နိုင်ငံတစ်ခုကို ဖွဲ့စည်းတဲ့အခါမှာ ယေဘုယျအနေနဲ့ ပုံစံ (၃) မျိုးရှိတယ်။
(က) တစ်ပြည်ထောင်စနစ် (Unitary System)
(ခ) ပြည်ထောင်စုစနစ် (Federalism)
(ဂ) ကွန်ဖက်ဒရိတ်စနစ် (Confederation)
တစ်ပြည်ထောင်စနစ်ကတော့ ရှင်းပါတယ်။ နိုင်ငံမှာ အစိုးရ တစ်ခုပဲရှိမယ်။ အဲဒီအစိုးရကပဲ နိုင်ငံတော်အာဏာတစ်ခုလုံးကို ကိုင်တွယ်မောင်းနှင်မယ်။ ဥပမာ စင်္ကာပူပေါ့။
နောက်တစ်ခုက ပြည်ထောင်စုစနစ်။ ပြည်ထောင်စုစနစ်ကို လွယ်လွယ်အဓိပ္ပာယ်ဖွင့်ရင် ပြည်ထောင်တွေကို စုထားတာပါ။ အပေါ်မှာပြောခဲ့တဲ့ တစ်ပြည်ထောင်စနစ်နဲ့ ရှိနေတဲ့ နိုင်ငံတွေ သဘောတူပေါင်းစည်းပြီး ကိုလိုနီလုပ်တာမျိုးမဟုတ်ဘဲ စုစည်းလိုက်တာပါ။ အဲ့လို စုစည်းလိုက်တဲ့အခါ ပြည်ထောင်/နိုင်ငံတွေက ပြည်ထောင်စုဝင် ပြည်နယ်တွေ ဖြစ်သွားတာပါပဲ။ အဲ့လိုဖြစ်သွားတဲ့အခါ အရင်တစ်ပြည်ထောင်စနစ်က နိုင်ငံတော်အာဏာကို အဲ့ဒီပြည်ထောင်/နိုင်ငံရဲ့ အစိုးရက ကိုင်စွဲသုံးတာကနေ စုလိုက်တဲ့ပြည်ထောင်/နိုင်ငံတွေက စုပေါင်းသုံးတဲ့စနစ်ဖြစ်သွားတယ်။ အဲ့တော့ ပြည်ထောင်စုစနစ်ရဲ့ အာဏာသုံးစွဲမှုက အာဏာမျှဝေခြင်း (Sharing Power) စနစ်ပေါ့။
အဲ့ဒီလို အာဏာမျှဝေတဲ့အခါမှာ အစိုးရနှစ်ရပ်ပေါ်လာတယ်။ တစ်ခုက ပြည်ထောင်စုအစိုးရ၊ တစ်ခုက ပြည်နယ်အစိုးရ။ အဲ့လို အစိုရနှစ်ခုဖြစ်တဲ့အတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃) ရပ်က နှစ်ခုစီကွဲသွားတယ်။ အုပ်ချုပ်ရေးမှာလည်း ပြည်ထောင်စုအုပ်ချုပ်ရေးမဏ္ဍိုင် (ပြည်ထောင်စုအစိုးရ) ၊ ပြည်နယ်အုပ်ချုပ်ရေးမဏ္ဍိုင် (ပြည်နယ်အစိုးရ) ၊ ဥပဒေပြုရေးမှာလည်း ပြည်ထောင်စုဥပဒေပြုရေးမဏ္ဍိုင် (ပြည်ထောင်စုလွှတ်တော်) ၊ ပြည်နယ်ဥပဒေပြုရေးမဏ္ဍိုင် (ပြည်နယ်လွှတ်တော်) ၊ တရားစီရင်ရေးမှာလည်း ပြည်ထောင်စုတရားစီရင်ရေးမဏ္ဍိုင် (ပြည်ထောင်စုတရားရုံးချုပ်) ၊ ပြည်နယ်တရားစီရင်ရေးမဏ္ဍိုင်မှာလည်း (ပြည်နယ်တရားရုံးချုပ်) ဒီလို နှစ်ခုစီဖြစ်လာမယ်။
ကွန်ဖက်ဒရိတ်စနစ်မှာကျတော့ သီခြားစီလွတ်လပ်တဲ့ ပြည်ထောင်/နိုင်ငံတွေကို စုစည်းတယ်။ ဖယ်ဒရယ်စနစ်လို အာဏာကို ခွဲဝေသုံးစွဲတာမဟုတ်ဘဲနဲ့ ပြည်နယ်တွေကပဲ အာဏာကို အဓိကချုပ်ကိုင်ပြီး ဗဟိုကွန်ဖယ်ဒရိတ်အစိုးရကို အာဏာအနည်းအကျဉ်းပဲပေးတဲ့စနစ်ဖြစ်ပါတယ်။
ဖယ်ဒရယ်အကြောင်းပြောရင် သူနဲ့စပ်ရာနှစ်ခုကိုပြောဖို့ ဘိုလာပါလိမ့်မယ်။ တစ်ခုကတော့ တစ်ပြည်ထောင်စနစ် (unitary system) ပါ။ တစ်ပြည်ထောင်စနစ်မှာတော့ ဗဟိုအစိုးရက အာဏာအကုန်လုံးကို ချုပ်ကိုင်ပြီးတော့ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေ၊ နယ်မြေတွေကို အာဏာအနည်းငယ် ခွဲပေးတယ်။ နောက်တစ်ခုကတော့ ကွန်ဖယ်ဒရိတ်စနစ် (confederate system) ပေါ့။ သူ့မှာကျတော့ ပြည်နယ်အစိုးရတွေက အာဏာအကုန်လုံးနီးပါးကို ချုပ်ကိုင်ပြီးတော့ ဗဟိုအစိုးရက အာဏာသေးသေးလေးပဲ ချုပ်ကိုင်နိုင်တယ်။ ဖယ်ဒရယ်စနစ်မှာတော့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကြားမှာ အာဏာခွဲဝေတယ်။ ဖယ်ဒရယ်စနစ်တိုင်းမှာတော့ အာဏာခွဲဝေတဲ့ ပုံစံချင်းမတူကြဘူး။ ဒါပေမယ့် ဝိသေသလက္ခဏာတွေ ရှိတယ်။
ပထမတစ်ခုက ရေးဆွဲပုံနှိပ်ထားတဲ့ ခြေဥအနည်းဆုံးတစ်ခုရှိရမယ်။ ဆိုတော့ ဖယ်ဒရယ်နိုင်ငံတစ်ခုမှာ အနည်းဆုံးပြည်ထောင်စုခြေဥ ရှိရမယ်။ ပြည်နယ်ခြေဥက ဆွဲတဲ့နိုင်ငံလည်းရှိတယ်၊ မဆွဲတဲ့နိုင်ငံလည်းရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုခြေဥက ရှိရမယ်။ အဲ့ဒီခြေဥကလည်း ဖယ်ဒရယ်စနစ်နဲ့အညီ ဖြစ်ရမယ်။ ပြည်နယ်ခြေဥဆွဲတာနဲ့မဆွဲတာက ဘာကွာသလဲဆိုတော့ နီးတာဝေးတာ ကွာတယ်။ ဘယ်လိုလဲဆိုရင် ပြည်နယ်ခြေဥရှိရင် ပြည်နယ်‌နဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တစ်ခုခုကို ပြင်ဆင်ချင်ရင် ပြည်နယ်လွှတ်တော်မှာ ပြင်ဆင်လို့ရတယ်။ မရှိရင်တော့ ပြည်ထောင်စုအဆင့်ထိ တက်ပြင်ရတယ်။ အဲ့ဒီလိုတွေအခါကျရင် အခြားပြည်နယ်က ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်က လွှမ်းမိုးမှုရှိမယ်။ အချို့နိုင်ငံတွေမှာတော့ ခြေဥပါ ပြည်နယ်ဆိုင်ရာ ကဏ္ဍတွေကို ပြည်နယ်လွှတ်တော်ကို အပ်တယ်ဆိုတဲ့ ပြဋ္ဌာန်းတာ‌ရှိတယ်။
နောက်တစ်ခုက အစိုးရနှစ်ရပ်ပါ။ အစိုးရဟာ နှစ်ဆင့်မဟုတ်ဘူး။ နှစ်ရပ်ဖြစ်တယ်။ ပထမအစိုးရတစ်ရပ်က ပြည်ထောင်စုအစိုးရ၊ နောက်တစ်ရပ်က ပြည်နယ်အစိုးရ။ နှစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး။ ဒေသန္တရအစိုးရ ရှိသေးတယ်။ ဒါပေမယ့် အဓိကအားဖြင့် အစိုးရနှစ်ရပ်ပဲ။ အဲ့ဒီအစိုးရနှစ်ရပ်ကြားမှာ အာဏာခွဲဝေမှု (Sharing the power) ရှိမယ်။ ဘယ်လိုလဲဆိုတော့ ပြည်ထောင်စုတစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စ‌တွေ ဥပမာ အချိန်အတွယ်၊ ဆက်သွယ်ရေး ဒီလိုကိစ္စတွေကို ပြည်ထောင်စုအစိုးရက ဦးစီးမယ်။ ပြည်နယ်တွေကကျတော့ ပြည်နယ်ဆိုင်ရာ ကိစ္စရပ်တွေကို ကိုင်တွယ်မယ်။ ပြည်နယ်ရော အစိုးရပါ ပူးတွဲကိုင်တွယ်တဲ့ အာဏာမျိုးရှိမယ်။ ကြွင်းကျန်အာဏာတစ်ခုရှိမယ်။
အစိုးရနှစ်ရပ်ရှိတဲ့အခါ ဝန်ကြီးဌာနလည်း နှစ်ရပ်စီဖြစ်လာမယ်။ အဲ့ဒီအခါမှာ ပြည်ထာင်စုဝန်ကြီးရှိလာမယ်။ ပြည်နယ်ဝန်ကြီးတွေ ရှိလာမယ်။ အဲဒီအခါမှာ ဝန်ကြီးဌာနနှစ်ခုကြား ဆက်သွယ်ရေးလိုလာပြီ။ ပညာရေးဝန်ကြီးဌာနဆိုပါစို့။ ပညာရေးဝန်ကြီးများကော်မတီလိုမျိုး တစ်ခုလိုလာမယ်။ လွှတ်တော်နှစ်ရပ်ရှိရမယ်။ တစ်ခုက အထက်လွှတ်တော်ပေါ့။ အထက်လွှတ်တော်ဟာ လူမျိုးစုကို ကိုယ်စားပြုရမယ်။ လူမျိုးစုကို ကိုယ်စားပြုရတာဖြစ်လို့ အထက်လွှတ်တော်ရဲ့တာဝန်ဟာ လူမျိုးအသီးသီးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကာကွယ်ဖို့ပဲ။ အထက်လွှတ်တော်မှာ ဗီတိုသုံးခွင့် ရှိတယ်။ ဆိုတော့ အထက်လွှတ်တော်ကို ကိုယ်စားလှယ်စေလွှတ်တဲ့အခါ ပြည်နယ်တိုင်းက တူညီတဲ့ကိုယ်စားလှယ်အရေအတွက်နဲ့ စေလွှတ်တာက အကောင်းဆုံးလို့ ထင်မိတယ်။
အထက်လွှတ်တော်ဟာ အောက်လွှတ်တော်ကို ထိမ်းကျောင်းဖို့ဖြစ်တယ်။ အောက်လွှတ်တော်က လူဦးရေအချိုးအစားမလိုက် ကိုယ်စားလှယ်အရေအတွက် ထားရှိတာဖြစ်လို့ လူဦးရေအရ များတဲ့ပြည်နယ်က အောက်လွှတ်တော်မှာသာနေမယ်။ ဒီမိုကရေစီအနိုင်ကျင့်မှုဖြစ်လာမယ်။ အဲ့‌ဒါကို အထက်လွှတ်တော်ကနေ ပြန်ထိန်းဖို့ဖြစ်တယ်။ ၄၇ ခြေဥမှာက အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်ကိုပါ လူဦးရေအရ ရွေးကောက်တယ်။ အဲဒီမှာ အမျိုးသားတန်းတူရေးပျက်ပြီး ဗမာလူမျိုးကြီးဝါဒ စတာပါပဲ။ ‌အထက်လွှတ်တော်မှာ ပိုသာတဲ့အာဏာရပိုင်ခိုင့်ရှိရမယ်။ ဥပမာ စစ်ကြေညာခွင့်မျိုး၊ နိုင်ငံတကာသဘောတူညီမှုဆိုင်ရာ ဆုံးဖြတ်ခွင့်မျိုးပေါ့။ ဒါဟာ ဒီမိုကရေစီရင့်သန်ဖို့ပဲဖြစ်တယ်။
နိုင်ငံတွေ ဖယ်ဒရယ်စနစ်ကို ရွေးချယ်ကြတာဟာ အဓိကအားဖြင့် နိုင်ငံရေးခေါင်းဆောင်များရဲ့ ရွေးချယ်မှု (ဥပမာ-မြန်မာနိုင်ငံ)၊ ပြည်တွင်းပဋိပက္ခကြောင့် ရွေးချယ်မှုနဲ့ ပိုကောင်တဲ့အုပ်ချုပ်ရေးစနစ်လို့ ထင်လို့ရွေးချယ်မှုတို့ပဲဖြစ်တယ်။ နိုင်ငံရေးခေါင်းဆောင်များရဲ့ ရွေးချယ်မှုက မြန်မာနိုင်ငံလိုမျိုးပေါ့။ ကိုလိုနီခေတ်နှောင်းပိုင်းမှာ တောင်တန်းဒေသကို မြန်မာပြည်မနဲ့ ခွဲခြားဖို့ ကြံစည်တဲ့အတွက် နိုင်ငံရေးခေါင်းဆောင်တွေက ဖယ်ဒရယ်စနစ်ကို ရွေးချယ်ခဲ့တာဖြစ်တယ်။ နေက်မှာတော့ ပြည်ထောင်စုနဲ့လမ်းလွဲတယ်။ ဒါ့ကြောင့် ပြည်တွင်းပဋိပက္ခဖြစ်တယ်။ ဒီလိုနဲ့ ဖယ်ဒရယ်ကို ပြန်ရွေးချယ်တယ်။ ပိုကောင်းတဲ့ အုပ်ချုပ်မှုစနစ်က ဘယ်လိုလဲဆိုတော့ အချို့နိုင်ငံတွေက တစ်ပြည်ထောင်စနစ်နဲ့သွားနေပေမယ့် ဒီမိုကရေစီအနိုင့်ကျင့်မှုဖြစ်မှာကို မလိုလားလို့ ဖယ်ဒရယ်စနစ်ကို ရွေးချယ်တာတွေရှိတယ်။
ဖယ်ဒရယ်စနစ်ဟာ ဘယ်လိုမျိုဆိုပြီး တိကျတဲ့ ပုံသေကားချပ်မရှိပေမယ့် အခြေခံအားဖြင့် ဖယ်ဒရယ်စနစ်တစ်ခုမှ ညီညွတ်ရမယ့်မူတွေ ရှိပါတယ်။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အရ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုစနစ်ဟာ လွတ်လပ်ရေးရအပြီးမှာ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ ဒါ့ကြောင့် ၁၉၆၂ ဝန်းကျင်ကာလမှာ တောင်ကြီးညီလာခံပေါ်လာပြီး အစိုးရနဲ့ တိုင်းရင်းသားတွေကြား ဆွေးနွေးပွဲ ပေါ်ပေါက်လာခဲ့တယ်။ အဲ့လို ဆွေးနွေးကြတဲ့အချိန်မှာပဲ ဖက်ဒရယ်ဟာ ပြည်ထောင်စုကိုပြိုကွဲစေတယ်ဆိုပြီး ဗိုလ်နေဝင်းက အာဏာသိမ်းလိုက်ပါတယ်။ အဲ့ဒီကစပြီး ဖက်ဒရယ်စနစ်နဲ့ ဝေးခဲ့ရတာပါပဲ။ ၉၀ ခုနှစ်နောက်ပိုင်းမှာ မာနယ်ပလောစာချုပ်၊ မယ်ရောသထားသဘောတူညီချက်တွေ ပေါ်လာခဲ့ပေမယ့် စစ်ကျွန် ၂၀၀၈ ခြေဥကြောင့် လှုပ်ရှားမှုမှန်သမျှဟာ ‌သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်၊ နွေဦးတော်လှန်ရေးကာလမှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့တကွ ဖက်ဒရယ်လှုပ်ရှားမှုပါ တစ်ခါပြန်ပေါ်လာခဲ့ပါတယ်။ နွေဦးတော်လှန်ရေး ဒီမိုကရေစီနဲ့ ဖက်ဒရယ်ရေးလှုပ်ရှားမှုအောင်မြင်ဖို့ စိတ်ရည်သန်ပါကြောင်း။

#မြတ်မင်းမောင်မောင်

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။