ဗမာပြည်မယ် ကွန်မြူနစ်၊ ဆိုရှယ်လစ်ဆိုတာကို ပထွေးမုန်း မုန်းတီးကြပါ တယ်။ ဒါကလည်း ဗမာပြည်နိုင်ငံရေးရုပ်အခြေအနေကပေးလိုက်တဲ့ ပြည်သူလူထုရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တစ်ခုပါပဲ။ အဓိက အချက်ကတော့ စစ်အစိုးရ အဆက်ဆက်က ဖြန့်ကျက်ခဲ့တဲ့ ဝါဒမှိုင်းတွေကြောင့်ပါ။ ဗမာပြည်သူ လူထုဟာ စစ်အစိုးရကို မုန်းတီးကြတယ်ဆိုပေမယ့် စစ်အစိုးရရဲ့ ဝါဒမှိုင်းတွေကိုတော့ မစွန့်ပယ်နိုင်သေးဘူးဆိုတာက အထင်အရှားပါပဲ။

၁၉၆၂ ခုနှစ်၊ ဒုတိယအကြိမ် စစ်အာဏာသိမ်းတဲ့အခါ ဗိုလ်နေဝင်းဟာ စစ်အာဏာရှင်အသွင်သဏ္ဍာန်နဲ့ ထွက်လာခဲ့တာ မဟုတ်ပါဘူး။ ဗမာပြည်သူလူထုနဲ့ နိုင်ငံရေးသမားတွေကို ဝေဝါးသွားစေမယ့် ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး ဆိုတဲ့ နာမည်ခံပြီး မင်းသားခေါင်းဆောင်း ထွက်ခဲ့တာပါ။ ဒါ့ကြောင့်လည်း နိုင်ငံရေး သမားအချို့ဟာ အမြင်ဝေဝါးခဲ့တာပါသလို အချို့ကလည်း တမင်သက်သက်နဲ့ပဲ ဗိုလ်နေဝင်းက အာဏာသိမ်းတာကို ထောက်ခံခဲ့ပါတယ်။ အာဏာသိမ်းတယ်ဆိုတဲ့ နေရာမှာ အမျိုးမျိုးရှိပါတယ်။ တော်လှန်ရေးတစ်ခုဖြစ်ရင် အာဏာသိမ်းခြင်းဆိုတာက နောက်ကနေ ကပ်ပါလာတယ်။ တရုတ်ပြည်မှာ မော်စီတုန်းက အာဏာသိမ်း တယ်။ ။ ရုရှားမှာ လီနင်က အာဏာသိမ်းတယ်။ အာဏာသိမ်းတယ်ဆိုတာဟာ အစိုးရကို ဖြုတ်ချပြီး အစိုးရစနစ်သစ် ထူထောင်တာပါပဲ။ ဒါ့ကြောင့် တော်လှန်ရေးရဲ့ အဓိကရည်ရွယ်ချက်ဟာ စစ်နိုင်ရေးနဲ့ အာဏာသိမ်းရေးပါပဲ။ လက်ရှိ NUG ဟာလည်း စစ်နိုင်ရင် မင်းအောင်လှိုင်စစ်အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းမှာပါပဲ။ ဒီလို အချက်တွေကြောင့် နေဝင်းစစ်အစိုးရက သူတို့အာဏာသိမ်းတာကို တော်လှန်ရေး နာမည်ခံခဲ့တာပါ။

ဗိုလ်နေဝင်းအာဏာသိမ်းတာရဲ့ အဓိကအချက်ကတော့ ဖက်ဒရယ်အရေး ကြောင့်လို့ ဆိုကြပါတယ်။ ၁၉၆၂ မှာ ဖက်ဒရယ်ရေးလှုပ်ရှားမှုတွေ အားကောင်းလာ တယ်။ တိုင်းရင်းသားတွေဟာ တောင်ကြီးညီလာကို ခေါ်ယူပြီးတော့ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စစ်စစ်မူကို ချမှတ်တယ်။ ပြီးတဲ့အခါ အစိုးရနဲ့ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်ကနေ (၂၄) ရက်နေ့အထိ ဆွေးနွေးကြတယ်။ မတ်လထဲမှာ ဒုတိယအကြိမ်ဆွေးနွေးပွဲ လုပ်ကြမယ်ပေါ့။ ဒီကိစ္စ ကို ဗိုလ်နေဝင်းက ပြည်ထောင်စုကို ဖြိုခွဲမယ့်ရန်လို့အကြောင်းပြပြီး အာဏာသိမ်း တော့တာပဲ။ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့ မနက်စောစောမှာ အစိုးရတာဝန်ရှိသူ တွေရဲ့ အိမ်တွေကို ဝင်စီးတယ်။ မနက် (၈) နာရီ (၂၅) မိနစ်မှာ အာဏာသိမ်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာ့အသံကနေ ကြေညာတယ်။ ပြီးတဲ့အခါ ဗိုလ်နေဝင်းက ဥက္ကဋ္ဌ အဖြစ်နဲ့ အဖွဲ့ဝင် (၁၇) ဦးပါ တော်လှန်ရေးကောင်စီကို ကြေညာတယ်။ တစ်ဆက်တည်းမှာပဲ တော်လှန်ရေးကောင်စီအစိုးရအဖွဲ့ဆိုပြီး ကြေညာတယ်။ တော်လှန်ရေး ကောင်စီအစိုးရအဖွဲ့ရဲ့ လမ်းစဉ်က ဆိုရှယ်လစ်စနစ်ဖြစ်တယ်လို့ ကြေညာပြန်ပါ တယ်။ ဧပြီလ (၃၀) ရက်နေ့မှာ ဗမာပြည်စာနယ်ဇင်းကောင်စီဆိုတာကို ဖွဲ့စည်းပြီးတော့ စာနယ်ဇင်းလုပ်ငန်းကို ချုပ်ကိုင်တယ်။

၁၉၆၂ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ ဗကပဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးချစ်လှိုင် (ခေါ်) ရဲဘော်စံငွေက ရေးပေးတဲ့ တလွဲလမ်းစဉ်၊ ကဖျက်ကယက်လမ်းစဉ်ကို ကြေညာခဲ့တယ်။ ဒီလမ်းစဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာ့နည်း မြန်မာ့ဟန်ဆိုပြီးလည်း စစ်အစိုးရက ဆိုပါတယ်။ ဒီလမ်းစဉ်ဟာ ရှည်လွန်းတဲ့အတွက် စာစီမပြတော့ဘဲ ဝေဖန်ရေးနဲ့ပဲ တင်ပြပါမယ်။

ဗိုလ်နေဝင်းစစ်အစိုးရဟာ အာဏာသိမ်းပြီးတဲ့အခါ ဆိုရှယ်လစ်လမ်းစဉ် ဆိုတာကို ကြေညာတယ်။ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးမှန်ရင် မာ့က်စ် ဝါဒကို ဦးထပ်ထားရမယ်။ အလုပ်သမားလူတန်းစားရဲ့ ဦးဆောင်မှုဖြစ်ရမယ်။လယ်သမားလူတန်းစားဟာ မဟာမိတ်လူတန်းစား ဖြစ်ရမယ်။ ဗိုလ်နေဝင်းရဲ့ အာဏာသိမ်းမှုကတော့ ဘယ်အလုပ်သမား၊ လယ်သမားနဲ့ မာ့က်စ်ဝါဒမှ မပါဘဲ စစ်တပ်ရဲ့ သေနတ်ပြောင်းနဲ့ တိုင်းပြည်ရဲ့ခေါင်းကို ချိန်ပစ်လိုက်တာပါပဲ။ ဒါ့ကြောင့် စစ်တပ်က ခေါင်းဆောင်ပိုင်းမှန်သမျှဟာ အစိုးရထိုင်ခုံတွေပေါ် ရောက်သွားတာပါ ပဲ။

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီး မဆလကို စဖွဲ့ပါတယ်။ ဆိုရှယ်လစ်နိုင်ငံတွေ၊ ကွန်မြူနစ်နိုင်ငံတွေမှာ တစ်ပါတီ စနစ်ကို ကျင့်သုံးရိုးကတော့ အမှန်ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီပါတီဟာ အလုပ်သမား၊ လယ်သမား ပစ္စည်းမဲ့တွေရဲ့ တပ်ဦးပါတီ ဖြစ်တယ်ဗိုလ်နေဝင်းရဲ့ မဆလကတော့ စစ်တပ်ရဲ့ တပ်ဦးပါတီသာ ဖြစ်တယ်။ ပါတီခေါင်းဆောင်အားလုံးဟာ စစ်တပ်က ချည်းပါပဲ။ ဒီလိုဆိုရင် ကျန်တဲ့ ဆိုရှယ်လစ်နိုင်ငံတွေ ဆိုဗီယက်တို့ ဘာတို့ကရော စစ်တပ်က မဟုတ်ဘူးလားလို့ မေးစရာ ရှိပါတယ်။ မှန်ပါတယ်၊ ဆိုဗီယက်တို့ဘာတို့ ကလည်း စစ်တပ်ကပါပဲ။ ဒါပေမယ့် အဲ့ဒီစစ်တပ်ဟာ တော်လှန်ရေးတပ်တွေဖြစ် တယ်။ အလုပ်သမား၊ လယ်သမားနဲ့ ပစ္စည်းမဲ့တို့ရဲ့ တပ်ဖြစ်တယ်။ မဆလရဲ့တပ် ကတော့ ပဒေသရာဇ်စနစ်ကို အခြေခံထားတဲ့ လူမျိုးကြီးစစ်တပ်သာ ဖြစ်တယ်။

ပါတီတစ်ခုကို ဖွဲ့စည်းတဲ့အခါ အမြုတေပါတီအဆင့်နဲ့ ပြည်သူ့ပါတီအဆင့် ဆိုပြီး နှစ်ရပ်ရှိတယ်။ အမြုတေပါတီအဆင့်မှာ ပါတီစတင်တည်ထောင်တဲ့ကာလ ဖြစ်တာနဲ့အညီ ကေဒါစုဆောင်းတာ၊ လေ့ကျင့်တာ စတဲ့ လုပ်ငန်းတွေနဲ့ ပါတီကို ကောင်းကောင်းမွန်လည်ပတ်နိုင်ရေးအတွက် လေ့ကျင့်တဲ့အဆင့်ပါပဲ။ အမြုတေ ပါတီအဆင့်မှာ ပြည့်စုံသွားတဲ့အခါ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ ပါတီအဖြစ်ကို ကူးပြောင်းရတယ်။ အဲ့ဒီလို ကူးပြောင်းတဲ့အခါ ပြည်သူ့ဆန္ဒအရ တာဝန်ယူရတယ်။ ဆိုလိုတာက ပါတီရဲ့ ဗဟိုအမှုဆောင် ဒါမှမဟုတ်ရဲ့ နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ အကြီးအကဲတွေကို ပါတီဝင်တွေဖြစ်တဲ့ ပြည်သူကပဲ တိုက်ရိုက်တင်မြှောက်တယ်။ ပြည်သူက လိုလားတဲ့သူကပဲ နိုင်ငံတော်အာဏာကို ရယူခွင့်ရှိတယ်။ အောက်ခြေ ရပ်ကျေး ကနေအစ အမြင့်ဆုံး သမ္မတအထိကို ပါတီဝင်တွေကပဲ တိုက်ရိုက်တင်မြှောက် တယ်။ ဒါပေမယ့် မဆလမှာတော့ အဲ့လိုမဟုတ်ဘူး။ ဗိုလ်နေဝင်းကပဲ အာဏာတက်ယူတယ်။ တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုန်းရဲ့ နာမည်ကျော် စကားတစ်ခွန်း ရှိတယ်။ နိုင်ငံရေးအာဏာဆိုတာ သေနတ်ပြောင်းကနေ ဆင်းသက်တယ်၊ အဲ့ဒီ သေနတ်ပြောင်းကို ပါတီကနေပဲ ချုပ်ကိုင်ထားရမယ်ပါတီကို သေနတ်ပြောင်းက ပြန်ချုပ်ကိုင်သွားတာမျိုး မဖြစ်ရဘူးတဲ့။ မဆလမှာတော့ ပါတီကို သေနတ်ပြောင်း က ချုပ်ကိုင်ထားတာပါပဲ။

၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှာ မဆလက သူတို့ရဲ့ အဘိဓမ္မာအနေနဲ့ လူနှင့် လူ့ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားစာတမ်းဆိုတဲ့ ထုံးစံအတိုင်း ဦးချစ်လှိုင်ရေးပေးတဲ့ စာတမ်းကို ကြေညာပါတယ်။ ဒီစာတမ်းကဆိုရင် မာ့က်စ်ဝါဒထဲက ဟိုအချက်ဒီအချက်၊ ဗုဒ္ဓဘာသာထဲက ဟိုတစ်ချက်ဒီတစ်ချက် ကပြောင်းတိ ကပြောင်းပြန် ရေးပြီး ထုတ်ခဲ့တာပါပဲ။ မာ့က်စ်ဝါဒရဲ့ အနုပဋိလောမရုပ်ဝါဒ၊ သမိုင်း ဆိုင်ရာရုပ်ဝါဒတို့ရဲ့ ဖီလာဆန့်ကျင်နေတဲ့ စာတမ်းကို ထုတ်ခဲ့တာပါပဲ။ ဒီအထိက နေဝင်းစစ်အစိုးရရဲ့ ကနဦး ပြင်ဆင်ချက်တွေပေါ့။

၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့မှာ “လုပ်ငန်းများ နိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေ” ကို ပြဋ္ဌာန်းပြီးတော့ ကွမ်းယာဆိုင်ကအစ ပြည်သူပိုင် သိမ်းတော့တာပါပဲ။ မာ့က်စ်ဝါဒအလိုကျ ပြည်သူပိုင်သိမ်းတယ်၊ တစ်နည်းအားဖြင့် ပုဂ္ဂလိကပိုင်ဆိုင်မှု ဖျက်သိမ်းရေးဆိုတာဟာ ကုန်လုပ်ကိရိယာလို့ခေါ်တဲ့ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်၊ မြေယာ၊ သတ္တုတွင်း စတာတွေကို အရင်းရှင်ရဲ့ ပိုင်ဆိုင်မှုအဖြစ် ကနေ ရုပ်သိမ်းတာ ဖြစ်ပါတယ်။ လမ်းဘေးအကြော်သည်ရဲ့ အကြော်ဗန်းကို ပြည်သူပိုင်လိုက်သိမ်းတာမျိုး မဟုတ်ဘူး။ ပြီးတဲ့အခါ ပြည်သူပိုင်သိမ်းလိုက်တဲ့ လုပ်ငန်းတွေက ဘယ်ကိုရောက်သလဲဆိုရင် စစ်တပ်နဲ့ သူ့အပေါင်းအပါ ခရိုနီတွေရဲ့ လက်ထဲကိုပဲ ရောက်တယ်။ သူတို့အာဏာရှင်အသိုင်းအဝိုင်းမှာပဲ ဝင်လာမဆဲ တသဲသဲ ဖြစ်နေပြီးတော့ ပြည်သူတွေက ငတ်ပြတ်နေကြရတယ်။

တစ်ခါ သမဝါယမစနစ်ဆိုပြီး ရှိသမျှ အထွက်ပစ္စည်းတွေကို နယ်တိုင်း ရွာတိုင်းမှာ ဒိုင်တွေဖွင့်ပြီး အသွင်းခိုင်းတယ်။ ဒိုင်ကို သွင်းတုန်းကတော့ ဆန်ကောင်း ဆန်သန့်၊ ပဲကောင်းပဲသန့်တွေချည်းပဲ။ ပြန်ပြီး ဝေတဲ့အခါကျပြန်တော့ ဆန်ညံ့တွေ၊ ဆန်ကွဲတွေ၊ ပဲညံ့တွေပဲ ပြည်သူတွေက ပြန်ရကြတယ်။ တစ်ချို့ဒေသတွေမှာဆိုရင်ဆန်မလုံလောက်လို့ ကြွေးဥတို့၊ ပိန်ဥတို့ စားကြရတယ်။ ဆန်ကို ပြောင်းနဲ့ရောပြီး စားကြရတယ်။ စပါးစိုက်တဲ့လယ်သမားတွေ ထမင်းငတ်ကြတယ်ပေါ့လေ။ အဲ့တော့ ဆန်ကောင်းတွေက ဘယ်ကိုရောက်သလဲဆိုရင် နိုင်ငံခြားပို့ကုန်ဆိုပြီး ထုတ်ရောင်း တယ်။ ပြီးတဲ့အခါ နိုင်ငံ့ဘဏ္ဍာဆိုပြီး သူတို့အိတ်ထဲ ထည့်ကြတယ်။ ဆန်ထွက်ပါ တယ်ဆိုတဲ့ ရွှေဘို၊ ဝက်လက်ဘက်မှာဆိုရင် စပါးစိုက်စရာ မျိုးမကျန်လို့ အရာရှိဆို တဲ့သူတွေ လယ်တွေမှာ စပါးစိုက်မစိုက် လာစစ်တယ်ဆိုရင် လယ်ထဲမှာ စပါးခွံတွေ ကျဲပြီး ပြကြရတဲ့အထိပါပဲ။

နောက်တစ်ခုက ဗိုလ်နေဝင်းကိုဆိုရင် နံပါတ်ဝမ်းကြီးဆိုပြီး တုန်နေအောင် ကြောက်ရတယ်။ ဆိုရှယ်လစ်၊ ကွန်မြူနစ်တွေရဲ့ ပစ္စည်းမဲ့အာဏာရှင်စနစ်ဆိုတာ ဒီလိုမဟုတ်ဘူး။ လီနင်ကို သာမန်ပြည်သူက ကြောက်စရာအကြောင်း ဘာမှမရှိဘူး။ သာမန်အလုပ်သမားတစ်ယောက်က လီနင်ရဲ့ ဝန်ကြီးအစည်းအဝေးအထိ ဝင်ပြီး စကားပြောလို့ရတယ်။ အထူးအစည်းအဝေးတစ်ခုမှ အလုပ်သမားတစ်ယောက်က လီနင်ကို ရေနံဆီဝင်တောင်းတဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်။

ဆိုရှယ်လစ်၊ ကွန်မြူနစ်ပါတီတွေရဲ့ ပါတီတွင်းဒီမိုကရေစီဟာ ဝေဖန်ရေးနဲ့ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ရေးပါပဲ။ အမြင့်ဆုံးသမ္မတကနေ အနိမ့်ဆုံး ကေဒါအထိကို ဝေဖန်ရေးပေးနိုင်တယ်။ စတာလင်ကဆိုရင် လီနင်ဝါဒပြဿနာများဆိုတဲ့ စာတမ်း နဲ့ လီနင်ကို ဝေဖန်ရေးပေးတယ်။ ဒါပေမယ့် ဗိုလ်နေဝင်းနဲ့ အာဏာရှင်အသိုင်းအဝိုင်း ကို သွားဝေဖန်ရင်တော့ ဝေဖန်တဲ့မိတဲ့သူက ကာလနာတိုက်သွားမှာပဲ။ မဆလရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မှာ ရေးထားတဲ့ မိမိ၏လုပ်ဆောင်မှုများကို မိမိကိုယ်မိမိ ဝေဖန်စစ်ဆေးသောနည်းဆိုတာဟာ အလကားသက်သက် အာချောင်တာသာ ဖြစ်ပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ သရုပ်ပျက်ကြေညာစာတမ်းထဲမှာ ထူးထူး ဆန်းဆန်းတစ်ခု ပါနေပါတယ်။ ဘာလဲဆိုရင် နိုင်ငံခြားမှ သရုပ်ပျက်သော ယဉ်ကျေး မှုများ မဝင်ရောက်မလွှမ်းမိုးအောင် ကာကွယ်လျက်ရှိခြင်းဆိုတဲ့ ဘုရားစူးအတွေး အခေါ်ပါပဲ။

ဒီလိုမျိုး ဗိုလ်နေဝင်းရဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ရဲ့ ဖောက်လွဲဖောက်ပြန်ကိစ္စတွေကြောင့် သခင်ဖေဌေးက “ဗိုလ်နေဝင်းဖင်ကို ကျုပ် တက်ချရင်တောင် ဗိုလ်နေဝင်း ပဋိသန္ဓေတည်ချင် တည်နိုင်မည်။ ဗိုလ်နေဝင်းရဲ့ ဆိုရှယ်လစ်လမ်းစဉ် ဘယ်တော့မှ မအောင်မြင်နိုင်။” လို့ ဆိုခဲ့တာပါပဲ။

ဗိုလ်နေဝင်းရဲ့ မဆလက အမျိုးမျိုး အဖုံဖုံ ဖိနှိပ်ခဲ့တော့ ပြည်သူလူထုဟာ ဆိုရှယ်လစ်ဆိုတာကို တော်ပါပြီဆရာ ဖြစ်နေတာပါပဲ။ ဒါ့အပြင် ကွန်မြူနစ်နိုင်ငံ တွေလို့ သိထားကြတဲ့ တရုတ်နဲ့ မြောက်ကိုရီးယားရဲ့ သတင်းတွေကိုရောပေါ့။ တရုတ်ဟာ ကြေးနီတောင်လို၊ လက်ပန်းတောင်းတောင်လို ကိစ္စတွေမှာ လယ်သမား တွေကို ဖိနှိပ်ခဲ့တယ်။ ဒါ့အပြင် တရုတ်နဲ့ ပတ်သက်ရင် ဗမာတွေအတွက် အထိနာ စရာတွေ အများကြီးပါပဲ။ ပြီးတော့ ပြည်ပလွှမ်းမိုးမှုကို ကြောက်ပါတယ်ဆိုတဲ့ ဗိုလ်နေဝင်းကတောင် တရုတ်စပ် ရှုမောင်ဖြစ်နေတာပါပဲ။ လတ်တလောချင်းမှာ တောင် တရုတ်ဟာ ဗမာပြည်ဘက်ကို နယ်ကျော်ပြီး နယ်ခြားတံတိုင်းခတ်နေတယ်။ ဒါတွေကို ပြည်သူတွေက ကျေနပ်တာ မဟုတ်ပါဘူး။ အဲ့ဒီမကျေနပ်ချက်ကို ကွန်မြူနစ်ဆိုတဲ့ပဲ တွဲမြင်နေကြတယ်။ ဒါတွေက ကွန်မြူနစ်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေပါပဲ။

တစ်ခါ စစ်အစိုးရအဆက်ဆက်ဟာ ဗကပနဲ့ ပြည်သူ့တပ်မတော်ကို ကြောက်လန့်တဲ့အတွက် ပြည်သူနဲ့ ကင်းကွာစေဖို့ ကွန်မြူနစ်တွေကို ပြည်သူတွေ ရွံ့အောင် မုန်းအောင် အမျိုးမျိုး မှိုင်းတိုက်ထားခဲ့တဲ့။ ဒါ့ကြောင့် ဒီလိုကိစ္စမျိုးတွေနဲ့ ကြုံရတဲ့အခါ ပါးပါးနပ်နပ်နဲ့ ပျော့ပြောင်းတဲ့လုပ်ဟန်ကို ကိုင်ဆောင်ထားကြဖို့ လိုပါ တယ်။ တကယ့်ကွန်မြူနစ်တွေဆိုတာ ဘာလဲဆိုတာ ရှင်းပြနိုင်ဖို့ပြသနိုင်ဖို့လိုပါ တယ်။ ဒါမှသာ ပြည်သူတွေက ကွန်မြူနစ်တွေကို ပြန်ပြီး လက်ခံလာမယ်။ မာ့က်စ်ဝါဒအလံဟာ ဆက်လက်လွင့်ပြန်နေနိုင်မှာ ဖြစ်ပါတယ်။ ဝါဒဟာ၊ ပါတီဟာ ပြည်သူ နဲ့ ကင်းကွာနေလို့ မရဘူးဆိုတာ သတိချပ်ကြရလိမ့်မယ်။ မဟုတ်ရင်တော့ ရွှေပြည်တော်ဟာ မျှော်တိုင်းဝေးနေရပါလိမ့်ဦးမယ်။

 

PDF အဖြစ်ရယူရန်

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။