“ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်

ရတနာခုနှစ်သွယ် တကယ်ပင်စုံညီတို့အမျိုးသားတိုင်းပြည်

မွဲတဲ့သူ လှူဒါန်းနိုင်မည်”

နဂါးနီသီချင်းဟု ဆိုလိုက်သည်နှင့် အများစုအဖို့ ရင်းနီးပြီး ဖြစ်နေပေလိမ့်မည်။ “မွဲတဲ့သူ လှူဒါန်းနိုင်မည်။ ကျောင်းဆောက်ကာ ဘုရားပါတည်” ဟူသော သီချင်းစာသားကို မြန်မာတို့ သည်းခြေကြိုက်ကြသည်။ အလှူအတန်းနှင့် နောက်ဆုံး အလှူခံမဏ္ဍာပ်အထိ နဂါးနီသီချင်းကို ကြားရလေသည်။ သို့သော် အများစုက နဂါးနီကို ကြားဖူးကြ၊ နှစ်သက်ကြသော်လည်း နဂါးနီကို မသိကြ။ နဂါးနီသီချင်းသည် မြန်မာတို့ထင်သကဲ့သို့ ဆင်းရဲသားတို့ ကြိုးစား၍ ချမ်းသာရေးကို ဆိုလိုသည်မဟုတ်ပေ။ ဓနရှင်လူတန်းစားတို့၏ အလှူအတန်းများနှင့် ဘာမျှ မသက်ဆိုင်ပေ။ ထိုသို့ဆိုလျှင် နဂါးနီဟူသည် အဘယ်နည်း။

နဂါးနီသီချင်းသည် နဂါးနီစာအုပ်အသင်း၏ သီချင်းဖြစ်ပေသည်။ နဂါးနီစာအုပ်အသင်းသည် “တစ်လလျှင် (၁၀) ပဲတန်သော့ဖြင့် ကမ္ဘာဘဏ်တိုက်ကြီးကို ဖွင့်လော့” ဟူသော ကြွေးကြော်သံဖြင့် ပေါ်ထွက်လာခြင်းဖြစ်ပေသည်။ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်နု၊ သခင်ထိန်ဝင်း၊ သခင်ထွန်းရွှေ၊ မြို့မဆရာဟိန်၊ သိန်းဖေမြင့်၊ ကိုဘဆွေ၊ သခင်ချစ်၊ သခင်ဗဟိန်းနှင့် ကိုလှရွှေတို့၏ ကြိုးပမ်းမှုဖြင့် ၁၉၃၇ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမှုဆောင်အဖွဲ့မှာ အောက်ပါအတိုင်း ဖြစ်ပေသည်။

ဥက္ကဋ္ဌ – မြို့မဆရာဟိန်

အတွင်းရေးမှူး – ကိုထွန်းရွှေ

တွဲဖက်အတွင်းရေးမှူး – သခင်ထိန်ဝင်း

ငွေထိန်း – သခင်ချစ်

စာအုပ်ရွေးချယ်ရေး – သခင်နု၊ သခင်သန်းထွန်း

ဝါဒပြန့်ပွားရေး – သခင်စိုး

နဂါးနီစာအုပ်အသင်းသည် ၁၉၃၇ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ စာအုပ်ပေါင်း (၄၀) ကျော်ကို ရိုက်နှိပ်ခဲ့ပြီး မြန်မာ့စာပေလောကကို လက်ဝဲစာပေနှင့် ထိတွေ့ပေးခဲ့သော စာအုပ်အသင်းလည်း ဖြစ်ပေသည်။ နဂါးနီစာအုပ်အသင်းသည် လက်ဝဲဝါဒ ပြန့်ပွားရေးကို အထူးကြိုးပမ်းခဲ့ပြီး သခင်စိုး၏ ဆိုရှယ်လစ်ဝါဒ၊ ကိုလှရွှေ၏ ဓနရှင်ဝါဒ၊ ဒဂုံတာရာ၏ မေ စသည်တို့ကို ထုတ်ဝေခဲ့သည်။

နဂါးနီသီချင်းကို ရွှေတိုင်ညွန့်ရေးပြီး ခင်မောင်ရင်က သီဆိုခဲ့လေသည်။ နောက်ပိုင်းပြန်လည်သီဆိုပြီး ယခုအခါ လူသိများသည့် သီချင်းမှာ သုမောင်သီဆိုထားခြင်း ဖြစ်ပေသည်။ ထိုသီချင်း၏ ဖော်ပြချက်မှာ နဂါးနီ၏ မူလအဓိပ္ပာယ်နှင့် များစွာ ကွာခြားလှသည်မှာ ဝမ်းနည်းဖွယ်ပင်။

ထိုသီချင်းဗီဒီယို (MV) ကို ညွှန့်လှိုင်လှိုင် ရိုက်ကူးသည်ဟု သိရှိရပေသည်။ ထို MV တွင် ထမင်းစားရန်ပင် ငွေမရှိသော ဆင်းရဲသား ကျောမွဲအချို့က အလုပ်ကြိုးစားပြီး ချမ်းသာသွားသည်ကို ရိုက်ကူးပြထားလေသည်။ သို့သော် နဂါးနီသည် ထိုသို့မဟုတ်။ နဂါးနီသည် လက်ဝဲယိမ်းစာအုပ်အသင်းဖြစ်သည်နှင့်အညီ ဖောက်လွဲဖောက်ပြန် ဓနရှင်တို့က စိတ်အဆာပြေချပြထားသော လမ်းစဉ်ကို ဖော်ဆောင်ခြင်းမဟုတ်ပေ။

“ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်” ဆိုသည်မှာ ဆင်းရဲခြင်းသည် အဘယ့်ကြောင့်နည်း။ ကျောမွဲ အလုပ်သမားတို့၊ လယ်သမားတို့ ဆင်းရဲကျပ်တည်းခြင်းသည် အဘယ့်ကြောင့်နည်း။ ဓနရှင် အရင်းရှင်လူတန်းစားတို့၏ ဂုတ်သွေးစုပ် အမြတ်ထုတ်မှုကြောင့်သာ ဖြစ်ပေသည်။ သွေးစုပ်မှုကင်းသော ဘုံဝါဒတွင် ဆင်းရဲ၊ ချမ်းသာကွဲပြားမှုမရှိဘဲ လူတန်းစားညီမျှလေသည်။ ထိုသင်းကိုမှ ဆက်းရဲခြင်းလွတ်ကင်းရာလမ်းဟု ဆိုကြရမည်။

“လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်” ဆိုသည်ကား ကျောမွဲတို့ အဘယ့်ကြောင့် ကျပ်တည်းဆင်းရဲနေရသနည်းဟု အရင်းကို စစ်လျှင် မိမိ၏ လုပ်အားနှင့် ညီမျှသည့် ခံစားခွင့် မရရှိခြင်းကြောင့် ဖြစ်ပေသည်။ ဘုံဝါဒဖြစ်သော ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ်တို့တွင် ကျောမွဲတို့သည် မိမိတို့၏ လုပ်အားနှင့် ညီမျှသည့် ခံစားခွင့်ကို ရရှိကြသည်။ လုပ်အားအပြည့်အဝစိုက်ထုတ်ခြင်းမှ သီးပွင့်လာသည်တို့ကို အပြည့်အဝခံစားခွင့် ရရှိလျှင် ကျောမွဲတို့သည် ချမ်းသာလာ‌ပေလိမ့်မည်။

ယခုအခါ အရင်းရှင်များက အလုပ်သမားတို့၏ ဓနငွေကြေးကို လက်ဝါးကြီးအုပ် အမြတ်ထုတ်ကြသည်။ သိန်းရာချီ၍ လှူဒါန်းမှုများ ပြုလုပ်နေသော ဓနရှင်တို့သည် အလုပ်သမားတို့၏ လုပ်ခလစာကို တစ်ပြားမှ နှစ်ပြားခွာယူတတ်ကြသည်။ ထိုသို့ ပြုလုပ်သည်ကို စစ်စိခြင်းဟု သမုတ်ကြသည်။ ယင်းသည် စစ်စိခြင်းမဟုတ် ဂုတ်သွေးစုတ်ခြင်းသာ။ ထို့ကြောင့် အလုပ်သမားတို့သည် လုပ်အား၏ အသီးအပွင့်ကို အပြည့်အဝမခံစားရဘဲ ဓနရှင် အရင်းရှင်တို့ကသာ ကြေးရေတက် ချမ်းသာလာကြသည်။ ထိုသို့ အလုပ်သမားတို့ထံမှာ တစ်ပြားမှ နှစ်ပြားဖြစ်အောင် ခွာယူ၍ ရရှိလာသည့် အမြတ်ငွေများဖြင့် ကျင်းပသော အလှူ‌ပွဲကြီးများတွင် နဂါးနီသီချင်းကို ဆိုကြ၊ ဖွင့်ကြသည်မှာ အမြင်မတော် ဆင်တော်နှင့်‌ခလောက်သာ ဖြစ်ပေသည်။

နဂါးနီစာအုပ်အသင်း၏ ရည်ရွယ်ချက်မှာ နဂါးနီသီချင်းတွင် ပေါ်လွင်နေပေသည်။ “သိဒ္ဓိအဖုံဖုံ လုံခြုံစေမည်။ နေ့စဉ်ညဆက်ဖိုမထိုးဘဲ အကျိုးပေးနိုင်မည်။ မြန်မာပြည် နဂါးနီတန်ခိုးနဲ့ မြေလျှိုးပါလို့ မိုးပျံနိုင်မည်။ မွဲတဲ့သူတွေ ငွေမရှားရအောင် ဆောင်ရွက်ကာမှန်း ထွက်ရပ်လမ်းပြမည်။” ရွှေဖြစ်ငွေဖြစ် လမ်းစဉ်သို့လိုက်ပြီး ဖိုထိုးလျှင် လုံဖိုးနှင့် ခက်ရချိမ့်မည်။ ထိုသို့ ဆင်းရဲသားကျောမွဲတို့၏ ကောင်းစားရေးလမ်းမှာ ဘုံဝါဒမှတစ်ပါး အခြားမရှိပြီ။ ထိုသို့ ဘုံဝါဒခရီးကို လှမ်းကြရာတွင် နဂါးနီက လမ်းပြမည်ဟူလို။

ထို့ကြောင့် ဆင်းရဲသားတို့၏ အကျိုးကို မျှော်ကိုးသော ပြည်သူ့ဒီမိုကရေစီမီးပြတိုက်တစ်ခု၏ သီချင်းကို ဓနရှင်တို့က အသာပြေ နားအယားဖြေ အသုံးပြုနေကြသည်မှာ ဝမ်းနည်းဖွယ်ပင်။ ကျွန်ုပ်တို့သည် မိခင်လူတန်းစား၏ ကုံလုံနိုင်ရေးကို မျှော်ကိုးကြရမည်။ ဘုံဝါဒလမ်းကို လျှောက်လှမ်းကြရမည်။ သို့မှသာ ထွက်ရပ်လမ်းသို့ ရောက်ကြမည်ပါသည်။

         “တို့နဂါးနီ သိဒ္ဓိတန်ခိုးနဲ့ ဆင်းရဲသားတို့မညှိုးပြီ။

အကျိုးထူးပေးတော့မည်။ ခေတ်သစ်ထူထောင်မည်။

အေးချမ်းသာယာစည် နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်။”

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။