ကွန်မြူနစ်တွေမှာ လုပ်ဟန်အမှားတွေ ရှိခဲ့တယ်။ ဒါဟာ လက်ဝဲအယူရှိသူတွေ ဝန်ခံထားပြီးသားပါပဲ။ ဒီအမှားတွေထဲကမှ သေးသေးမွှားမွှားအမှားတွေ ရှိခဲ့သလို ကြီးကြီးမားမား အမှားတွေလည်း ရှိခဲ့ဖူးပါတယ်။ စာကလေးအရေးတော်ပုံကတော့ အမှားထဲက တစ်ခုပေါ့။

စာကလေး၊ ကြွက်၊ ခြင်၊ ယင် အမြစ်ဖြတ်ရေးစီမံကိန်းဟာ တရုတ်ပြည်ရဲ့ မဟာခုန်ပျံကျော်လွှား အရေးတော်ပုံရဲ့ ပထမဆုံးလှုပ်ရှားမှုထဲမှာ ပါဝင်ပါတယ်။ အဓိကအားဖြင့် စာကလေးပေါ့။ စာကလေးတွေကို သတ်ဖို့ တစ်နိုင်ငံလုံးပါဝင်ကြရပြီးတော့ မျိုးတုန်းလုမတတ် ပစ်ကြ ခတ်ကြ သတ်ကြတာပေါ့။ အဲ့လိုသတ်ရတဲ့ အဓိက အချက်ကတော့ စာကလေးတွေဟာ ကောက်ပဲသီးနှံ‌တွေကို အများအပြား စားကြတယ်၊ ဒါက လူတွေအတွက် ရှားပါးမှု ဖြစ်စေတယ်ဆိုတာပါပဲ။ ဒီလို စီမံကိန်းချလိုက်တဲ့အခါ ဘာ‌တွေဖြစ်လာသလဲဆိုတာ ကြည့်ကြရအောင်ပါ။

ဂေဟစနစ်ပျက်ဆီးခြင်း

စာကလေးတွေ မျိုးတုန်းလုမတတ်ဖြစ်သွားတဲ့အခါ ဂေဟစနစ်ပျက်ဆီးမှု စပေါ်လာပါတယ်။ အစာကွင်းဆက်ပျက်ဆီးတဲ့အတွက် လယ်ယာတွေမှာ ကျတတ်တဲ့ ပိုးမွှားတွေကို စားသုံးတဲ့ စာကလေးတွေ မရှိတော့တဲ့အတွက် ပိုးကျတာ ပိုများလာခဲ့တယ်။ ဂေဟာချိန်ခွင်ဟာ စာကလေးအရေအတွက်နဲ့ ပိုးမွှားကျရောက်မှု ညီမျှနေလို့ အရင်က ပိုးမွှားကျရောက်မှုကို ထိန်းနိုင်ခဲ့ပေမယ့် စာကလေးတွေ မရှိသလောက်နည်းသွားတဲ့အခါ ချိန်ခွင်လျှာတစ်ဖက်စောင်းပြီး ပိုးကျတာကို မထိန်းနိုင်တော့ဘဲ လယ်ယာတွေမှာ ကောက်ပဲသီးနှံတွေပျက်ဆီးပြီး အစာရေစာ ရှားပါးမှု ဖြစ်လာပါတယ်။ ဒါ့ကြောင့် တရုတ်ပြည်ဟာ အငတ်ဘေး ဆိုက်ခဲ့ရပါတယ်။

အနုပဋိလောမအမြင်

ကွန်မြူနစ်ရပ်တည်မှုဟာ အနုပဋိလောမရုပ်ဝါဒအဘိဓမ္မာအပေါ်မှာ အခြေပြုတာ ဖြစ်ပါတာ်။ အနုပဋိလောမမှာ “အရာအားလုံးဟာ တစ်သီးတစ်ခြား ဖြစ်တည်နေတာမဟုတ်ဘဲ ဆက်စပ်ဖြစ်ပေါ်နေတယ်။” လို့ လို့ဆိုပါတယ်။ အနုပဋိလောမမှာ ဒီလိုဆိုပေမယ့် မော်စီတုန်းဟာ စာကလေးတွေကို တစ်သီးတစ်ခြားရှုမြင်လိုက်တဲ့အတွက် သူနဲ့ ဆက်စပ်ရာတွေ ပျက်ဆီးမှု စတင်လာခဲ့တယ်။ ပထမဆုံးဆက်စပ်မှုဖြစ်တဲ့ စာကလေးနဲ့ ပိုးမွှား၊ ဒုတိယ ပိုးမွှားနဲ့ ကောက်ပဲသီးနှံ၊ ကောက်ပဲသီးနှံနဲ့လူ စတာတွေမှာ အကျိုးသက်ရောက်မှု ပေါ်လာတာပဲ ဖြစ်ပါတယ်။ စာကလေးသုတ်သင်ရေးဟာ အနုပဋိလောမနည်းကနေ ဘေးထွက်ပြီး တက္ကဗေဒဆန်ဆန် တွေးခေါ်စတင်ခဲ့တဲ့ စီမံကိန်းလို့ ဆိုနိုင်ပါတယ်။

ရုပ်ဝါဒအမြင်

ရုပ်ဝါဒဟာ ကွန်မြူနစ်တွေရဲ့ အဘိဓမ္မာ ဖြစ်ပါတယ်။ အရာရာကို ကောက်ချက်ချ သုံးသပ်တဲ့အခါ ပကတိဆန်ဆန် ရုပ်ကျကျ တွေးခေါ်ရှုမြင်ရေးဟာ ပဓာန လိုအပ်ချက်ပါပဲ။ စိတ်ကူးယဉ်မှု (Idealism) ကို ပယ်သတ်ရမယ်။ စိတ်ကူးယဉ်မှုနဲ့ ကောက်ချက်ချရင် ပကတိအနေအထားနဲ့ တစ်လွဲဖြစ်နေတတ်တယ်။ စာကလေးစီမံကိန်းမှာ အစာကွင်းဆက် ဂေဟဗေဒစနစ်ကို မျက်ကွယ်ပြုပြီး စာကလေးတွေ မရှိတော့ရင် ကောက်ပဲသီးနှံအလေအလွင့်နည်းမယ်ဆိုတဲ့ စိတ်ကူးယ်ဆန်ဆန်ကေယက်ချက်ချပြီး လုပ်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

တန်ပြန်စီမံကိန်း

စာကလေးစီမံကိန်းကြောင့် စာကလေးတွေ မျိုးတုန်းလုမတတ် (ခြင်၊ ယင်၊ ကြွက်တို့ထက် ပစ်ရခတ်ရလွယ်လို့ ဖြစ်ပါလိမ့်မယ်။) ဖြစ်လာတဲ့အခါ ကောက်ပဲသီးနှံတွေ ပျက်ဆီးပြီး အငတ်ဘေးဆိုက်လာခဲ့တယ်။ သကုဏဗေဒ (ငှက်အကြောင်းလေ့လာတဲ့ သတ္တဗေဒအခွဲတစ်ခု) ပညာရှင် ချမ်းဟာ စာကလေးတွေဟာ ကောက်ပဲသီးနှံတွေအပြင် ပိုးမွှားတွေကိုလည်း စားတဲ့အကြောင်း ဂေဟဗေဒစနစ်ကို ၁၉၆၀ ခုနှစ်၊ ဧပြီလမှာ တင်ပြခဲ့တဲ့အတွက် မော်စီတုန်းက စာကလေးစီမံကိန်းကို ရပ်ဆိုင်းလိုက်ပါတယ်။

ဒါပေမယ့် စာကလေးရှားပါးမှု ဆက်ဖြစ်နေတဲ့အတွက် သီးနှံဖျက်ကျိုင်းကောင်အရေအတွက်ဟာ လျော့ကျမသွားခဲ့ပါဘူး။ ဒါ့ကြောင့် စာကလေးစီမံကိန်းရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ စိုက်ပျိုး‌မြေတွေမှာ ပိုးသတ်ဆေးတွေ အဆမတန် သုံးတဲ့ပြဿနာတွေ ပေါ်လာပါလေရော။ ငတ်မွတ်ခေါင်းပါးမှုက ဆက်ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် တရုတ်အစိုးရက ဆိုဗီယက်ကနေ စာကလေးအကောင်ရေ နှစ်သိန်းခွဲမှာယူပြီး ဂဟေစနစ်ကို ပြန်ထိန်းခဲ့ရပါတယ်။

ကျွန်တော်တို့ဟာ အမှားတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီအမှားတွေပေါ်မှာ အခြေပြုပြီးတော့ နောက်မမှားရအောင် ထိန်းကျောင်းဖို့ လိုပါတယ်။ ဒါတွေဟာ သင်ခန်းစာတွေပါပဲ။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။