုပ်တို့ရဲ့ သဘောတူညီချက်တွေကို မေ့ထားလို့ ရမှာမဟုတ်ဘူး။ ကာလရှည်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ အအခြေခံက်ု ပြန်သုံးသပ်ကြည့်ရင် ပင်လုံကတိကဝတ်တွေနဲ့အညီ ပြည်ထောင်စုကို မထူထောင်နိုင်ခဲ့လို့ပါပဲ။ ဒါ့ကြောက့် အရှည်သဖြင့် ငြိမ်းချမ်းရေးအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေးအပေါ် အခြေခံပြီး ပြည်ထောင်စုစုစစ်စစ် တည်ထောင်ဖို့ လိုအပ်ပါကြောင်း။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။