မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဗဟင်းရွာမှာ ဒီဇင်ဘာလ (၂) ရက်နေ့ ညနေ (၅) အချိန်ဝန်းကျင်မှာ မြိုင် PDF နဲ့ စကစတပ်ကြားမှာ တိုက်ပွဲဖြစ်ခဲ့တယ်။ ဗဟင်းနယ်မြေရဲစခန်းကို မြိုင် PDF က ဝင်စီးတာပေါ့။ ဗဟင်းရွာဆိုတာ ကျွန်တော့်ရွာပါ။ ဒီတော့ ကျွန်တော့်ရွာရဲ့ စစ်ရေးအ‌နေအထားကို စိတ်ဝင်စားမိတယ်။ သေနင်္ဂဗျူဟာအမြင်အရ ဘယ်လိုမျိုးဖြစ်နေမလဲပေါ့။

ပထမဆုံးအနေနဲ့ ဗဟင်းရွာရဲ့ ပထဝီအနေအထားကို ဆိုချင်ပါတယ်။ ဗဟင်းရွာက မြိုင်မြို့နဲ့ (၁၆) မိုင်အကွာမှာတည်ရှိပြီးတော့ အုပ်စုရွာကြီးဖြစ်ပါတယ်။ အနီးမှာ ရေနံမှော်တွေရှိတဲ့အတွက် စီးပွားရေးကောင်းပြီး ဖွံ့ဖြိုးတဲ့အနေအထားမှာ ရှိတယ်။ ဆေးရုံ၊ ဘဏ်စတာတွေ ရှိနေတဲ့အတွက် ပတ်ဝန်းကျင်မှာတော့ တော်တော်လေး တိုးတက်တဲ့အနေအထားပေါ့။ မြိုင်-ဗဟင်း- ခင်အေးလမ်းမကြီးက ရွာအရှေ့နဲ့အနောက်ကို တိုးလျှိုပေါက် ထိုးဖောက်နေတယ်။

ဆွန်ဇုဟာ The Art of War မှာ ဒီလိုဆိုမိန့်ပါတယ်။

“စစ်ပြုတဲ့အခါမှာ လျင်မြန်ခြင်းက အဓိကပဲ။ ရန်သူအဆင်သင့်မဖြစ်ခင်တိုက်ရမယ်။ ရန်သူမထင်ထားတဲ့လမ်းကြောင်းကနေတိုက်ရမယ်။ ရန်သူတို့ သေချာကာကွယ်မထားတဲ့နေရာကနေ တိုက်ရမယ်။”

ဒီဇင်ဘာလ (၂) ရက်နေ့က စစ်ဗျူဟာက ဒီသဘောတရားပါပဲ။ ဗဟင်းရွာရဲ့အခြေအနေက အတန်အသင့် ငြိမ်တဲ့အနေအထားမှာ ရှိနေတယ်။ အနီပတ်ဝန်းကျင် ခပ်လှမ်းလှမ်းဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေပေမယ့် ဗဟင်းမှာက ငြိမ်နေတယ်။ ဒါပေမယ့် ပုလဲ၊ ပေါက်နဲ့၊ မြိုင် မြို့နယ်သုံးခုအဆုံက ရဲစခန်းဖြစ်လို့ ရဲအင်အားအတော်ရှိတယ်။ စကစကလည်း စခအင်အားချထားတယ်။ ကျောင်းထဲမှာ တပ်စွဲထားတယ်လို့ သိရတယ်။ (ပုံ-၂ မှာ (၁)၊ (၂) လို့ ရေးထားတဲ့ အဆောင်နှစ်ဆောင်ဟာ စခတွေ တပ်ချထားတယ်လို့ ယူဆထားရတဲ့ အဆောင်တွေပါ။)

မြေပုံကြမ်း (ပုံ-၁) မှာ ကြည့်ရင် စခန်းက လမ်းနှစ်လမ်းကြားမှ ရှိနေတာကို တွေ့ရမှာပါ။ အထက်တန်းကျောင်းရဲ့ရှေ့က လမ်းမှာတော့ ရဲစခန်းရဲ့ အရှေ့အနောက်ကို ဝါးလုံးတားပြီး ပိတ်ထားတယ်။ ဘယ်သူမှ မဖြတ်ရဘူးပေါ့။ မြိုင်-ဗဟင်း-ခင်အေးလမ်းမှာတော့ နေ့ဘက်ကို မနက် (၄) နာရီကနေ ညနေ (၆) နာရီအထိ ဖွင့်ပေးတယ်။ ဒါပေမယ့် စခန်းရဲ့ ရှေ့နောက်မှာ ဂိတ်နှစ်ဂိတ်ချထားတယ်။ တစ်ခါတစ်လေ စစ်တယ်ပေါ့။ ဒါပေမယ့် နယ်မြေအခြေအနေက အေးချမ်းတယ်ဆိုတော့ မစစ်တာက များပါတယ်။

နယ်မြေအခြေအနေ အေးချမ်းတယ်ဆိုပေမယ့် PDF စခန်းချထားရာနေရာတွေနဲ့က သိပ်မဝေးလှဘူး။ ဒါဆို ဘာလို့အေးချမ်းနေရတာလဲ။ အဓိကကတော့ ပထဝီအနေအထားအရပါ။ ရဲစခန်းရဲ့ ပထဝီအနေအထားအရက ဝင်စီးဖို့မလွယ်ဘူး။ လမ်းမကြီးဘက်ကကြည့်ရင် အနောက်ဘက်မှာ ဘုရားနှစ်ဆူက အကာအကွယ်လို ဖြစ်နေတယ်။ ပြီးတော့ ရေကန်ရှိတယ်။ ရေကန်ရဲ့ကန်ဘောင်က လူတစ်ရပ်သာသာမြင့်တယ်။ ပြီးတော့ ကျေးလက်ကျန်းမာရေးဌာနရှိနေတယ်။ အဲ့တော့ ဒီဘက်ကနေပစ်ရင် မလွယ်ဘူး။ တစ်ဖက်မှာကတော့ ရဲလိုင်းခန်းတွေရှိတယ်။ အဲ့ဒီဘက်မှာက သံစကာတွေပဲ ကာထားတယ်။ ပစ်လို့ရတယ်။ အဲ့ဒီကိုဘက်ပစ်မယ်ဆိုရင်လည်း ကျန်တဲ့ဘက်မှာရှိတဲ့ ရဲစခန်းကနေ ပြန်ပစ်နိုင်တယ်။ သေကွင်းလို နေရာဖြစ်နေတယ်ပေါ့။

စာသင်ကျောင်းလမ်းကနေ ဝင်ပြီးပစ်မယ်ဆိုရင်လည်း စာသင်ကျောင်းရဲ့ မျက်နှာစာက အုတ်တံတိုင်းတွေ ကာထားတယ်။ ရဲစခန်းကလည်း အဲ့လိုပဲ။ စာသင်ကျောင်းရဲ့ မျက်နှာစာမဟုတ်တဲ့ ကျန်တဲ့ဘက်‌တွေမှာ သာမာန်သံစကာတွေ ကာထားပေမယ့် စခတွေတပ်ချထားတဲ့နေရာကို စာသင်ဆောင်တွေက ကွယ်နေတယ်။ သူတို့နေရာက Safe Zone နီးပါး ဖြစ်နေတယ်။ အဲ့တော့ ပထဝီအနေအထားအရ ဝင်စီးဖို့က မလွယ်လှဘူး။

ဒီတော့ကာ ဆွန်ဇုရဲ့နည်းကို သုံးရမယ်။ လျင်လျင်မြန်မြန်နဲ့ မထင်ထားတဲ့အချိန်မှာ အကာအကွယ်နည်းနေတဲ့အချိန်မှာ ဝင်တိုက်ရမယ်။ ဘယ်အချိန်ရှိသလဲ။ နယ်မြေဒေသက အေးချမ်းတဲ့အတွက် စခတွေဟာ စည်းကမ်းလျော့ရဲတယ်။ ကင်းသေချာမစောင့်ဘူး။ သေချာမစစ်ဘူး။ (အခုတော့ လမ်းပါပိတ်ထားပြီး သေချာစောင့်နေပါပြီ။) ဆွန်ဇုက ဒီအချက်တွေဆိုခဲ့တယ်။

၁။ ရန်သူ့ဘက်က စည်းကမ်းဖရိုဖရဲဖြစ်လာအောင် လုပ်ရမယ်။

၂။ ရန်သူ့ဘက်က ဟာကွက်ပေါ်တာနဲ့ ထိုးနှက်ရမယ်။

ဒီကောင်တွေက စည်းကမ်းလျော့ရဲပြီး ညနေဘက်ဆိုရင် ဘောလုံးကန်တတ်တယ်။ ဘောလုံးကန်တဲ့နေရာဟာ သံစကာတွေပဲ ကာထားတဲ့နေရာဖြစ်တယ်။ ဒီအချိန်ဟာ အလစ်အငိုက်ပဲ။ ဟာကွက်ပေါ်တဲ့အချိန်ပဲ။ ရန်သူ့ဘက်က အဆင်သင့်မဖြစ်တဲ့အချိန်ပဲ။ အဲ့ဒီအချိန်မှာပဲ PDF က ဝင်ပစ်ခဲ့တယ်။

ဒီလိုဗျူဟာမျိုးကို ဗကပရဲ့ ပြည်သူ့တပ်မတော်မှာ သုံးဖူးတယ်။ မုန်ကိုးတိုက်ပွဲမှာပါ။ ၁၉၆၈ ခုနှစ်၊ နှစ်ဆန်း (၁) ရက်နေ့ည (၅) နာရီခွဲအချိန်။ စစ်တပ်က နှစ်ဆန်းတစ်ရက်နေ့ပီပီ ပျော်ပါးပြီး သတိလက်လွတ်ဖြစ်နေတယ်။ (၁၂) နာရီအထိ ပျော်ပါးကြတယ်။ ပြီးတဲ့အခါ စစ်တပ်တစ်ခုလုံး သတိလက်လွတ် အိပ်နေကြတယ်။ အဲ့ဒီမှာ ပြည်သူ့တပ်မတော် အမှတ် (၃၀၃) တပ်ဆွယ်ဟာ စစ်ဦးစီးမှူး၊ နိုင်ငံရေးမှူး ဗိုလ်သန်းရွှေရဲ့ ခေါင်းဆောင်မှုနဲ့ ဝင်တိုက်တယ်။

မနက်ငါးနာရီခွဲတာနဲ့ ထိန်းခနဲ့ အချက်ပြမီးကျည်ဖောက်တယ်။ သေနတ်တွေပစ်ပြီး ပြည်သူ့တပ်မတော်သားတွေက စစ်တပ်ကို ဝင်စီးတယ်။ ဗကပတပ်သားဟောင်းတစ်ရာလောက်က အလံနီတွေကိုင်ပြီး တဝေါဝေါပြေးဆင်းပြီး စစ်တပ်ဆီကို တိုးဝင်တယ်။ စစ်တပ်က ကင်းသမားက အူယားဖားယားနဲ့ သေနတ်ဖောက်ပြီး အချက်ပေးတယ်။ ဒါပေမယ့် ဟာကွက်ဖြစ်နေပြီ။ ဖရိုဖရဲအချိန်ဖြစ်နေပြီ။ စစ်တပ်ဘက်က ခုခံဖို့ အဆင်သင့်မဖြစ်ဘူး။ ဒါ့ကြောင့် မန်ကန်းကို ဆုတ်ပြေးရတယ်။ ပြည်သူ့တပ်မတော်ဟာ အောင်ပွဲခံခဲ့တယ်။

အခုတိုက်ပွဲမှာလည်း အဲ့လိုပဲ။ စခက သတိလက်လွတ်နဲ့ ဂိတ်မှာတောင် လူမစောင့်တဲ့အချိန်မှာ PDF တွေဟာ ကားနဲ့ဝင်လာတယ်။ တကယ်လို့ ရဲစခန်းဝန်းနှစ်ခုကြားက ကားလမ်းက‌နေပစ်ရင် အဆုတ်ခက်မယ်။ ပိတ်မိသွားနိုင်တယ်။ ဒါ့ကြောင့် အနောက်ဂိတ်ကနေ အေးအေးဆေးဆေး ကားမောင်းဝင်လာတယ်။ အရှေ့ဂိတ်ကနေထွက်တယ်။ ကားရပ်တယ်။ ပြီးတဲ့အခါ ဂိတ်နားမှာရှိတဲ့ ဆောက်လက်စ တိုက်တစ်တိုက်ရဲ့ အုတ်ပုံနဲ့ သဲတစ်ပုံ၊ ကွမ်းယာဆိုင်တစ်ဆိုင်ကို အကာအကွယ်ယူပြီးတော့ စခတွေ ဘောလုံးကန်တဲ့နေရာကို တရစပ်ပစ်တယ်။ သုံးသွားတဲ့လက်နက်က M16 နဲ့ AK 47။ အဲ့ဒီမှာ စခဘက်က အူယားဖားယား ပြန်ပစ်ရတယ်။ တကယ့်ဖရိုဖရဲပဲ။ PDF တွေက တော်တော်ကြာ ပသ်ပြီးတဲ့အခါမှာ ကားပေါ်တက်ပြီး တပ်ခေါက်သွားတယ်။ အခြားလမ်းကနေပေါ့လေ။

ရွာအထွက်မှာ သေနတ်နှစ်ချက်ဖောက်ပြီး အောင်ပွဲခံတယ်။ သွေးသစ္စာသီချင်း ဆိုသွားတယ်။ အထိအခိုက်မရှိဘူး။ စကစဘက်ကို တစ်ချက်ထောက်ကြည့်တော့ ရဲတစ်ယောက်သေတယ်ကြားတယ်။ ပြီးတဲ့အခါ ဆေးရုံကနေ အောက်ဆီဂျင်ဘူးရယ်၊ ဂွမ်းတို့၊ ပတ်တီးတို့၊ ဆေးတို့ လာတောင်းသွားတယ်ဆိုတော့ ထိမိတဲ့သူတွေရှိမှာ အသေအချာပါပဲ။

စစ်ရေးဟာ လက်ရုံးချင်ယှဉ်ရတယ်ဆိုပေမယ့် ဉာဏ်သာတဲ့ဘက်က နိုင်ဖို့များပါတယ်။ ဒါ့ကြောင့် သေနင်္ဂဗျူဟာဆိုတာ အနုပညာတစ်ရပ်ပါပဲ။

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။