လက်ရှိကာလဟာ စစ်အစိုးရရဲ့ လက်အောက်ကနေ လွတ်မြောက်ရေး အတွက် တော်လှန်ရေးဆင်နွှဲနေတဲ့ ကာလပဲ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ လ အာဏာသိမ်းပြီးတဲ့နောက် မင်းအောင်လှိုင်ဦးစီးတဲ့ အာဏာသိမ်းဖက်ဆစ်စစ်ဝါဒီ လူတစ်စုဟာ အာဏာသိမ်းအစိုးရတစ်ရပ်ကို တည်ထောင်ပါတယ်။ ဒီ့အတွက် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေဟာ လွတ်မြောက်ဒေသ မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ကို ဖွဲ့စည်းတယ်။ CRPH ဟာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို အာဏာသိမ်းအစိုးရနဲ့ ယှဉ်ပြိုင်ဖွဲ့စည်းခဲ့တယ်။

ပြည်သူလူထုတစ်ရပ်လုံးက NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုပြီး တော်လှန်ရေးရဲ့ တပ်ဦးအဖြစ် တင်မြှောက်လိုက်တယ်။ ဒါ့ကြောင့် NUG ဟာ တော်လှန်ရေးရဲ့ တပ်ဦးပဲ။ ဒါကို လက်ခံရမယ်။ ဘာလို့လဲဆိုရင် ပြည်သူက အသိ အမှတ် ပြုထားလို့ပါပဲ။ တော်လှန်ရေးတပ်ဦးဖြစ်သွားတဲ့အတွက် NUG ဟာ တော်လှန်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်။ NUG ရဲ့ လုပ်ရပ် တိုင်းဟာ တော်လှန်ရေးအပေါ် အများကြီး သက်ရောက်ပါတယ်။

စစ်အေးကာလအတွင်း အာဏာသိမ်းမှုအများစုဟာ ဆိုဗီယက်နဲ့ အမေရိ ကန်ရဲ့ ကျောထောက်နောက်ခံနဲ့ သိမ်းခဲ့ကြတာ များပါတယ်။ စစ်အေးကာလရဲ့ နောက်ဆွဲဆွဲကာလ ၁၉၆၂ မှာ ဒုတိယအကြိမ် စစ်အာဏာသိမ်းမှု ဖြစ်တယ်။ အဲ့ဒီခေတ်ကာလက ကမ္ဘာ့အမြင်ဟာ မြေပြင်အစိုးရ (Legal Government) နဲ့ ဆက်ဆံရေးဖြစ်တယ်။ ၁၉၆၅ ခုနှစ်လောက်အထိ တရုတ်အစိုးရနဲ့ ဗိုလ်နေဝင်း အစိုးရတို့ ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်ခဲ့ကြတယ်။ စစ်အေးကာလ ဖြစ်တာနဲ့ အညီ မြန်မာအာဏာသိမ်းအစိုးရဟာ လက်ဝဲနိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ဆက်ဆံတာကို အနောက်လစ်ဘရယ်နိုင်ငံတွေက သဘောမကျဘူး။ ဒါ့ကြောင့် မြန်မာနိုင်ငံကို အဘက်ဘက်ကနေ ဝိုင်းဝန်းပိတ်ဆို့ကြတယ်။ အဲ့ဒီအတွက် ဗိုလ်နေဝင်းအစိုးရဟာ အမေရိကန်နဲ့ ပြေးပေါင်းပါတော့တယ်။ ဒါ့ကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးဟာ ၁၉၆၅ ခုနှစ်ဝန်းကျင်မှာ ဇာတ်ခေါင်းကွဲတော့တာ ပါပဲ။ ဒီကိစ္စကို တရုတ်က မလိုလားဘူး။ ဒါ့ကြောင့် မြန်မာအစိုးရကို ဆန့်ကျင်တဲ့ အင်အားစုဖြစ်တဲ့ ဗကပကို ကူညီဖို့ ချက်ချင်း လက်ခံလိုက်တယ်။ ဒီလိုနဲ့ ပြည်သူ့တပ်မတော်ဆိုတာ ပေါ်လာခဲ့ တာပါ။ အဲ့ဒီခေတ်အခါက Legal ခေတ်ဖြစ်လို့ မြန်မာအာဏာသိမ်း အစိုးရရဲ့ ကိုယ်စားလှယ်ထိုင်ခုံက ကုလသမဂ္ဂမှာ ရှိနေခဲ့တာပါ။

စစ်အေးကာလရဲ့ နောက်ဆုံးကာလဖြစ်တဲ့ ၁၉၈၀ ခုနှစ်တစ်ဝိုက်မှာ ကမ္ဘာ့ ရေစီးကြောင်းဟာ တရားဝင်အစိုးရ (Legitimacy Government) နဲ့ ဆက်ဆံရေး ဘက်ကို ရောက်လာခဲ့ပါတယ်။ ၁၉၈၈ မှာ ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပြီး နအဖ အစိုးရက အာဏာထပ်ဆင့် သိမ်းပြန်တယ်။ ၁၉၉၀ မှာ ရွေးကောက်ပွဲ ပေါ်လာ တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ပါတယ်။ ဒါပေမယ့် နအဖက အာဏာလွှဲပေးဖို့ ငြင်းဆန်တယ်။ ဒါ့ကြောင့် ၁၉၉၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေဟာ KNU ထိန်းချုပ်ဒေသ၊ မာနယ်ပလော မှာ NGCUB ယှဉ်ပြိုင်အစိုးရဖွဲ့တယ်။ အဲ့ဒီအချိန်မှာ Legitimacy ရေစီးဖြစ်တဲ့ အတွက် NGCUB က ကမ္ဘာ့သံတမန်ရေးမှာ အောင်မြင်ခဲ့တယ်။ နအဖဟာ လစ်ဘရယ်အုပ်စုနဲ့ အဆင်မပြေတဲ့အတွက် ရုရှားတဲ့ တရုတ်ကို ကပ်ပါတော့တယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံရေးရေစီးဟာ Legitimacy ပဲ ဖြစ်နေသေးတယ်။ ဒါ့ကြောင့် အာဏာသိမ်းစစ်အစိုးရက လစ်ဘရယ်အုပ်စုဆီမှာ မျက်နှာမရဘူး။ ဒါ့ကြောင့် ထုံးစံ အတိုင်း တရုတ်နဲ့ ရုရှားကို အပီအပြင် ကပ်ပါတယ်။ NUG အစိုးရဟာ Legitimacy ရေစီးနဲ့ နိုင်ငံတကာသံတမန်ရေးရာမှာ အအောင်မြင်ကြီး အောင်မြင်ပြီးတော့ ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်နေနိုင်ပါတယ်။ တစ်ဖက်မှာလည်း ပြည်သူ့ထောက်ခံ မှု အလုံးအရင်းရရှိထားတာဖြစ်လို့ အစိုးရစရိတ်လည်း မရှားလှပါဘူး။

လက်ရှိကာလမှာဆိုရင် အာဏာသိမ်းကာလဟာ (၁၀) လခန့် ကြာမြင့်လာခဲ့ ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးကာလဟာဆိုရင် ယေဘုယျအားဖြင့် (၉) လ မျှ ရှိခဲ့ပါပြီ။ တရုတ်သေနင်္ဂဗျူဟာပညာရှင် ဆွန်ဇုက စစ်ရဲ့အဓိကအချက်ဟာ အလျင်အမြန် အောင်နိုင်ရေးပဲလို့ ဆိုပါတယ်။ ဒါပေမယ့် လက်နက်ကိုင်သားကျနေ တဲ့ အဖွဲ့အစည်းတစ်ရပ်နဲ့ ယှဉ်ပြိုင်တိုက်ရမှာ ဖြစ်တဲ့အတွက် ပြင်ဆင်လေ့ကျင်တဲ့ ကာလ ဘာညာသာရကာနဲ့ ရေရှည်စစ်ကို ဦးတည်ရမှာ ဖြစ်ပါတယ်။ ဒီသဘောကို NUG ဟာ ကောင်းကောင်း နားလည်ထားဖို့ လိုပါတယ်။

NUG အစိုးရဟာ မြေပြင်အစိုးရ မဟုတ်ဘူး။ တော်လှန်ရေးအစိုးရသာ ဖြစ်ပါ တယ်။ ဒါ့ကြောင့် မြေပြင်အစိုးရလို လုပ်နေလို့ မရပါဘူး။ ဥပမာဆိုရင် ကျန်းမာရေး လို အစီအစဉ်မျိုးတွေပေါ့။ ဆိုကြပါစို့ စစ်ကောင်စီက ကာကွယ်ဆေးထိုးနေလို့ စစ်ကောင်စီနဲ့အပြိုင် ကာကွယ်ဆေးထိုးလို့ မရဘူး။ ဒီလိုသွားထိုးမယ်ဆိုရင်လည်း ပြဿနာအကြီးကြီး တက်သွားလိမ့်မယ်။

တော်လှန်ရေးရဲ့ အဓိကအချက်ဟာ အပြီးသတ်ချေမှုန်းရေးနဲ့ အာဏာသိမ်း ရေးပဲ ဖြစ်ပါတယ်။ ဒီအချက်ကိုပဲ ဦးတည်ပြီး သွားနေရမှာ ဖြစ်တယ်။ တော်လှန် ရေးဟာ ရေရှည်စစ်ဖြစ်တဲ့အတွက် လူထုယုံကြည်မှုကို ဆွဲတင်နိုင်ရမှာ ဖြစ်ပါတယ်။ ဒီယုံကြည်မှုဟာ တော်လှန်ရေးအပေါ် ယုံကြည်မှုဖြစ်တယ်။ ရေရှည်စစ်လို့ ဆိုပေ မယ့် အချိန်အကန့်အသတ်မဲ့စစ်မျိုး မဟုတ်ဘူး။ လူထုက ပေးထားတဲ့ အချိန်အကန့် အသတ်တစ်ခု ရှိတယ်။ ဒီကာလကို ဆွဲဆန့်ထားနိုင်ဖို့ လိုတယ်။ လက်နက်ကိုင် တော်လှန်ရေးရဲ့ အဓိကအင်အားစုဖြစ်တဲ့ PDF တွေ အနေနဲ့ အခြေကုတ်ဒေသတစ်ခု ရယူထားဖို့ လိုတယ်။ လက်ရှိက တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ ခိုအောင်းရတဲ့ သဘောမှာ ရှိပါတယ်။ ဒီလိုရယူဖို့နဲ့ ရယူပြီး အခြေကုတ်ဒေသကနေ နယ်မြေချဲ့ထွင်သိမ်းပိုက်ဖို့ ဆိုတာဟာ စစ်အင်အား လိုအပ်ပါတယ်။ ဒါကို ဖြည့်ဆည်းဖို့ဟာ NUG ရဲ့ ပဓာန တာဝန်ပဲဖြစ်တယ်။ ဒီလို တော်လှန်ရေးရဲ့ အဓိက လမ်းစဉ်ကို အမြဲဦးတည်နေမှသာ တော်လှန်ရေးအစိုးရ ဖြစ်လိမ့်မယ်။

လက်ရှိကာလမှာတော့ PDF တွေဟာ NUG ရဲ့ ထောက်ပံ့မှုကို အလုံ အလောက် မရရှိကြပါဘူး။ အချို့တပ်ဖွဲ့တွေဆိုရင် လက်နက်ကို မဆိုထားနဲ့ စားသောက်ဖို့ကိုပါ ခက်ခဲနေပါတယ်။ NUG ဟာ အသုံးစရိတ် အလုံအလောက် ရှိပေမယ့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့မယ့်အစား အခြား မယောင်ရာဆီလူးပြီး မြေပြင်အစိုးရရဲ့ အလုပ်တွေ ပတ်လုပ်နေပါတော့တယ်။ ဒါဟာ တော်လှန်ရေးကို အများကြီး နှောင့်နှေးစေတယ်။

တော်လှန်ရေးဟာ အကန့်အသတ် ရှိပါတယ်။ စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်က ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေး မယ်လို့ ကြေညာထားတာကို သတိချပ်သင့်တယ်။ ဒါဟာ စစ်အုပ်စုက သုံးနေကျ ဝှက်ဖဲလေးတစ်ချပ်ပဲ။ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၂ တစ်လျှောက်လုံးမှာ စစ်အစိုးရတွေဟာ ဒီကစားကွက်နဲ့ပဲ သူ့ရဲ့ရန်ဘက်တွေကို သူ့လမ်းကြောင်းပေါ် ဆွဲခေါ်ခဲ့တာပဲ။ စစ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲ အတွက် ခြေလှမ်းပြင်ဆင်မှု ဆက်တိုက်လုပ်နေတာကို မြင်နိုင်ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲပြီးသွားရင် ကမ္ဘာ့နိုင်ငံတွေက စောင့်ကြည့်အနေအထားကို ပြောင်းလဲ သွားမယ်။ ၂၀၁၀ လို အချိုးအကွေ့မျိုး ဖန်တီးလိုက်ရင် ဒီမိုကရေစီအကူးအပြောင်း ဆိုပြီး အားလုံးက လက်ခံလိုက်မှာပဲ။ NLD ဟာလည်း ပြန်ပေါ်လာလိမ့်မယ်။ သမိုင်း တစ်ပတ် ပြန်လည်ပါပြီ။ တိုင်းပြည်ဟာ ၂၀၀၈၊ စစ်ကျွန်ခြေဥအောက် တစ်ခါပြန် ရောက်ပါပြီ။ ဒါကို NUG က သိမြင်ထားရမှာ ဖြစ်တယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲ ကာလလို့ စစ်အစိုးရက မကြေညာခင်ကာလမှာ တော်လှန်ရေးဟာ တပ်ဦးထောင် နေဖို့ လိုပါတယ်။ ပြီးတဲ့အခါ စစ်ရေးအရရော၊ နိုင်ငံရေးအရရော စစ်အစိုးရကို ဖိအား ပေးထားနိုင်ဖို့ လိုပါတယ်။

တော်လှန်ရေးမှာ ပြည်သူရဲ့ ယုံကြည်ချက်နဲ့ မျှော်လင့်ချက် အားကောင်းဖို့ ဟာ အထူးအရေးကြီးပါတယ်။ လက်ရှိကာလမှာ ဆိုရင် နိုင်မှနိုင်ပါတော့မလား ဆိုတာကို မကြာခဏ ကြားနေရတာ အားလုံးအသိပါ။ ဒီလို ပြည်သူရဲ့ အားလျော့ လာမှုကနေ ပုံမှန်အတိုင်း နေထိုင်သွားတာတွေ ပေါ်လာတာပါ၊ ပြည်သူရဲ့ ယုံကြည် ချက်နဲ့ မျှော်လင့်ချက်ဆိုတာဟာ ဘယ်ကနေ လာတာလဲ။ တော်လှန်ရေးတပ်ဦး ထောင်၏၊ မထောင်၏ ကနေ လာတာပါ။ လက်ရှိအနေအထားအရ ကာကွယ်ရေး ဝန်ကြီးဌာနဟာ အခြေကုတ်ဒေသ မရသေးဘူး။ အခြေကုတ်ဒေသကနေ နယ်မြေ ချဲ့ထွင်ပြီး အာဏာသိမ်းဖို့ မဆိုထားနဲ့ ကာကွယ်ရေးအဖွဲ့တွေကိုတောင် အခြေခံ လက်နက်ရိက္ခာ မဖြည့်ဆည်းနိုင်သေးဘူး။ စစ်တိုင်းဌာနတစ်ခုက NUG နဲ့ ပနံရတဲ့ PDF အချို့တော့ လက်နက်ရတယ်လို့ ကြားမိတယ်။ ဒါဟာ အစိုးရတစ်ရပ်အနေနဲ့ လုပ်သင့်တဲ့ကိစ္စ မဟုတ်ဘူး။ မိမိတို့ အဖွဲ့အစည်းကို ထောက်ခံတဲ့သူတွေအတွက်ပဲ ရပ်တည်တဲ့ အစိုးရဟာ အညံ့စားအစိုးရတစ်ရပ်ပဲ ဖြစ်ပါတယ်။

NUG အနေနဲ့ တော်လှန်ရေးစိတ်ဓာတ်ရှိဖို့ အထူးလိုအပ်ပါတယ်။ NUG ဟာ ၂၀၀၈၊ ခြေဥကို ဆန့်ကျင်တယ်လို့ ကြေညာထားပေမယ့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး အာဏာပြန်လွှဲပေးဖိုးကို နှုတ်ဖျားကနေမချတာ တွေ့ရတယ်။ ဒါဟာ စစ်ဖိနပ်အောက်က အာဏာကို ပြန်လွမ်းနေတာသာ ဖြစ်တယ်။ စစ်အစိုးရက အာဏာပြန်လွှဲပေးတယ်ဆိုရင်တောင် စစ်ကျွန်ခြေဥအောက်က အာဏာပဲ ရလိမ့် မယ် ဆိုတာကို အထူးသတိချပ်ရမှာ ဖြစ်ပါတယ်။ NUG အနေနဲ့ လက်ရှိ တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဆိုတာကို နှလုံး သွင်းထားဖို့ လိုပါတယ်။ ဒီလိုမှမဟုတ် အာဏာပြန်ရဖို့က အဓိက၊ ငါတို့အစိုးရ ဖြစ်ဖို့က အဓိကဆိုပြီး ၂၀၀၈၊ ခြေဥအောက်က အာဏာကို ပြန်လွမ်းနေမယ်ဆိုရင် တော့ ဒါဟာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ခြေထောက်နဲ့ ဖြတ်ကန်ပြီးတော့ တော်လှန်ရေးရဲဘော်တွေရဲ့ ငယ်ထိပ်ကို အိုးမည်းတက်သုတ်တာပါပဲ။

NUG အစိုးရအနေနဲ့ အထိန်းသိမ်းခံထားရတဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေ အပါအဝင်၊ အထိန်းသိမ်းခံထားရတဲ့ NUG အစိုးရအဖွဲ့ဝင်တွေကို ၂၀၀၈၊ ခြေဥ အောက်က တရားရုံးတွေကို သပိတ်မှောက်ဖို့ တိုက်တွန်းသင့်ပါတယ်။ NUG က ၂၀၀၈၊ ခြေဥကို လက်မခံဘူး၊ ဖျက်သိမ်းတယ်လို့ ကြေညာထားပြီး NUG အစိုးရ အဖွဲ့ဝင်တွေက စစ်ကျွန်ခြေဥအောက်က တရားရုံးကို အသိအမှတ်ပြုနေတာကိုက ပေါက်ကရဖြစ်နေတာပါ။

ကျွန်တော်တို့အတွက် လက်ရှိတော်လှန်ရေးဟာ အလွန်ကို အရေးပါလှပါ တယ်။ တော်လှန်ရေးရဲ့ အောင်နိုင်မှု၊ မအောင်နိုင်မှုက ကျွန်တော်တို့ ပြည်သူ တစ်ရပ်လုံးအပေါ် အများကြီး သက်ရောက်ပါတယ်။ တော်လှန်ရေးအောင်ဖို့ဆိုတာ ကလည်း အောင်နိုင်မည့် အခြေအနေတွေကို ကြိုတင်ဖန်တီးထားမှ ဖြစ်ပါလိမ့်မယ်။ ဒီလို ဖန်တီးကြတဲ့နေရာမှာ တော်လှန်ရေးတပ်ဦး ကောင်းကောင်းမွန်မွန် ရှိနေရေး ဟာ အရေးပါလှပါတယ်။ NUG ဟာ တော်လှန်ရေးတပ်ဦးဖြစ်နေတဲ့အတွက် တပ်ဦး ပီသဖို့ လိုပါတယ်။ တော်လှန်ရေး အစိုးရစစ်စစ်ကို အလိုရှိပါကြောင်း။

 

PDF အဖြစ် Download ရယူရန်

 

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။