တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ ရေပေါ်ဆီပြဿနာနဲ့ ဆယ်လီသန္ဓေတွေ ကြုံလာရပါတယ်။ ‌ဆရာမောင်ချောနွယ်က ရေးခဲ့ဖူတယ်။ “ဘဝမှာနှစ်ခုပဲလိုတယ်၊ ရန်သူစစ်စစ်နဲ့ မိတ်ဆွေစစ်စစ်” တဲ့။ တော်လှန်ရေးမှာလည်း ရန်သူစစ်စစ်၊ မိတ်ဆွေစစ်စစ် ရှိဖို့လိုသလို တစ်ဖက်မှာလည်း ရန်သူလိုလို မိတ်ဆွေလိုလိုတွေကို သတိထားဖို့လိုပါတယ်။ ရေပေါ်ဆီနဲ့ ဆယ်လီသန္ဓေများလာတာဟာ တော်လှန်ရေးအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။

၁။ ရေပေါ်ဆီ ရေပေါ်ဆီလို့ ဆိုလိုက်တာဟာ တောထဲမှာ လက်နက်သွားမကိုင်တဲ့လူတွေကို ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော်တို့ လူငယ်တော်တော်များများဟာ ပညာတတ်ဓနရှင်ပေါက်စ (အီလစ်) တွေ ဖြစ်ကြတဲ့အတွက် ရေပေါ်ဆီဉာဉ် ရှိပါတယ်။ ဒီလို အီလစ်ချင်းအတူတူကို နှစ်ပိုင်းထပ်ခွဲပြီး ကျွန်တော်တို့ မြင်နိုင်တယ်။ ပထမတစ်ပိုင်းက အပြည့်အဝရေပေါ်ဆီ၊ ဒုတိယတစ်ပိုင်းက cool kid ရေပေါ်ဆီပါပဲ။

အပြည့်အဝရေပေါ်ဆီတွေကတော့ သာမာန်အခြေအနေမှာ နေထိုင်ရသလိုမျိုး စစ်အာဏာရှင်စနစ်အောက်မှာလည်း နေထိုင်ကြတဲ့၊ နေစိမ့်ကြတဲ့ သူတွေပါပဲ။ သူတို့အနေနဲ့ အာဏာသိမ်းထားတယ်ဆိုတာ သညာသိလောက်ပဲရှိပြီးတော့ လက်တွေ့ဘဝမှာ အေးရာအေးကြောင်း ဖြတ်သန်းနေကြတာပါပဲ။ တစ်ခါတစ်လေ စိတ်ပါရင် # tag ကလေးနဲ့ တင်ချင်တင်မယ်။ post နှစ်ခုလောက် share မယ်။ ပြီးရင် သာမာန်အတိုင်း နေမြဲ၊ စားမြဲ၊ သွားမြဲ ပါပဲ။ အပြည့်အဝရေပေါ်ဆီတွေကတော့ တော်လှန်ရေးအပေါ် အများကြီး သက်ရောက်နိုင်မှု မရှိဘူး။ တော်လှန်ရေးအတွက် အထောက်အကူလည်း အများကြီးမပြုသလို၊ ဆိုးကျိုးလည်း အများကြီးမပေးပါဘူး။

ဒုတိယတစ်ပိုင်းက cool kid အီလစ်တွေပါ။ သူတို့ဟာ များသောအားဖြင့် အာဏာသိမ်းမှ နိုင်ငံရေးပေါ် ခြေချမိကြတဲ့သူတွေ များပါတယ်။ ဒီလိုဆိုပေမယ့် အခုမှ အခြေချတဲ့သူတိုင်းဟာ နိုင်ငံရေးနားမလည်ဘူးလို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ ဒီပြဿနာအများစုဖြစ်တာက အကြော်သည်လို့ခေါ်ကြတဲ့ အကသပတ်ဝန်းကျင်မှာ ပိုတွေ့ရပါတယ်။ (ဒီလိုပြောလို့ အကသတွေ နာချင်လည်း နာကြလိမ့်မယ်။ မတတ်နိုင်ပါ။ အရှိအတိုင်းပါပဲ။) အကသတွေအများစုဟာ တော်လှန်ရေးကာလမှာ စပေါ်လာတာ များကြပါတယ်။ အချို့အကသတွေ တကယ်တော်ပါတယ်။ အဲ့ဒီအထဲကမှာ အချို့ကတော့ တော်တော်ဆိုးဝါးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဘာလို့လဲ။ ပထမတစ်ချက်က နိုင်ငံရေးအတွေးအခေါ် နပ်မမှန်တာပါပဲ။ သူတို့ သူငယ်တန်းကနေ ဆယ်တန်းအထိ သမိုင်းအမှားတွေ သင်ခဲ့ရတယ်။ ပဒေသရာဇ်ဆန်တဲ့ ပညာရေးအသိုင်းအဝိုင်းမှာ ကြီးပြင်းလာကြရတယ်။ ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီးကျောင်း ပတ်ချာရိုက်နေခဲ့တာဖြစ်တဲ့မတွက် ပြင်ပစာဖတ်တာ အတော်နည်းခဲ့ပါတယ်။ တစ်ခါ နိုင်ငံရေးစာအုပ်၊ ဝါဒရေးရာစာအုပ်၊ သမိုင်းရေးရာစာအုပ်တွေနဲ့ မနီးစပ်ခဲ့ကြဘူး။ မာဏာသိမ်းပြီးတဲ့နောက်မှာ အကသတွေ အပြိုင်အဆိုင် ထူထောင်ကြတဲ့အခါ မကျေနပ်တဲ့စိတ်နဲ့ ပူးပေါင်းလာကြတာ များပါတယ်။ ဒီလို ပူးပေါင်းလာတဲ့အခါ အချို့တွေ CEC နေရာ ရလာကြတယ်။ အချို့လုပ်ငန်းတွေမှာ အားထည့်ပြီး ဆောင်ရွက်လာကြတယ်။ ဒီနေ့ရာမှာ အချို့ကျောင်းသားတွေ (ကျောင်းသူကပိုများမယ်လို့ ထင်ပါတယ်။) ဟာ လေ့လာရေး မလုပ်ကြတဲ့ပြဿနာ ပေါ်လာတယ်။ နိုင်ငံရေးမှာ ရပ်တည်ဖို့ဆိုတာဟာ ကျောရိုးလိုပါတယ်။ ကျောရိုးခိုင်မှ ပိလာတဲ့ဒဏ်တွေကို တောင့်ခံနိုင်မှာ ဖြစ်တယ်။ အကသအချို့နဲ့ ပုဂ္ဂိုလ်ရေးရင်းနီးတဲ့အလျောက် စကားပြောကြည့်တဲ့အခါမှာ အချို့ကျောင်းသားတွေ တော်တော်ထက်မြက်တာကို တွေ့ရပေမယ့် အချို့ကတော့ တကယ့်ဝမ်းနည်းဖွယ်ပါပဲ။ အကသရဲဘော်တစ်ယောက်က ကျွန်တော့်ကို ပြောဖူးပါတယ်။ “သူဌေးသားသမီးတွေက အိမ်ထဲကအိမ်ပြင်လည်းမထွက်၊ အလုပ်လည်းမလုပ်၊ အွန်လိုင်းမှာလှုပ်စိလှုပ်စိဗီဒီယိုတင်ပြီး သာယာနေကြတာ။ ဝေဖန်ရေးပေးတော့လည်း မကြိုက်ဘူး” တဲ့။ ပကတိအမြင်အရ (၁၅)၊ (၁၆) အရွယ်ဟာ အင်မတန် ငယ်တဲ့အရွယ်ဖြစ်တယ်။ နုနယ်တဲ့အရွယ်ဖြစ်တယ်။ အထူးသဖြင့် ကျောင်းသားတွေက ပိုနုကြတယ်။ ဒါပေမယ့် ဉာဏ်ရည်အရ လေ့လာဖို့ သင့်တော်တဲ့ကာလဖြစ်တယ်။ ချေပြောတဲ့စကားနဲ့ပြန်ပြောရရင် “The first duty of revolution is to be educated.” ဖြစ်တယ်။ ဝမ်းစာဖြည့်ကြဖို့လိုတယ်။

တော်လှန်ရေးမှာ အပိုင်း (၂) ပိုင်းနဲ့ ကူညီလို့ ရတာဖြစ်တယ်။ တစ်ခုက ကာယအလုပ်။ နောက်တစ်ခု ဉာဏအလုပ်ဖြစ်တယ်။ ဝါဒရေးရာနဲ့ တော်လှန်ရေးကို အများကြီး အထောက်အကူပြုလို့ရတယ်။ ကမ္ဘာ့တော်လှန်ရေးသမိုင်းကို ပြန်ကြည့်ရင်လည်း ဝါဒရေးနဲ့ အထောက်အကူပြုပေးခဲ့တဲ့သူတွေ အများကြီးပါပဲ။ များသောအားဖြင့် မိဘတွေက ချုပ်ချယ်တာ ကြုံရတတ်ပါတယ်။ အပြင်မထွက်ရတာတို့ ဘာတို့ပေါ့။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံရရင် ဝါဒရေးရာလေ့လာပြီး တော်လှန်ရေးကို အကျိုးပြုဖို့ သင့်ပါတယ်။ ကျွန်တော်လည်း ကြုံခဲ့ရဖူးပါတယ်။ အာဏာသိမ်းစက ကျွန်တော် မိုင် (၁၀၀) ကျော်အထိ အိမ်ပြေးပြီး ဆန္ဒပြခဲ့ဖူးပါတယ်။ နောက် ကရင်ရောက်တဲ့အထိ ကျွန်တော်အိမ်ကနေ ပြေးခဲ့ပါတယ်။ ကျွန်တော့်လို ပြေးမရတဲ့သူတွေဟာ အိမ်မှာပဲနေပြီ ဝါဒရေးရာနဲ့ တော်လှန်ရေးကို အကျိုးပြုသင့်ပါတယ်။ အဖွဲ့အစည်းတစ်ခုကို ဝင်တယ်ဆိုရင် ဝင်ရုံနဲ့ ရပ်သွားတာမျိုး မဟုတ်ပါဘူး။ အဲ့ဒီအဖွဲ့အစည်းနဲ့ဆက်စပ်ပြီး တာဝန်နဲ့ ဝတ္တရားဆိုတာ အလိုလိုကပ်ပါလာခဲ့ပြီးသား ဖြစ်တယ်။ ဒါ့ကြောင့် ဒီတာဝန်နဲ့ဝတ္တရားကျေမှ အဖွဲ့အစည်းဝင်အဖြစ် လိပ်ပြာလုံထိုက်တယ်။ အဖွဲ့အစည်းတော့ တင်ထားပါရဲ့ ဘယ်ရှုထောင့်ကမှ အကျိုးမပြုရင်တော့ အလကားပါပဲ။ ကိုရှာရှစ်ကို မသိတဲ့၊ ပထမကျောင်းသားသပိတ်၊ ဒုတိယကျောင်းသားသပိတ်ကို မသိတဲ့ ဥက္ကဋ္ဌတစ်ယောက်နဲ့ ကြုံဖူးပါတယ်။ ဒါဟာ မဖြစ်ထိုက်ဘူးလို့ ယူဆမိတယ်။ ဒါ့ကြောင့် လေ့လာရေးလုပ်ကြပါ။ ဝါဒရေးရာအရ အကျိုးပြုကြပါလို့ အထူးတလည် တိုက်တွန်းလိုပါတယ်။

၂။ ဆယ်လီသန္ဓေ တော်လှန်ရေးကာလမှာ တော်လှန်ရေးဆယ်လီဖြစ်လိုတဲ့သူ တော်တော်များများကို တွေ့နေရပါတယ်။ ဆယ်လီက မလိုဘူးလားဆို လိုပါတယ်။ ပြည်သူလူထုကို စည်းရုံးတဲ့နေရာမှာ ဆယ်လီလိုပါတယ်။ ဝါဒဖြန့်တဲ့အခါ ဆယ်လီလိုပါဆယ်။ ပုဂ္ဂိုလ်ခင်ရင် တရားမင်တယ်ဆိုတဲ့အတိုင်း ပြည်သူလူထုရဲ့ ထောက်ခံမှုရလာတာနဲ့အမျှ သူ့ရဲ့ဝါဒဖြန့်မှုက လွှမ်းမိုးလာတတ်ပါတယ်။ ဒီနေရာမှာ ခင်ဗျားရော နာမည်မကြီးချင်ဘူးလားလို့ မေးမယ်ဆိုရင် စောက်ရမ်းကြီးချင်ပါတယ်။ နာမည်ကြီးလာတာနဲ့အမျှ ဝါဒဖြန့်မှုက ပိုအောင်မြင်လာတာပါပဲ။ တစ်ခေတ်တစ်ခါက လက်ဝဲဝါဒဘာလို့ အားကောင်းလာခဲ့သလဲဆိုတာ ပြန်သုံးသပ်ရင် ဒိတ်ဒိတ်ကျဲ စာရေးဆရာတွေက လက်ဝဲ‌ဝါဒီတွေ ဖြစ်ခဲ့လို့ပါပဲ။ အဲ့ဒီခေတ်က ဝါဒဖြန့်ကိရိယာက စာအုပ်စာတမ်းကိုး။ အခုခေတ်မှာတော့ social media platform မျိုးစုံပေါ်လာတဲ့အတွက် ဝါဒဖြန့်စရာ များလာတယ်။ ဒီအတွက် နည်းမျိုးစုံသုံးပြီး ဝါဒဖြန့်ကြဖို့ လိုပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်၊ ဝါဒတစ်ရပ်မှာ Public figureနဲ့ ပေါ်လစ်ဗျူရိုဆိုပြီး ရှိတတ်ကြပါတယ်။ Public figure ရဲ့ image ကိုသုံးပြီး ပေါ်လစ်ဗျူရိုက ဝါဒဖြန့်ကြတာ များပါတယ်။ ဒါမှလည်း လူထုကြား အမြန်စိမ့်ဝင်ပြီး လူထုကို စည်းရုံးနိုင်မှာပါ။ လက်ရှိကာလမှာ နာမည်ကြီးတဲ့ ပန်ဆယ်လို၊ မျိုးရန်နောင်သိမ်းတို့ဟာ လူထုရဲ့ ထောက်ခံမှု တစ်နေရာ ရရှိနေတဲ့အတွက် သူတို့ရဲ့ ဝါဒဖြန့်ကျက်မှုဟာ အတော်အားကောင်းပါတယ်။ ဒါပေမယ့် သူတို့ဝါဒဖြန့်မှုဟာ တကယ့်ကို အဆင့်အတမ်းမရှိတဲ့ ပေါက်လွှတ်ပဲစားတွေပါပဲ။ ဒါကို လိုက်ပြီး တိုက်ဖျက်ဖို့ ကြိုးစားကြတဲ့အခါ image ချင်း မယှဉ်နိုင်တဲ့ပြဿနာ ပေါ်လာတယ်။ လူထုအများစုက သူတို့နောက် လိုက်နေကြမြဲပဲ။

တစ်ခါ လက်နက်ကိုင်ဖို့ တောတွင်းရောက်လာတဲ့သူတွေဟာလည်း သေနတ်လေးတပြပြနဲ့ လူထုယုံကြည်မှု တစ်နေရာရဖို့ ကြိုးစားလာကြတယ်။ အဲ့ဒီမှာ မဖြစ်သင့်တဲ့ ပြဿနာတွေ ဖြစ်လာတယ်။ တော်လှန်ရေးမှာ ပြောသင့်တဲ့ကိစ္စနဲ့ မပြောသင့်တဲ့ကိစ္စဆိုတာ ရှိပါတယ်။ ဒါပေမယ့် ခုနက လူတွေကတော့ ယုံကြည်မှုတည်ဆောက်ဖို့ ကြိုးစားတဲ့အခါ မပြောသင့်တဲ့ ကိစ္စတွေကို ထုတ်ပြောမိလို့ ပြဿနာတက်ရတာတွေ ရှိပါတယ်။ ဆိုပါစို့ ကျွန်တော်တို့ကို ဘယ်အဖွဲ့အစည်းတွေက ကျောထောက်နောက်ခံပေးနေပါတယ် ဆိုတာမျိုးပေါ့။ အဲ့လိုပြောလိုက်တဲ့အခါ ခုနက အဖွဲ့တွေက စကစရဲ့ အဖိအထောင်းဒဏ်ကို ခံရပါတော့တယ်။ နောက်တစ်ခုက အလွယ်တစ်ကူတည်ထောင်ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေပေါ့။ ဒီကာလမှာ လက်နက်ကိုင်အဖွဲ့တွေ ဟိုတစ်ဖွဲ့ဒီတစ်ဖွဲ့တင်မက တစ်နေရာကို လေးငါးခြောက်ဖွဲ့အထိတောင် ပေါ်လာကြတယ်။ အချို့ဆိုရင် သင်တန်းတောင် မစရသေးဘဲ online မှာ page ကြီးထွက်လာတယ်။ အဲ့လိုဖြစ်တဲ့အခါမှာ လူသူလက်နက်မလုံလောက်မှုပြဿနာက ပေါ်လာပါတော့တယ်။ လက်နက်ရောင်းဝယ်တယ်ဆိုတဲ့ကိစ္စမှာ အရပ်ထဲမှာ နေကြာစေ့ဝယ်သလို မလွယ်ပါဘူး။ တစ်နေရာကနေ တစ်နေရာသယ်ယူဖို့ဆိုတာ ခဲရာခဲစစ် သယ်ကြရတယ်။ မိသွားရင်လည်း အချီကြီး ရှုံးတာပါပဲ။ နောက်တစ်ခုက ရေတိုစစ်သင်တန်းက အလုံးစုံမပြီးပါဘူး။ များသောအားဖြင့် (၁၄) ရက်သင်တန်းတွေ များတယ်။ ခလုတ်နှိပ်တတ်ရုံသင်ပြီး ဌာနေပြန်တာ များတယ်။ အဲ့ဒီအခါ စစ်ရေးဗျူဟာအရ တစ်ဖူနာတဲ့ပြဿနာပါပဲ။ ဗျူဟာကျကျ စစ်လှုပ်ရှားမှု ထွက်မလာတော့ဘူးပေါ့။ အချုပ်ဆိုချင်တာကတော့ ဆယ်လီဖြစ်ချင်တာက ပြဿနာမဟုတ်ပေမယ့် ဆယ်လီဖြစ်ချင်လို့ ကြိုးစားမှုရဲ့ နောက်ကနေ ပေါ်လာမယ့် အကျိုးဆက်ကို မြင်ထားဖို့ လိုတယ်ဆိုတာပါပဲ။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။