“ဆုတွေကျ အတုတွေရတယ်

ဒဏ်ရာတွေကျ အစစ်တွေရတယ်”

သုခမိန်လှိုင်

 

ကျွန်တော့်အိမ်မှာ ကတ်ပြားခုနှစ်ခုချိတ်ထားတယ်။ တိတိကျကျပြောရရင် ဆုကတ်ပြားခုနှစ်ခုပေါ့။ အဲဒီထက်ပိုပြီး အသေးစိတ်ရရင် ၂တန်းကနေ ၈တန်းအထိ ရခဲ့တဲ့ဆုကတ်ပြားခုနှစ်ခုပေါ့။ အဲဒါတွေကို ကျွန်တော်မြင်ရင် ခဏခဏ ပြုံးမိတယ်။ ဒါကဘာတွေလဲပေါ့။ ဒါတွေကို ကျွန်တော်ဘာနဲ့ လဲယူခဲ့ရသလဲ။

ကျွန်တော် ၂တန်းနှစ်အလယ်လောက်ထိ ကျောင်းနားက အဘိုးအိမ်မှာ နေတယ်။ နောက်ကျ ရွာထိပ်က အိမ်ကို ပြောင်းနေရတာပေါ့။ ရွာထိပ်မှာ ကျွန်တော်နဲ့သက်တူရွယ်တူ ကစားဖော်ကစားဖက်ဆိုတာ မရှိဘူးလေ။ အဲ့တော့ ကျွန်တော့်အဖော်က အိမ်ရှေ့က သဲပုံရယ်၊ ကျောက်ခဲတွေရယ်၊ နောက်ပြီး ဝတ္ထုစာအုပ်တွေရယ်ပေါ့။ ငယ်ငယ်က ရွယ်တူတွေလို ကျွန်တော့်မှာ သေနတ်မရှိဘူး။ ဘောလုံးမရှိဘူး။ အရုပ်မရှိဘူး။ ဝယ်ပေးဖို့လည်း အိမ်ကိုပြောဖူးတယ်ဆိုတာ အမှတ်တောင်မရမိဘူး။ အိမ်ကလည်း ဝယ်ဖို့စကားစတယ်လို့ ကျွန်တေ်မမှတ်မိဘူး။ ရွာဘုရားပွဲညတွေမှာ ကျွန်တော်နဲ့သက်တူရွယ်တူတွေ လျှောက်သွားနေတဲ့အခါ ကျွန်တော်အိမ်မှာ တီဗွီကြည့်နေတာဖြစ်ဖြစ်၊ စာအုပ်ဖတ်နေတာဖြစ်ဖြစ် လုပ်နေလေ့ရှိတယ်။ (အခုလည်း ဘုရားပွဲထဲမှာ ၁နာရီပြည့်အောင် နေလေ့မရှိပါဘူး)

၄တန်းလောက်ရောက်တော့ သူငယ်ချင်းတွေက ညနေကျောင်းဆင်းချိန် ဘောလုံးကန်တဲ့အခါ ကျွန်တော်တစ်ခါနှစ်ခါ ဝင်ကန်ဖူးပါတယ်။ အဲဒီတစ်ခါနှစ်ခါလုံး ပွဲတစ်ဝက်ကျိုးအောင် ကန်ရတယ်မရှိဘဲ အိမ်ကလိုက်ရိုက်လို့ ကျွန်တော်ပြန်လိုက်သွားရတာ ချည်းပါပဲ။ အိမ်က အမေပြောနေကျက “ဘောလုံးက ဘယ်အချိန်ကန်ကန် ကန်လို့ရတယ်”တဲ့။ ကျွန်တော့်အတွက် ဘောလုံးကန်ရမယ့်အချိန်က ဘယ်အချိန်လဲဆိုတာ ကျွန်တော်မသိတော့ဘူး။ နောက်ပိုင်း ကျွန်တော်ဘောလုံးကို မထိတော့ပါဘူး။ (အခုထိလည်း မကန်တော့ဘူး။ ဘောလုံးပွဲဆိုရင်လည်း မြန်မာအသင်းကန်ရင်တောင် ကျွန်တော်မကြည့်ပါဘူး။ ကြည့်ရင်လည်း စိတ်မဝင်စားမိဘူး။ ကျွန်တော်သိတာက ဂိုးဆိုတဲ့အသံကြားရင် လန့်ရဖို့ပဲ။)

ကျွန်တော်နဲ့ရွယ်တူတွေက ကျောင်းဆင်းချိန်ဆို စက်ဘီးတစ်စီးနဲ့ အလည်ထွက်ကြတယ်။ ကျွန်တော်က အိမ်ကိုတန်းတန်းပြန်ရတယ်။ နည်းနည်းနောက်ကျပြီဆို အိမ်ကလိုက်လာတယ်။ လမ်းမှာ ကစားနေတာဖြစ်ဖြစ် အလည်သွားနေတာဖြစ်ဖြစ်ဆို အိမ်ရောက်ရင် အရိုက်ခံရတာပါပဲ။ အဲဒါနဲ့ ကျွန်တော်လည်ရမှာကို သိပ်စိတ်မပါတော့ဘူး။ အခုလည်း တော်တော်ရင်းနီးတဲ့ ရန်ရန်ချမ်းအိမ်နဲ့ သူဇာဝင်းအိမ်ကလွဲရင် ဆွေးမျိုးသားချင်းအိမ်တွေတောင် (ယုတ်ဆွအဆုံး အိမ်ချင်းကပ်နေတဲ့ ဦးလေးအိမ်တောင်) ကျွန်တော်မလည်ပါဘူး။

သင်္ကြန်ဆိုရင်လည်း ကျွန်တော်လျှောက်လည်ပြီး ရေပက်ခံထွက်တာရှားတယ်။ အိမ်ရှေ့မှာပဲ ခွက်တစ်လုံးနဲ့ပြီးခဲ့တာ များတယ်။ (၁၀တန်းဖြေပြီးတဲ့အခါတော့ မဏ္ဍာပ်မှာ ကူညီညာရင်း သင်္ကြန်လေးရက်လုံး မဏ္ဍာပ်မှာပဲ အိပ်/စားပါတယ်) ပြီးတော့ သင်္ကြန်တွေ ပွဲတွေဆိုရင် ကခုန်စရာလို့ ကျွန်တော်သိပ်မတွေးမိတော့ဘူး။ (ပွဲတစ်ခုခုမှာ ကခဲ့ဖူးတာဆိုလို့ ပခုက္ကူနည်းပညာတက္ကသိုလ်ရေသဘင်ပွဲတော်မှာပါပဲ။ ကမယ့်ကတော့လည်း ပွဲအပြီးထိ)

ကျွန်တော့်အရွယ်သူငယ်ချင်းတွေက ကိုယ်ပိုင်သီချင်းခွေဝယ်နေတဲ့အချိန်မှာ ကျွန်တော်က အိမ်ကစာအုပ်အိတ်တွေဖွင့်ပြီး မဖတ်ရသေးတဲ့ စာအုပ်လိုက်ရှာနေတာပါပဲ။ ငယ်ငယ်က အလွတ်ရတဲ့သီချင်းဆိုတာ ကျွန်တော့်လက်ဆယ်ချောင်းတောင် ပြည့်ရုံနေမှာပါပဲ။ ဆိုလိုတာက အသစ်ထွက်သမျှရော အဟောင်းရော ဘာသီချင်းဆို ဘာသီချင်းမှမသိဘူး။

ကျွန်တော့်အရွယ်တူတွေ Super Heroကားတွေ ကြည့်နေတဲ့အချိန်မှာလည်း ကျွန်တော်ကြည့်ချင်လို့ဝယ်ထားတဲ့ဇာတ်ကားက လက်တစ်ဖက်မပြည့်ဘူးပြောရမယ်။ နောက်ပိုင်း ဝယ်ဖြစ်တော့လည်း Dramaတွေပဲ ဝယ်ဖြစ်တယ်။ သေသေချာချာကြည့်ဖူးတဲ့ Super Heroဆိုလို့ ကိုချမ်းထက်အောင်နဲ့ ရုပ်ရှင်ရုံမှာသွားကြည့်တဲ့ Infinity Stonesပဲရှိတယ်။ဒါပေမယ့် ကျွန်တော်သိပ်စိတ်မဝင်စားဘူး။

၅တန်း ၆တန်း ကျွန်တော့်သူငယ်ချင်တွေ ဂိမ်းဆိုင်ထိုင်နေတဲ့အချိန်မှာ ကျွန်တော်ဂိမ်းရီမုတ် မကိုင်ဖူးဘူး။ ဂိမ်ဆော့ဘူးတာဆိုလို့ လင်းထက်အောင်နဲ့ ကာတွန်းစစ်နာရီဝက်စာ တစ်ခါပဲရှိတယ်။ အဲ့ဒီနောက် ကျွန်တော်ဂိမ်းမဆော့တော့ဘူး။ (အခုလည်း PUBGနဲ့ MLကို ကျွန်တော်က ဖုန်းထဲထည့်ကောင်းတဲ့appတွေလို့တောင် သတ်မှတ်ထားတာမဟုတ်ဘူးရယ် အဟဲ)

ကြာတော့ အိမ်ကို ကျွန်တော်ပျော်စရာလို့ သိပ်မမြင်တော့ဘူး။ (အခုလည် မမြင်ပါဘူး။ ရောက်ရာအရပ်နေတဲ့ကောင်လိုမျိုးဖြစ်နေပြီး ၃ရက်ဆိုပြီး ပခုက္ကူမှာ ၄လလောက်ကြာသွားတာတောင် အိမ်ကို နာရီဝက်ပြည့်အောင် လွမ်းဖူးတယ်မရှိဘူး။ အိမ်ပြန်မယ်ဆိုတာကို ဟာသတစ်ခုလိုလောက်ပဲ စဖို့နောက်ဖို့ပြောပြီး နေခဲ့တဲ့ကောင်ပေါ့)

အဲ့တော့ အဲဒီကတ်ပြားခုနှစ်ရွက်ကို မြင်တိုင်း ကျွန်တော် ဂုဏ်ယူစရာလို့ဘယ်တော့မှ မအောက်မေ့သလို ရအောင်ကြိုးစားဖို့လည်း တစ်ခါမှ မတွေးမိခဲ့ဖူးဘူး။ ဒီခုနှစ်ချပ်ရဖို့ ကျွန်တော့်ရဲ့ ဘောလုံးတွေ၊ သေနတ်တွေ၊ ကာတွန်းတွေနဲ့ လဲခဲ့ရတယ်လို့ပဲ ကျွန်တော်သတ်မှတ်ပြီး အကြွေးမရလို့ ငါးပိချက်သိမ်းလာရသလို ထူးချွန်ပြောင်မြောက်ပါတယ်လို့ သတ်မှတ်နေမှာမဟုတ်ဘူး။ ဖြစ်နိုင်ရင် အဲ့ခုနှစ်ချပ်လုံး ကျောင်းကိုပြန်အပ်ပြီး ကျွန်တော်ကစားလိုက်ချင်သေးတယ်။ မှန်ဘောင်ကြီးနဲ့မြင်နေရတာကိုက ကိုယ့်အနာကိုကိုယ်အပ်နဲ့ဆွရသလို ကိုယ့်နာရွတ်ကိုယ်ပြန်တံတွေးဆွတ်နေရသလို ပါပဲ။

အခုလည်း ကျောင်းပိတ်ရက်မှာ စာထိုင်ကျက်နေရတဲ့ကလေးတွေကို မြင်ရင် ကျွန်တော်ပြုံးမိတယ်။ ငါ့လိုကလေးတွေပါလားလို့လေ။ အေးကျက်ကြဦးပေါ့ကွာ။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။